.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, October 17, 2007

Chinese marriage customs 2

၇။ လက်ဖက်ရည် အခမ်းအနား
ပထမဦးဆုံး သတို့သားအိမ်မှာ လက်ဖက်ရည်ပွဲကို ကျင်းပလေ့ ရှိပါတယ်။ ကြင်စဦးမောင်နှံဟာ သတို့သား မိသားစုထဲက အသက်အရွယ်ကြီးသူ ၀ါကြီးသူများကို လက်ဖက်ရည်နဲ့ ဂါရ၀ပြု ဧည့်ခံရပါတယ်။ လူကြီးတွေက ဧည့်ခံတဲ့ လက်ဖက်ရည်ကို သောက်ပြီး မောင်နှံနှစ်ဖော်ကို မိသားစုဝင် အဖြစ် အသိအမှတ် ပြုပေးကြပါတယ်။ အဲဒီပွဲပြီးရင် နောက်တစ်ခါ သတို့သမီးအိမ်မှာ လက်ဖက်ရည်ပွဲကို ပြုလုပ်ရပြန်ပါတယ်။ ကြင်စဦးမောင်နှံဟာ သတို့သမီး မိသားစုထဲက အသက်အရွယ်ကြီးသူ ၀ါကြီးသူများကို လက်ဖက်ရည်နဲ့ ဂါရ၀ပြု ဧည့်ခံရပြန်ပါတယ်။ အဲဒီပွဲမှာ သတို့သားက သတို့သမီးရဲ့ ဖခင်ဖြစ်သူ ယောက္ခမကြီးကို ၀က်ကောင်လုံးကင်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေနဲ့ ဂါရ၀ပြုရပါတယ်။ ယောက္ခမကြီးက လက်ဆောင် တစ်ဝက်ပဲ ယူထားပြီး ကျန်တဲ့တစ်ဝက်ကို ကြင်စဦးမောင်နှံကို ပြန်ပေးလေ့ ရှိပါတယ်။ အဲဒီ လက်ဆောင် တစ်ဝက်ကို ယူပြီး သတို့သားအိမ်ကို ပြန်ကြရပါတယ်။

၈။ မင်္ဂလာ ဧည့်ခံပွဲ
ထုံးစံအရ သတို့သားမိဘတွေက မင်္ဂလာဧည့်ခံပွဲကို အကုန်အကျခံ ကျင်းပပေးကြပါတယ်။ မင်္ဂလာဧည်ခံ စားသောက်ပွဲကြီးမှာ နှစ်ဘက်မိဘတွေရဲ့ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေကို ဖိတ်ပြီး ဧည့်ခံပါတယ်။ ဧည့်ခံပွဲလာတဲ့ ပရိသတ်ကတော့ အနီရောင် စာအိတ်လေးတွေနဲ့ အန်ပေါင်းလေးတွေ လုပ်ပြီး ကြင်စဦးမောင်နှံကို လက်ဖွဲ့အဖြစ် ပေးလေ့ရှိပါတယ်။

၉။ မောင်နှံနှစ်ဖော်ကို ကျီစယ်ခြင်း
မင်္ဂလာဧည်ခံပွဲ ပြီးတဲ့အခါ သူငယ်ချင်း အရင်းခေါက်ခေါက်တွေနဲ့ ဆွေမျိုးအချို့က သတို့သမီးအခန်းမှာ ကြင်စဦး ဇနီးမောင်နှံကို နည်းမျိုးစုံနဲ့ ကျီစယ်နောက်ပြောင်ပါတယ်။ အဲဒါကလည်း မင်္ဂလာဦးညမှာ နှောက်ယှက်မဲ့ မြေခွေးနတ်ဆိုးနဲ့ မကောင်းဆိုးဝါးအချို့ကို သတို့သမီးအခန်းထဲ ၀င်လာလို့ မရအောင် မောင်းထုတ်တဲ့ သဘောအနေနဲ့ တစ်ညလုံးနီးပါး သူငယ်ချင်းတွေ အဖော်သဟဲပြု နောက်ပြောင် ဆော့ကစားခဲ့တဲ့ ပုံပြင်ကလေးကနေ အစပြုလာတဲ့ ဓလေ့လေး တစ်ခုပါ။

၁၀။ မျက်နှာဖုံးကို ဖယ်ရှားခြင်း
မင်္ဂလာပွဲပြီးတဲ့အခါ သတိုးသမီး ခေါင်းဆောင်းမှာ အုပ်ထားတဲ့ အနီရောင်ပိတ်စကို သတို့သားက ဖယ်ပေးရပါတယ်။ ဧည်ခံပွဲပြီးလို့ သတို့သားအိမ်ကို ရောက်မှ အဲဒီပိတ်စကို ဖယ်ပေးရတာပါ။ တချို့နေရာမှာတော့ သတို့သားက လက်နဲ့ ခေါင်းအုပ်ပိတ်စကို မဖယ်ပါဘူး။ ကျိုင်းတံလေး ဒါမှမဟုတ် ယပ်တောင်လေးနဲ့ ခေါင်းအုပ်ကို ဖယ်ပေးပါတယ်။ အခုခေတ်တော့ မင်္ဂလာ ဧည်ခံပွဲမှာကတည်းက ခေါင်းမှာအုပ်ထားတဲ့ ဇာလေးကို ဖယ်ပေးပါတယ်။

၁၁။ မင်္ဂလာ အရက်သောက်ခြင်း
ကြင်စဦး မောင်နှံဟာ မင်္ဂလာဦး ၀ိုင်အရက်ကို သတို့သမီးခန်းထဲမှာ သောက်ရပါတယ်။ အရက်ခွက်ထဲက ၀ိုင်အရက်ကို အကုန်မသောက်ရပါဘူး။ ၀ိုင်အရက်ကို တစ်ဝက်ပဲ အရင်သောက်ရပါတယ်။ ကျန်တဲ့ တစ်ဝက်ကို အပြန်အလှန် ခွက်လဲပြီး သောက်ရပါတယ်။ သောက်တဲ့အခါမှလည်း လက်ချင်းချိတ်ပြီး သောက်ရပါတယ်။ မြင်လိုက်ရရင်တော့ အားကျစရာကြီးနော်။

၁၂။ ဆံပင်ဖြတ် ချည်နှောင်ခြင်း
မင်္ဂလာအရက်သောက်ပြီးတဲ့အခါ အပြန်အလှန် ဆံပင် အနည်းငယ်ဖြတ်ပြီး ချည်နှောင်တဲ့ ဓလေ့ ရှိပါသေးတယ်။ အဲဒီဓလေ့ကို ဆောင်မင်းဆက်နဲ့ တန်မင်းဆက် ခေတ်မှာ စတင်ခဲ့တာပါ။ အိမ်ထောင်ဦးမှာ ချစ်ခြင်းမေတ္တာ ချည်နှောင်တဲ့ သဘောနဲ့ ဆံပင်ကို ဖြတ်ပြီး ဆံပင်အချင်းချင်း ချည်နှောင်ရတာပါ။ ကတုံးကြီးနဲ့ အိမ်ထောင်ကျရင်တော့ ဘယ်လို လုပ်မလဲတော့ မသိဘူး။

မင်္ဂလာဆောင်ပြီး သုံးရက်၊ ခုနစ်ရက်၊ ကိုးရက်မြောက်တဲ့ နေ့ တစ်နေ့နေ့မှာ လင်ယောင်္ကျားက မယားဖြစ်သူကို အပျိုဘ၀က နေခဲ့တဲ့ မိဘအိမ်ကို အလည်သဘောမျိုး ပြန်ပို့ပေးရသေးတယ်တဲ့။

ကဲ... အဲဒါတွေက မင်္ဂလာဆောင်မှာ ဖြတ်သန်းရတဲ့ ဓလေ့ထုံးတမ်း အဆင့်တွေကို သိသလောက်လေး ရေးထားတာပါ။ နောက်ထပ် စိတ်ဝင်စားစရာ မင်္ဂလာဆောင် ဓလေ့ထုံးတမ်းတွေ နောက်ခံပုံပြင်တွေကို ဆက်ရေးပါအုံးမယ်။

No comments: