.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, October 9, 2007

The butterfly lovers

ဥရောပတလွှားမှာ ထင်ရှားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ ရိုမီယိုနဲ့ ဂျူးလိယက်လို တရုတ်မှာလည်း လန်စန်းပိုနဲ့ ကျုရင်းထိုင် (လိပ်ပြာချစ်သူ) ဆိုတဲ့ ဒဏ္ဍာရီဇာတ်လမ်းလေး ရှိပါတယ်။ လန်စန်းပို (Liang Shanbo) နဲ့ ကျုရင်းထိုင် (Zhu Yingtai) ကို အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ ရိုမီယိုနဲ့ ဂျူးလိယက် လို့ တင်စားခေါ်ဝေါ် ကြပါတယ်။ တကယ်ဆို လိပ်ပြာချစ်သူ ဒဏ္ဍာရီဇာတ်လမ်းက ရှိတ်စပီးယား ရေးခဲ့တဲ့ ရိုမိယိုနဲ့ ဂျူးလိယက်တို့ထက် အချိန်ပိုစောပါတယ်။



(တရုတ်ပြည်ထုတ် လိပ်ပြာချစ်သူ တံဆိပ်ခေါင်းတွေပါ။)

ကဲ ... ဇာတ်လမ်းလေးကတော့ ...
ဟိုးရှေးရှေးတုန်းက အရှေ့တရုတ်ပြည် ဂျင်မင်းဆက်ခေတ်မှာ ကျုရင်းထိုင် ဆိုတဲ့ မိန်းမချောလေး တစ်ဦးရှိခဲ့ပါတယ်။ သူမက ရှေးရိုးဆန်တဲ့ လူချမ်းသား မိသားစုတစ်ခုက ပေါက်ဖွားလာတဲ့ မိန်းခလေး တစ်ဦးဖြစ်ပြီး စာပေအနုပညာကို စိတ်အားထက်သန်စွာ လေ့လာဆည်းပူးချင်စိတ် အလွန်ကြီးပါတယ်။ စည်းကမ်း အလွန်တင်းကျပ်တဲ့ သူမရဲ့အဖေကြောင့် ကျုရင်းထိုင် တစ်ယောက် တနယ်တကျေးထွက် ကျောင်းတက်ခွင့် မရရှာပါဘူး။

ကျုရင်းထိုင်ကတော့ ကျောင်းတက်ခွင့်ရဖို့ သူ့အဖေကို ဘယ်လို နားဝင်အောင် ပြောဆိုရမလဲ ဆိုတာကို အမြဲစဉ်းစားနေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ယောကျာင်္လေးတစ်ဦးလို ၀တ်စားဆင်ယင်ထားတဲ့ ကျုရင်းထိုင်ကို အဖေအမေတွေတောင် မမှတ်မိလောက်အောင် ဖြစ်သွားပါတယ်။ ဒါနဲ့ပဲ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ပဲ အပျိုဖော် ရင်ရှင်းကို အဖော်အဖြစ် ခေါ်ပြီး ကျူရင်းထိုင်တစ်ယောက် နေထိုင်ရာ ဟန်ကျိုးမြို့ကနေ ကျောင်းတက်ဖို့ ထွက်ခွါလာခဲ့ပါတယ်။

ဟွေကျီးမြို့က လန်စန်းပိုကလည်း စီကျိုးဆိုတဲ့ လူပျိုဖော်နဲ့ အတူ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ လမ်းခရီးမှာပဲ ကျူရင်းထိုင်နဲ့ လန်စန်းပိုတို့ တွေ့ဆုံမိပြီး ခင်မင် ရင်းနှီးသွားကြပါတယ်။ နောက်ဆုံး သွေးသောက် ညီအစ်ကို ဖွဲ့တဲ့အထိ ခင်မင်ရင်းနှီးသွားကြပါတယ်။

ဒီလိုနဲ့ ကျောင်းမှာ ပညာသင်ကြားလာတာ သုံးနှစ်ကျော်သွားခဲ့ပါပြီ။ အချိန်တွေ ကြာလာတာနဲ့အမျှ ကျုရင်းထိုင်ကတော့ လန်စန်းပိုအပေါ်မှာ တဖက်သတ် ချစ်စိတ်တွေဝင်နေပေမယ့် လန်စန်းပိုကတော့ မရိပ်မိခဲ့ပါဘူး။ မိန်းခလေး ဆိုတာတောင် မသိပါဘူးခင်ဗျာ။ (တုံးတာလား အ တာလား မသိဘူး ... အဟီး)

တစ်နေ့မှာတော့ ကျုရင်းထိုင်ရဲ့ အဖေဆီက သမီးကို ပြန်လာဖို့ခေါ်တဲ့ စာတစ်စောင် ရောက်လာပါတယ်။ ရွေးချယ်စရာ မရှိတဲ့အတွက် အိမ်ပြန်ဖို့အတွက် စီစဉ်လိုက်ပါတယ်။ မပြန်ခင်လေးမှာ ကျောင်းတော်က ဆရာကတော်ကို အဖြစ်မှန်တွေ ဖွင့်ပြောပြပြီး သူမနဲ့ လန်စန်းပိုကို အောင်သွယ်တော် လုပ်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ (ရှေးခေတ်က တရုတ်ပြည်မှာ အောင်သွယ်တော်တွေကနေ တဆင့် အောင်သွယ်ပြီးမှ အိမ်ထောင်ပြုကြရတာကိုး။)

လန်စန်းပိုဟာ ကျုရင်းထိုင်ကို မိုင်ပေါင်းများစွာ ခရီးအထိ လိုက်လံပို့ဆောင် နှုတ်ဆက်ပါတယ်။ လမ်းခရီးမှာ ကျုရင်းထိုင်က သူမရဲ့ ဘ၀အမှန်ကို သိရှိစေဖို့ သဲလွန်စတွေပေး ... မာယာတွေ သုံးပေမယ့် လန်စန်းပိုကတော့ သူမ ဆိုလိုဖော်ပြချင်တဲ့ အကြောင်းအရာတွေကို မသိရှိ နားမလည် ဖြစ်နေခဲ့ပါတယ်။ (တကယ်ကို တုံးတဲ့ အ တဲ့ လန်စန်းပိုပဲဗျာ။)

နောက်ဆုံး ခွဲခွါချိန်မှာ ကျုရင်းထိုင်က လန်စန်းပိုကို အိမ်အလည် လာဖို့ ဖိတ်ခေါ်ပါတယ်။ အိမ်ကိုလာရင် သူမရဲ့ အမွှာညီမနဲ့ စေ့စပ်ကြောင်းလမ်း ပေးမယ် ... ဒါကြောင့် ဖြစ်နိုင်ရင် မိန်းမတောင်းဖို့အတွက် ချက်ချင်း ထွက်လာခဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါနဲ့ပဲ လန်စန်းပို ကျောင်းကို ပြန်ရောက်တဲ့အချိန် ... ဆရာကတော်က ပြောပြတော့မှ အဖြစ်မှန်ကို သိလိုက်ရပါတယ်။ ရင်ထဲက အချစ်တွေက အခုမှပဲ မိုးဆန်းပန်းလို လန်းဆန်း ရှင်သန်လာခဲ့ပါတယ်။ ဒါနဲ့ပဲ ချက်ချင်းကို သူ့လူပျိုဖော် စီကျိုးကို ခေါ်ဆောင်ပြီး ကျုရင်းထိုင်တို့ဆီကို ထရောသောပါး ကဆုန်စိုင်း ထွက်လာခဲ့ပါတော့တယ်။


Peter Ho as Liang Shanbo - Dong Jie as Zhu Yingtai

ဒါပေမယ့် အလာကောင်းပေမယ့် အခါနှောင်းသွားပါပြီ။ ကျုရင်းထိုင်ရဲ့ အဖေက သူ့သမီးကို ပြန်ခေါ်တာ ယောကျာင်္းပေးစားဖို့ လှမ်းခေါ်တာပါ။ မာဝန်ချိုင်းဆိုတဲ့ သူဌေးသားနဲ့ လူကြီးချင်း စေ့စပ် သဘောတူ ပြီးနေပါပြီ။ လန်စန်းပိုက တောင်းပန်ပေမယ့် အဖိုးကြီးက သူဌေးသားကို ပိုသဘောကျနေတာနဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ လက်မခံခဲ့ပါဘူး။ ဒါနဲ့ပဲ လန်စန်းပို တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်လာခဲ့ပါတယ်။

အသဲကွဲတဲ့ ဝေဒနာနဲ့ပဲ လန်စန်းပို တစ်ယောက် အပြင်းဖျားပြီး မကြာခင်မှာပဲ သေပွဲဝင်သွားရှာပါတယ်။ မင်္ဂလာဆောင်ရမယ့် နေ့မှာပဲ လန်စန်းပို တစ်ယောက် အသဲကွဲပြီး သေဆုံးသွားတာကို သိလိုက်ရတဲ့ ကျုရင်းထိုင်လည်း သတို့သားရှိရာ မင်္ဂလာအိမ်ကို ဝေါယာဉ်နဲ့ မသွားခင်လေးမှာ လန်စန်းပိုရဲ့ သင်္ချိုင်းအုတ်ဂူကို ဂါရ၀ါပြုဖို့ ထွက်ခွါလာခဲ့ပါတယ်။

အုတ်ဂူရှေ့မှာ မင်္ဂလာဆောင် သတိုးသမီး ၀တ်စုံရှည်ကြီးကို ချွတ်ပြီး အားအင်ရှိသလောက်၊ အူလိုက်သဲလှိုက် ငိုကြွေးပါတော့တယ်။ အဲဒီလို ငိုနေတုန်း အုတ်ဂူကြီးက ရုတ်တရက် ကွဲအက် ပွင့်အာ လာပါတယ်။ ကျုရင်းထိုင်ကလည်း အဲဒီ ဂူအပေါက်ဝထဲ ချက်ချင်းဆိုသလို ခုန်ချလိုက်ပါတယ်။ နောက်တော့ အုတ်ဂူကြီး တဖြည်းဖြည်း ပြန်ပိတ်သွားပါတယ်။ အုတ်ဂူ အပေါက် စိအောင် မပိတ်သေးခင်မှာ အုတ်ဂူထဲကနေ လိပ်ပြာလေးနှစ်ကောင် ၀ဲပျံထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လိပ်ပြာမောင်နှံ သူတို့နှစ်ယောက်ဟာ ပျော်ပျော်ရွှင်ရွှင် မခွဲမခွါရတဲ့ ဘ၀လေးကို ရောက်ရှိသွားခဲ့ပါတော့တယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။ ပြီးပါပြီ ခင်ဗျာ။

No comments: