.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, October 30, 2007

Supernatural story - 1

ကျွန်တော့်ဘ၀မှာ စိတ်နယ်လွန်က ဖြစ်ရပ်ဆန်းတွေ အတော်လေးကို ကြုံဖူးပါတယ်။ အဲဒါတွေကို ရေးဖို့ အစီအစဉ်လဲ ရှိပါတယ်။ ဒါပေမယ့် အခု ကိုရန်အောင်က Halloween အထိမ်းအမှတ်အနေနဲ့ နာမ်လောကအကြောင်း ရေးပေးပါဆိုတာနဲ့ ရေးလိုက်ပါအုံးမယ်။ တကယ့် ကိုယ်တွေ့ ဖြစ်ရပ်မှန်တွေပါ။

အင်း ... ၂၀၀၆ မိုးတွင်းမှာပေါ့။ ညနေပိုင်းမှာ မိုးတွေ လေတွေ အရမ်းသည်းနေတယ်။ မိုးသည်းကြားမှာ ကျောင်းဆင်း ခေါင်းလောင်းသံလေး ပျံ့လွင့်လာတယ်။ ခဏကြာတော့ ကျောင်းသားတွေ တစ်ဖက်ကမ်းကို ပြန်ဖို့ လှေဆိပ်ကို ဆင်းလာကြပြီ။ လှေဆိပ်မှာလည်း မော်တော်တပ်ထားတဲ့ လှေတွေ အစီအရီပေါ့။ ကျောင်းက ပြန်လာတဲ့ ခလေးတွေ စီးလာတဲ့ လှေကလေး လှိုင်းကြားမှာ မြစ်ကို အတော်လေး ကြိုးစားပြီး ဖြတ်ကူးနေရတယ်။ မြစ်လယ်ကို ရောက်တော့ ဖြုန်းခနဲဆို မော်တော်တစ်စီးက ခါးလယ်ကနေ ဖြတ်တိုက်မိပါလေရော။ လှေပေါ်က ခလေးတွေလည်း မြစ်ထဲမှာ ပေါလောလေးပေါ့။ မြစ်ဆိပ်က လှေတွေအားလုံး အဲဒီနေရာကို အပြင်းနှင်လာပြီး အဲဒီ လှေမှာ ပါလာတဲ့ ခလေး ၂၀ ထဲက ၁၉ ယောက်ကို ပြန်ဆယ်မိလိုက်တယ်။ ဒါပေမယ့် ၃ တန်းကျောင်းသားလေး တစ်ယောက်ကိုတော့ ပြန်မတွေ့ဘူး။

အဲဒီလိုနဲ့ နောက်တစ်နေ့မှာ ပျောက်နေတဲ့ခလေးကို ရှာဖို့ လူမှုရေးဝါသနာပါတဲ့ ကျွန်တော်တို့တွေ လှေတွေနဲ့ လှိုင်မြစ်ရိုးတလျှောက် ၂ ဖွဲ့ခွဲပြီး ရှာကြတယ်။ အလောင်းရှာတာပေါ့။ ကျွန်တော်တို့က ဗိုလ်တထောင် ဘုရားဘက်ကို ဆင်းရှာကြတယ်။ ကျန်တစ်ဖွဲ့က ကြည့်မြင်တိုင်ဘက်ကို တက်ရှာကြတယ်။ ပထမနေ့မှာ မတွေ့ဘူး။ ဒုတိယနေ့ ဆက်ရှာတယ်။ မတွေ့သေးဘူး။

တတိယနေ့ကြတော့ သန်လျှင်မြစ်ဝဘက်ကို ဆက်ရှာတယ်။ အဲဒီမှာ မြစ်ဝက သဲဖြူကျွန်းမှာ တင်နေတာကို တွေ့လိုက်ရတယ်။ အလောင်းကတော့ ပုပ်နေပြီ။ ကျောင်းဝတ်စုံလေးရယ် ... လည်ပင်းမှာ ဆွဲထားတဲ့ ကျောင်းသားကဒ်လေးကြောင့် လှေမှောက်တုန်းက ပျောက်နေတဲ့ ခလေးမှန်း သိရတာပါ။ ဆိပ်ကမ်းရဲကို အကြောင်းကြားပြီး ခလေး အလောင်းကို အပ်လိုက်တယ်။ ရဲအစီအစဉ်နဲ့ပဲ ခလေးဆွေမျိုးတွေနဲ့ ဆရာတွေကို အလောင်းလာ စစ်ခိုင်းလိုက်တယ်။ ပြီးတော့ ဆေးရုံကြီးက ရေခဲတိုက်ကို ပို့ထားလိုက်တယ်။

နောက်တစ်နေ့မှာ အလောင်းကိုခွဲတော့ အလောင်းပိုင်ရှင်အနေနဲ့ ဘေးကနေ ရပ်ကြည့်ပေးခဲ့ရတယ်။ မိဘတွေ လာကြည့်ရင် မခံစားနိုင်မှာ စိုးလို့ သူတို့အစား နေပေးကြည့်ပေးခဲ့တာပါ။ အစအဆုံး ခွဲစိတ်တာကို အသက်ပြင်းပြင်း မရှုဘဲ ကြည်ခဲ့ရတယ်။ ဓါးနဲ့ တခါ ခွဲလိုက်တိုင်း ထွက်လာခဲ့တဲ့ လောက်တွေ တဖွားဖွားပဲ။ ခွဲပြီးတော့ ကြည့်လိုက်တော့ နားထင်မှာ လှေဦးနဲ့ စောင့်ထားတဲ့ တြိဂံပုံ အပေါက်လေးဖြစ်နေတယ်။

နေ့လည်ကျတော့ အလောင်းကို ပလတ်စတစ်ပါတ်ပြီး အခေါင်းထဲထည့် ... သူရဲ့ အ၀တ်အစားတွေထည့် ... ကျောင်းအုပ်ဆရာကြီးရဲ့ ကျောင်းထုတ်အမိန့်စာကို အခေါင်းထဲထည့်... ပြီးတော့ အခေါင်းပိတ် လိုအပ်တာတွေ အကုန်လုံး ကိုယ်ထိလက်ရောက် ကူညီပေးခဲ့လိုက်တယ်။ သင်းချိုင်းအထိတော့ မလိုက်တော့ဘူး။ မနက်ကတည်းက အလောင်းခွဲတာ ၀ိုင်းလုပ်ပေးနေရတော့ လူလဲ အတော်ပင်ပန်းနေပြီး။ အဲဒါနဲ့ ကားပေါ်ကို အခေါင်းထမ်း တင်ပေးလိုက်တယ်။ မီးသင်္ဂြိုလ်တာကိုတော့ အလောင်းဆယ်လာတဲ့ သူငယ်ချင်း တစ်ယောက်က တာဝန်ယူ လုပ်ပေးသွားတယ်။

အဲဒီလိုနဲ့ ခလေး ရက်လည်တဲ့ နေ့ကို ရောက်လာရော။ မနက်ပိုင်းမှာ ခလေးမိဘတွေက ရက်လည်ဆွမ်းကို လာဖိတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ မအားလို့ မသွားနိုင်ခဲ့ပါဘူး။ ညပိုင်းကျတော့ ပလက်ဖောင်းဘေးက လက်ဖက်ရည်ဆိုင်မှာ မီးသင်္ဂြိုလ်တာကို လုပ်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့အတူ ထိုင်နေကြတာပေါ့။ ထုံးစံအတိုင်း မီးကလည်း ပျက်လို့။ လသာလို့ အလင်း မှုန်ဝါးဝါးလေး မြင်နေရတယ်။ လက်ဖက်ရည်ဆိုင်မှာက ည ၈ နာရီကျော်လောက် ဆိုတော့ ထိုင်တဲ့လူလဲ တဖြည်းဖြည်း နည်းသွားပြီ။ မီးပျက်တော့ လမ်းသွား လမ်းလာတွေလည်း တဖြည်းဖြည်း နည်းသွားပြီ။ ကျွန်တော်တို့ကတော့ ထိုင်လို့ ကောင်းနေတုန်း။ စကားပြောလို့ ကောင်းတုန်း။

ဖျတ်ခနဲဆို ကျောက်စရစ်ခဲတွေ ကျောကို လာစင်တယ်။ ပထမတုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ တစ်ယောက်ယောက် စနေတယ်ပေါ့။ ဒါမှမဟုတ် ကားမောင်းသွားလို့ စင်တယ်ပေါ့။ တစ်ခါလည်း မဟုတ် နောက်တစ်ခါ ထပ်ပြီး ခဲတွေနဲ့ အပစ်ခံရပြန်ရော။ ကားကလည်း ရှင်းလို့။ အနားတ၀ိုက်ကလူတွေလည်း စမယ့် နောက်မယ့် လူတွေလည်း မဟုတ်။ ဟိုကြည့် ဒီကြည့် လုပ်နေတုန်း ကျောက်စရစ်ခဲတွေ ထပ်ရောက် လာပြန်ရော။ စားပွဲပေါ်ထိ ခဲတွေ ရောက်လာတယ်။ အဲဒါနဲ့ ခဲကို ကောက်ကိုင်ကြည့်တော့ ရေတွေရွဲလို့။ ရွံ့တွေပေလို့။ ရေညှိလေးတွေတောင် ပါသေးတယ်။ နမ်းကြည့်တော့လဲ မြစ်ထဲက ရွံ့ပုပ်စော်နံလို့။

မီးသင်္ဂြိုလ်တာကို လုပ်ပေးခဲ့တဲ့ သူငယ်ချင်းလဲ သူ့ကို ခဲစင်လို့ ခဲတွေ လိုက်ကောက်ကြည့်နေတယ်။ ကျွန်တော်လည်း ခဲတွေ လိုက်ကောက်ကြည့်တယ်။ ကျွန်တော်တို့ ခုံနားက ခဲတွေအားလုံး ရေစိုနေတယ်။ ရွံ့ပေနေတယ်။ အခုထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်က ကမ်းနားနဲ့ တကယ့်တကယ်ကို အဝေးကြီးမှာ ... ရပ်ကွက်တစ်ခုစာ ကြားမှာ ခံနေတဲ့ အကွာအဝေးမှာ။ ဘယ်လိုဖြစ်ပြီး ဒီလို မြစ်ထဲက ခဲလုံးလေးတွေ ရောက်လာရတာလဲ။ နောက်မှ သတိထားမိတယ်။ ဒီနေ့ ရက်လည်ပဲ ... ခလေးလေး လာနှုတ်ဆက်တာ နေမှာပါ။ သူ့ ရုပ်အလောင်းကို အလောင်းရှာတာကနေ မီးသင်္ဂြိုလ်တဲ့အထိ အစအဆုံး လုပ်ပေးခဲ့တဲ့ အကိုတွေကို လာနှုတ်ဆက်မှန်း နားလည်လိုက်ပါတယ်။ လောကမှာ ၀ိဥာည်လောက နာမ်လောကဆိုတာ တကယ်ရှိတယ် ဆိုတာကို ပိုမို ယုံကြည်သွားစေခဲ့တဲ့ ဖြစ်ရပ်မှန်လေး တစ်ခုပေါ့ဗျာ။

4 comments:

Unknown said...

ဂျုလိုင်
ဝါသနာကတော့ တားမရဘူးနော်
ဘယ်လိုကူညီရမလဲ
အမြဲစဉ်းစားနေတာလား
မင်း ကတော့တကယ်လူပဲ

Unknown said...

ရောက်ရာအရပ်မှာ.....
ဖြစ်သလိုပုံစံနဲ့.......
ကူညီတတ်သော.....
သူငယ်ချင်းတယောက်....
ရှိလေသည်။.....
ဒါမှ...တကယ့်လူ
မှားသွားလို့ ထပ်ရေးလိုက်တယ်။

နှင်းပွင့်ဖြူ said...

ဖတ်ရင်းနဲ့ ကျက်သိမ်း က တိန်းခနဲ ထသွားတယ်
:D

KhunMoung said...

Happy Halloween. :P