.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, December 31, 2017

The summary of my 2017

2017 ဆိုတဲ့ နှစ်ကတော့ မကြာခင် အချိန်အတွင်းမှာ ကုန်ဆုံးပြီး 2018 ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းပါတော့မယ်။

2017 အတွင်းမှာ ကိုယ့်အနေနဲ့ ဘာတွေ လုပ်ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်ပြောင်းစဉ်းစားကြည့်ရင်တော့...
၁။ ကျန်းမာရေးကို အလေးထားလာတယ်။ နှစ်လယ်ပိုင်းနောက်ပိုင်းမှာ လေ့ကျင့်ခန်းကို အချိန်ပေး လုပ်ဖြစ်လာတယ်။ အဆီအစိမ့်နဲ့ အချိုစားတာကို တတ်နိုင်သလောက် ရှောင်ဖြစ်လာတယ်။ အဲဒီအတွက် အကျိုးရလဒ်က ကိုယ်အလေးချိန်နဲ့ ခါးဆိုဒ် ကျသွားတယ်။

၂။ ပန်းချီကားတွေကို စတင် ဝယ်ယူ စုဆောင်းဖြစ်လာတယ်။ စုစုပေါင်း ပန်းချီကား ၄ ကား ဝယ်ဖြစ်ခဲ့တယ်။ ပန်းချီကားတွေကို ကြည့်ရှု ခံစားတတ်လာတယ်။ ပန်းချီပြပွဲတွေ ကြုံခဲ့ရင်လည်း ဝင်ကြည့်တတ်လာတယ်။

၃။ မိသားစုနဲ့အတူ ပြည်ပခရီး ၃ ကြိမ် ထွက်ဖြစ်ခဲ့တယ်။ မလေးရှားက ကုန်းမြင့်ဒေသ၊ ဗီယက်နမ်က ပင်လယ်ကမ်းခြေ၊ ပြီးတော့ မလေးရှားနဲ့ စကာင်္ပူကြားက ပင်လယ်ပြင်ခရီး။ အပျော်စီး ပင်လယ်ကူးသင်္ဘောနဲ့ ခရီးထွက်ဖြစ်တာက အမှတ်တရပါပဲ။

၎။ အလုပ်နဲ့ ပတ်သက်ရင် လက်ရှိတာဝန်တွေအပြင် တာဝန်အသစ်တွေ ယူလာဖြစ်တယ်။ အလုပ်တာဝန်အသစ်ကြောင့် အတွေ့အကြုံအသစ်တွေ ရသလို စိတ်ရှုပ် ခေါင်းခြောက်ရတယ်။ ဒီလိုပဲ အလုပ်ကနေ လေ့လာ သင်ယူရမှာပဲ။

၅။ ငယ်ငယ်က နေခဲ့တဲ့ကျောင်းက ဆရာမတွေနဲ့ သူငယ်ချင်းအချို့ တွေ့ဆုံပွဲအနေနဲ့ နေ့လည်စာ ထမင်းပွဲလေးကို လုပ်ဖြစ်တယ်။ ပင်စင်ယူထားတဲ့ ဆရာမတွေလည်း အချင်းချင်း ပြန်ဆုံရသလို တပည့်အချို့နဲ့လည်း ပြန်ဆုံရတာပေါ့။ ဆရာကန်တော့ပွဲကို မရောက်နိုင်တဲ့အတွက် ဆရာမတွေကို တခါတည်း ကန်တော့ဖြစ်ခဲ့တယ်။

၆။ ရန်ကုန်ရောက်တုန်း နာမကျန်းတဲ့ အဘွားကို အချိန်ပေးဖြစ်တယ်။ နေ့တိုင်းလိုလို မရောက်ပေမယ့် မကြာခဏ ရောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ ဆေးရုံမှာ ရှိတုန်းကလည်း ရှိသလို... အိမ်မှာ ရှိတော့လည်း ရှိသလို... လိုအပ်တာတွေ လုပ်ပေးပြီး ပြုစုပေးဖြစ်ခဲ့တယ်။

၇။ မရောက်တာ ဆယ်စုနှစ်အကြာ ရှိပြီဖြစ်တဲ့ အစိုးရရုံးတွေကို စာရွက်စာတမ်းကိစ္စအတွက် ရောက်ဖြစ်ခဲ့တယ်။ တိုးတက် ကောင်းမွန်သင့်သလောက် မပြောင်းလဲနိုင်သေးတာနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဟာကွက်တွေ ရှိတာကို တွေ့ခဲ့ရတယ်။

မကြာခင် ရောက်လာမယ့် 2018 မှာ ကိုယ့်အတွက် လတ်တလောမှာ အရေးကြီးဆုံးကတော့ ရက်စွဲတပ်တဲ့အခါ 2017 လို့ မှားမရေးမိစေဖို့ပဲ။ ပြီးရင်တော့ စာများများဖတ်ဖြစ်ဖို့ ကျန်းမာရေးလိုက်စားဖို့။ မိသားစုနဲ့ ခရီးထွက်ဖြစ်ဖို့လည်း အရေးကြီးတယ်။

2018 မှာ အတ္တဟိတနဲ့ ပရဟိတကိုလည်း မျှတအောင် လုပ်ရမယ်။ ဝေးဝေးနေသင့်တဲ့ သူတွေရဲ့ အဝေးကြီးမှာ နေဖို့လည်း ကြိုးစားရမယ်။ အချိန်တန်ရင်လည်း ကိုယ့်လမ်း ကိုယ်လျှောက်ရတာပဲလေ။ မလိုအပ်တဲ့ အသေးအမွှားကိစ္စတွေကိုလည်း ခေါင်းထဲကနေ ထုတ်ထားရမယ်။

Health first, wealth later. Make your and your family's health a priority this year. Have a healthy new year 2018.

Saturday, December 23, 2017

How to grow the reading habit?

စာတွေ ဖတ်ဖြစ်ဖို့ဆိုတာ တကယ်တော့ လွယ်တော့ မလွယ်ဘူး။ ဒါပေမယ့် ခက်လည်း မခက်ပါဘူး။
ဘယ်စာအုပ်တွေကို ဖတ်ရကောင်းမှန်း သိဖို့ဆိုတာ စာစဖတ်တဲ့သူအဖို့ ခက်တယ်။

စာမဖတ်တဲ့သူငယ်ချင်းတွေကို စာဖတ်ဖို့ တိုက်တွန်းရင် ဘယ်စာအုပ် ဖတ်ရမလဲ ဆိုတာပဲ မေးကြတယ်။
ကိုယ်ကတော့ ဘယ်စာဖြစ်ဖြစ် တခုခုကို စ ဖတ်လိုက်ပါလို့ပဲ အကြံပေးတယ်။ သိုင်းဝတ္ထု အချစ်ဝတ္ထုတွေ ဖတ်လည်း အဆင်ပြေတယ်။ အဲဒီကနေ စာဖတ်အား ရလာလိမ့်မယ်။

စာဖတ်အားရလာရင်း တဖြည်းဖြည်းနဲ့ တခြားစာတွေကိုပါ ဖတ်လာလိမ့်မယ်။ ရသစာပေ သုတစာပေတွေ ရှာဖွေဖတ်လာလိမ့်မယ်။ တချို့စာအုပ်တွေက ဘယ်စာအုပ်က ဘယ်လို... ဘယ်စာသားလေးက ဘယ်စာအုပ်က ဆိုတာမျိုးတွေ ပြန်ညွှန်းထားတာတွေ ရှိတယ်။ အဲဒီလိုကနေ အစဆွဲမိပြီး အဲဒီစာအုပ်တွေ လိုက်ရှာဖွေ ဖတ်ဖြစ်တယ်။

စာဖတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းအချင်းချင်းကလည်း သူတို့ ဖတ်ဖြစ်တဲ့ ဖတ်နေတဲ့ စာအုပ်အညွှန်းလေးတွေ ရေးကြတယ်။ အဲဒီအမြည်းတွေ လိုက်ဖတ်ရင်းနဲ့ သူတို့ညွှန်းတဲ့ စာအုပ်ကို လိုက်ရှာဖွေ ဖတ်ဖြစ်တယ်။

ငယ်ငယ်တုန်းက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား၊ မင်္ဂလာမောင်မယ်၊ မြတ်မင်္ဂလာ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ပြီးတော့ ပုံပြင်စာအုပ်တွေ ဖတ်တယ်။ ၇ တန်း ၈ တန်းလောက်မှာ သိုင်းဝတ္ထုတွေကို အတွဲလိုက် ပြီးအောင် ဖတ်တယ်။

ဆယ်တန်း ဖြေပြီးတဲ့နောက် အချစ်ဝတ္ထုတွေ ဖတ်တယ်။ လမင်းမိုမို၊ လွန်းထားထား၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ မောင်လှမျိုး (ချင်းချောင်းခြံ) ရေးတဲ့ ဝတ္ထုစာအုပ်တွေကို စာအုပ်အငှားဆိုင်မှာ တင်ထားသမျှ နေ့စဉ်နီးပါး ငှားဖတ်ခဲ့တယ်။

အဲဒီကနေ ချစ်နိုင် (စိတ်ပညာ) ရေးတဲ့ ချစ်လို့ ပြောတာ မှတ်ပါ ကို ဖတ်မိတယ်။ အဲဒီစာအုပ်ထဲမှာ ညွှန်းထားတဲ့ စာအုပ်တွေကို လိုက်ရှာဖတ်ရင်း ဂျူးကို စ ဖတ်မိတယ်။ ပြီးတော့ မိုးမိုး (အင်းလျား)၊ မစန္ဒာ၊ ဂျာနယ်ကျော်မမလေး၊ လယ်တွင်းသား စောချစ်၊ ဖေမြင့်၊ ဦးနု၊ မြသန်းတင့်၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝရဲ့ စာအုပ်တွေ ဖတ်ဖြစ်လာတယ်။ အထုပ္ပတ္တိတွေ အရေးများတဲ့ တက္ကသိုလ်စိန်တင်ရဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်လာတယ်။

ပြောချင်တာက စာဖတ်အား ရလာတာနဲ့အမျှ စာအုပ်တွေ ရှာဖွေ ဖတ်ဖြစ်လာပါမယ် ဆိုတာပဲ။ လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝကြီးထဲမှာ တနေ့ကို အချိန် နည်းနည်းရသမျှ စာလေး ရသလောက် ၄ မျက်နှာ ၅ မျက်နှာလောက်ကို ဖတ်ရင်း ဖတ်ရင်းနဲ့ မပြည့်တဲ့ အိုးတွေကို ဖြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Friday, December 15, 2017

Something about PMP

PMP ဆိုတာ အသိအမှတ်ပြု လက်မှတ်တခုပါ။ ဘွဲ့မဟုတ်ပါဘူး။ သူ့အရှည်ကောက်တော့ Project Management Professional ပါ။ Project Manager လောကမှာ နာမည်ကြီး ရေပန်းစားတဲ့ အသိအမှတ်ပြု လက်မှတ်တခုပေါ့။

အဲဒီလက်မှတ်ရဖို့အတွက် မေးခွန်း ၂၀၀ ပါတဲ့ ၄ နာရီစာ စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲဖြေဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ ပထမဦးဆုံး အဲဒီအဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် နှစ်စဉ်ကြေးပေးပြီး ဝင်ရတယ်။ စာမေးပွဲ ဖြေမယ့်သူဟာ Project Management နဲ့ ပတ်သက်တဲ့ သင်တန်းကို ၃၅ နာရီ တက်ရောက် သင်ကြားလေ့လာထားသူ ဖြစ်ရပါမယ်။ ဒီပလိုမာပဲ ရထားတဲ့သူဖြစ်ရင် Project Management နဲ့ ပတ်သက်တဲ့ အလုပ်မှာ နာရီပေါင်း ၇၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။ ဘွဲ့ရ ဆိုရင်တော့ နာရီပေါင်း ၄၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။

စာမေးပွဲဖြေဖို့ အဲဒီလိုအပ်ချက်တွေ ပြည့်တယ်ဆိုရင် သင်တန်းဆင်းလက်မှတ်နဲ့အတူ ကိုယ်လုပ်ထားဖူးတဲ့ Project တွေနဲ့ အချိန် ဘယ်လောက် လုပ်ခဲ့သလဲ ဆိုတဲ့ စာရင်းကို တွဲတင်ရပါတယ်။ အဲဒီဟာကို စာမေးပွဲစစ်တဲ့အဖွဲ့အစည်းက မှန်ကန်မှု ရှိမရှိ စစ်ဆေးပါတယ်။ လိုအပ်ရင် လိုအပ်သလို ကိုယ်လုပ်ခဲ့တဲ့ အလုပ်က လူကြီးတွေကို ဆက်သွယ်မေးမြန်းတာတွေ လုပ်ပါတယ်။ စာမေးပွဲ ဖြေခွင့်ရပြီဆိုရင် စာမေးပွဲကြေး သွင်းပြီး စာမေးပွဲဖြေမယ့် ရက်ကို ရွေးရပါတယ်။

စာမေးပွဲမှာက multiple choice မေးခွန်း ၂၀၀ ကို မေးတယ်။ ကိုယ်ရဲ့ အတွေ့အကြုံနဲ့ သင်ထားတဲ့စာနဲ့ ယှဉ်ပြီး ဖြေရတယ်။ ဖတ်စာအုပ်ထဲကအတိုင်း စာတွေကို အတိအကျ ပြန်မေးတာမျိုးကြီးပဲ မဟုတ်ဘူး။ တချို့ သီအိုရီတွေကိုတော့ မေးတာမျိုးတော့ ရှိတယ်။ ဖြစ်စဉ်တွေကို ပြောထားပြီး ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ မေးတာမျိုးတွေလည်း ပါတယ်။ စာမေးပွဲအောင်ချက်ကတော့ နည်းတယ်လို့ ပြောကြတယ်။ ဘယ်လို သတ်မှတ်ထားသလဲတော့ အတိအကျ မသိကြဘူး။

စာမေးပွဲအောင်ပြီဆိုရင် PMP လက်မှတ် ရပြီပေါ့။ အသိအမှတ်ပြု လက်မှတ်ရှိတဲ့ Project Manager ဖြစ်လာပြီပေါ့။ ဒါပေမယ့် အဲဒီလက်မှတ်ရဲ့ သက်တမ်းက ၃ နှစ်ပါပဲ။ အဲဒီ ၃ နှစ်အတွင်းမှာ PDU လို့ ခေါ်တဲ့ အမှတ် ၆၀ ရအောင် ပြန်စုရပါတယ်။ အဲဒီ အမှတ် ၆၀ ရရင် အဲဒီ PMP လက်မှတ်ရဲ့ သက်တမ်းကို နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးပေးပါတယ်။

PDU အမှတ်တွေက ဘယ်လို ပေးသလဲ ဆိုတော့... Project Management နဲ့ သက်ဆိုင်တဲ့အလုပ်ရဲ့ ၃ နှစ်စာအတွက် အများဆုံး ၈ မှတ်ပေးပါတယ်။ ဆက်စဉ်မပြတ် လေ့လာသင်ကြားရေးကို အားပေးတဲ့အနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ဆက်လက် လေ့လာ သင်ယူရပါတယ်။ အွန်လိုင်းကနေ ပို့ချတဲ့ သင်ခန်းစာတွေကို နားထောင်ရပါတယ်။ ၁ နာရီစာ သင်ခန်းစာတခုကို ၁ မှတ်ပေးပါတယ်။ အဲဒီတော့ အမှတ် ၆၀ ရဖို့အတွက် အနည်းဆုံး ၅၂ မှတ်စာ ဟောပြောပို့ချချက် သင်ခန်းစာ ၅၂ ခုကို ကြည့်ရှု နားထောင်ရပါတယ်။ အဲဒီလိုဟာမျိုးက အမှတ် ၆၀ စာကို သက်တမ်း ၃ နှစ် ပြည့်တိုင်း ထပ်ယူရပါမယ်။ မယူနိုင်ရင် အဲဒီလက်မှတ်ဟာ ပျက်ပြယ်သွားပါပြီ။ လက်မှတ် ပြန်လိုချင်ရင် စာမေးပွဲ ပြန်ဖြေရမယ်။

အဲဒီတော့ စာမေးပွဲ ပြန်ဖြေမယ့်အစား ၃ နှစ်အတွင်းမှာ လိုအပ်တဲ့ အမှတ်တွေပဲ လိုက်စုတာ ပိုကောင်းမယ်။ သူများတွေတော့ မသိပေမယ့် ကိုယ်ကတော့ PMP လက်မှတ်ရဲ့ ဒုတိယနှစ်သက်တမ်းမှာ အမှတ်တွေကို အသည်းအသန် လိုက်စုပါတယ်။ ပထမနှစ်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ စာတွေ မလုပ်ဖြစ်ဘူး။ ၃ နှစ်ဆိုတော့ လိုပါသေးတယ်ပေါ့။ တတိယနှစ်ကျတော့ ခြေချော်လက်ချော်ဖြစ်ပြီး အချိန်မရှိတာမျိုး ဟောပြောပို့ချချက်တွေ လိုက်မကြည့်နိုင်တာမျိုး ဖြစ်ပြီး ပလုံမှာ စိုးလို့ တတိယနှစ်ကို အရံသဘောမျိုးပဲ ထားတယ်။ လုပ်စရာရှိတာ ဖြည့်စရာရှိတာကို ဒုတိယနှစ်အတွင်းမှာ ကုန်းရုန်း ဖြည့်တယ်။

နောက်နှစ် ၂၀၁၈ ဒီဇင်ဘာဆို ကိုယ်ရဲ့ လက်ရှိ PMP လက်မှတ် သက်တမ်းကုန်မယ်။ အဲဒီတော့ ၂၀၁၇ ရဲ့ ဒီဇင်ဘာဟာ ကိုယ့်အတွက် စာလုပ်ရတဲ့ လပဲ။ Sweet December ဖြစ်မဖြစ်တော့ မသိဘူး။ နေ့တိုင်းတော့ အွန်လိုင်းက ဟောပြောပို့ချချက်တွေ ၂ ခုကနေ ၃ ခုကြား နားထောင်နေရတယ်။ ရှေ့ရက်က Talent Management Conference 2017 ကို တက်လိုက်တော့ PDU က ၆ မှတ်ပေးတယ်။ သိပ်ပျော်ဖို့ ကောင်းတာပဲ။ အခုတော့ နောက်ထပ် ဖြည့်စရာ ၁၅ မှတ်ပဲ လိုတော့တယ်။ ဒီနှစ်မကုန်ခင် ဒါမှမဟုတ် နောက်နှစ်ဆန်းမှာတင် လိုအပ်တဲ့ အမှတ် ၆၀ ပြည့်နိုင်ပါပြီလေ။

လွယ်တော့ မလွယ်ဘူးပေါ့။ ဒီလိုပဲ ကြိုးစားရတာပေါ့။ 

Tuesday, December 12, 2017

Difficulty to Live with Harmony

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ပြောရင်တော့ လွယ်တာ။ တကယ် လုပ်ရတဲ့အခါ မလွယ်ဘူး။ ဘဝပေးအခြေအနေတွေ မတူညီရင် မတူညီသလို ယှဉ်တွဲနေထိုင်ဖို့ဆိုတာ သိပ်ခက်တယ်။ တဘက်ဘက်က အလျှော့ပေးဖို့ လိုသလို တခြားတဘက်ကလည်း နားလည်သိတတ်ဖို့ လိုအပ်တယ်။ အခြေတွေ မတူရင် ထပ်ကိန်းတွေ ပေါင်းလို့ မရတဲ့ သချာင်္သဘောတရားလိုပဲ။

အဲဒီဘဝပေးအခြေအနေ မတူတဲ့နေရာမှာ အတူယှဉ်တွဲ နေထိုင်ရေးရဲ့ အခက်အခဲကို ဥပမာ ပြောရရင်... ကိုယ်တွေ ရုံးကနေ အိမ်ပြန်တဲ့လမ်းမှာ အထွေထွေလုပ်သားတွေ အတွက် ဝန်ထမ်းအိမ်ယာ အဆောင်တွေရှိတယ်။ အဲဒီတော့ တခါတလေ ရုံးပြန်နောက်ကျတဲ့အချိန် အဲဒီလုပ်သားတွေနဲ့ ဘတ်စ်ကားပေါ်မှာ အတူတူ စီးရလေ့ ရှိတယ်။ အများစုကတော့ ပြည်ကြီးတရုတ်တွေနဲ့ ဘင်္ဂလားတွေပေါ့။
တနေကုန် နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ်လာရတဲ့ သူတို့တတွေမှာ ချွေးစော်နံတာတွေ အဝတ် ရေစိုတဲ့အနံ့တွေ အဝတ်အစားတွေ ညစ်ပတ်နေတာတွေ ရှိတတ်တယ်။ အလုပ်ခွင်အနေအထားအရ ကိုယ်လက်သန့်စင်ဖို့ အခွင့်အရေး မရှိတာလည်း ဖြစ်နိုင်သလို အချိန်မရတော့လို့ အဆောင်ကို တန်းပြန်လာတာလည်း ဖြစ်နိုင်ပါတယ်။

ကားပေါ်မှာ ကိုယ်က ထိုင်ခုံရလို့ အရင်ထိုင်ထားတဲ့အခါ သူတို့တက်လာတဲ့အချိန် ကိုယ့်ဘေးမှာ ခုံလွတ်နေလို့ ဝင်ထိုင်တာမျိုးမှာတော့ ရှေ့မှာ ပြောတဲ့အခက်အခဲတွေ စတင်ပါပြီ။ ချွေးနံ့ကို မိုးရေစိုထားတဲ့ အနံ့က ရောသမမွှေထားတဲ့အပြင် မြေကြီးအနံ့ ရွှံ့အနံ့တွေ အပိုဆုအနေနဲ့ အကုန်ပေါင်းစုတဲ့အခါ ဖြစ်နိုင်ရင် နှာခေါင်းကို ကားအပြင်ကို ထုတ်ထားချင်မိတယ်။

အဲကွန်းဘတ်စ်ကား အလုံပိတ်ကြီးရဲ့ ခရီးတိုအတွင်းမှာ အတူယှဉ်တွဲ ထိုင်ဖို့အတွက်ကို အတော် သည်းခံယူရပါတယ်။ ကိုယ့်ဘက်က လမ်းတလျှောက် သည်းခံပြီး ကိုယ်ဆင်းမယ့် မှတ်တိုင်ကို မြန်မြန် ရောက်ပါစေလို့ပဲ စိတ်ရောက်မိတယ်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်ရင်တော့ မင်းတို့ ဆင်းကွာလို့ မောင်းချလို့မှ မရတာ။ အဲဒီတော့ နီးရာမှတ်တိုင်မှာ ဆင်းပြီး နောက်ကား စောင့်စီးပေါ့။ ဒါပေမယ့် နောက်ကားမှာလည်း အိမ်ပြန်လာတဲ့ သူတို့တွေ ထပ်ပါလာနိုင်သေးတာပဲလေ။ အဲဒီတော့ သည်းခံလက်စနဲ့ ဆက် သည်းခံရပါတယ်။

သူတို့အနေနဲ့လည်း အတူယှဉ်တွဲ ထိုင်ဖို့အရေးမှာ တတ်နိုင်သလောက် ကိုယ်လက်ဆေးကြော သန့်စင်ခဲ့ရင် တခြားခရီးသည်တွေအတွက် ကောင်းပါတယ်။ အဆင်ပြေရင် ပြေသလိုပေါ့။ အဆင်မပြေလို့ တခါတလေ ညစ်ပတ်နံ့စော်တာမျိုးက လွဲရင် အိမ်အပြန်ခရီးလမ်းမှာ သန့်သန့်ရှင်းရှင်းနဲ့ တခြားခရီးသည်တွေရဲ့ ဘေးပတ်ဝန်းကျင်ကို မထိခိုက်ဖို့အတွက် နားလည်သိတတ်ဖို့ လိုပါမယ်။
အတူယှဉ်တွဲနေထိုင်ဖို့အရေးမှာ အခက်အခဲတွေကို သည်းခံဖို့ လိုသလို အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားဖို့ နားလည်သိတတ်ဖို့လည်း လိုပါတယ် ဆိုတဲ့အကြောင်းလေးပါ။

Friday, December 8, 2017

What is the root cause?

ထန်းတပင် အလုပ်သမားဆေးရုံက ခွဲစိတ်ဆရာဝန်တယောက်ရဲ့ ရင်ဖွင့်ချက် Recorded Live ကို ကြည့်လိုက်ရတယ်။ တဝက်တပျက်ပဲ ကြည့်လိုက်ပြီးတဲ့အခါ စိတ်နောက်သွားတာ အမှန်ပဲ။ ဆေးလောကမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆေးလောကသား အချင်းချင်းရဲ့ အတွန်းအတိုက်တွေ၊ စိတ်ညစ်စရာတွေကို မျှဝေခံစားလိုက်ရတယ်။

ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ဒွန်တွဲနေတာကတော့ ဆေးလောကရယ်မှ မဟုတ်ဘူး။ ဒါမျိုးဟာ မြန်မာပြည်မှာတော့ နေရာတိုင်းနီးပါးမှာပါပဲ။ ဘယ်လို အခြေခံအကြောင်းတရားတွေကြောင့် အဲဒီလိုပတ်ဝန်းကျင်တွေ အကျိုးတရားတွေ ဖြစ်ပေါ်လာရသလဲ ဆိုတာ ကိုယ်တွေ ပြန်လည်သုံးသပ် ဆင်ခြင်သင့်တယ်။ ဆရာဝန်ရဲ့ ကိစ္စတခုတည်းကို ပြောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။
မြင်မိတာတခုကတော့ ကိုယ်တွေဟာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းတယ်။ အဲဒီအားနည်းချက်က ခေတ်အဆက်ဆက်ကတည်းက အခုချိန်အထိပဲ။ တဦးချင်း တော်တီးတီး တော်ပေမယ့် အုပ်စုလိုက် အဖွဲ့လိုက် ဆောင်ရွက်ဖို့ကိစ္စတွေမှာ သူတလူ ငါတမင်း ဖြစ်ကုန်ကြတယ်။ အစပိုင်းမှာ ပေါင်းလို့ရပေမယ့် တဖြည်းဖြည်းနဲ့ ကွဲထွက်ကုန်တယ်။

ဘာကြောင့် ကွဲထွက်ကုန်သလဲ... ကိုယ်ကတော့ အဲဒါဟာ မာနတွေကြောင့်လို့ မြင်မိတယ်။ ကိုယ်တွေမှာလည်း အဲဒီလို တလွဲမာနတွေ ရှိခဲ့တယ်။ အခုထိလည်း အဲဒီလို တလွဲမာနတွေ ရှိတုန်းပဲ ဆိုတာ ဝန်ခံပါတယ်။ လူရည်ချွန် ဖြစ်ခဲ့တာတွေ... ဆယ်တန်းမှာ ဂုဏ်ထူးထွက်ခဲ့တာတွေ... ဆေးကျောင်း စက်မှုတက္ကသိုလ် တက်ခဲ့တာတွေ... မဟာဘွဲ့ ဒေါက်တာဘွဲ့တွေ ယူထားတာတွေ... ဘယ်သူ့အမျိုး ဘယ်သူ့သားသမီး ဆိုတာတွေ... အဲဒီဟာတွေက အပြိုင်အဆိုင်စိတ်တွေ ထိုးထွက်လာစေတယ်။ အဲဒီဟာကနေ မာနတွေ ချွန်ထွက်လာကြတယ်။ အတိတ်မှာ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်တမ်းတတာမျိုးမှာလည်း ကိုယ်တွေက ပြိုင်ဖက်ကင်းပဲ။

မာနကနေတဆင့် သည်းခံမှုတွေ ပျောက်ဆုံးကုန်တယ်။ ဒေါသကို ထိန်းချုပ်ရ ခက်ကုန်တယ်။ မင်းဘာကောင်လဲ ငါဘာကောင်လဲတွေ ဖြစ်လာတယ်။ အချင်းချင်း ညှိလို့ရတာတွေဟာ မညှိဖြစ်တော့ပဲ ဝုန်းဒိုင်းတွေ ကြဲကုန်ကြတယ်။ အဆင်ပြေရင် ပြေသလို မသိမသာ ချောက်ချတယ်။ နောက်ကျောကနေ ဓါးနဲ့ထိုးတယ်။

ခံရတာတွေ များလွန်းတဲ့ ဘဝမှာ ပေဖြစ်တုန်းကတော့ ခံမယ်ဟေ့... တူဖြစ်တဲ့အခါ နှံမယ် ဆိုတဲ့ စိတ်တွေ ရှိလာကြတယ်။ မိုးကောင်းတုန်း ရွာထားပေါ့ကွာ။ ငါ့အလှည့်ကျရင် မိုးကြိုးပါ ပစ်ချမယ် ဆိုတာတွေ ဖြစ်လာတယ်။ အမြင့်ကို ရောက်ဖို့ ကြိုးစားလာတာဟာ ကိုယ့်ဘဝအတွက် ဖြစ်ချင်ဖြစ်သလို ... တူဖြစ်ဖို့အတွက် ကြိုးစားတာမျိုးလည်း ဖြစ်ချင်ဖြစ်နေမယ်။

ခံရပေါင်းများလွန်းတဲ့အခါ တဖက်သားကို သံသယလည်း ဝင်လွယ်ကြတယ်။ မယုံကြည်ရတဲ့ ပတ်ဝန်းကျင်ကနေ တသက်လုံး ရှင်သန် နေထိုင်လာရတဲ့သူတွေအဖို့ အရာရာကို သံသယမျက်လုံးနဲ့ ကြည့်လာကြတယ်။ ရိုးရိုးရှင်းရှင်း သဘောထားနဲ့ ပြောနေတဲ့သူကိုလည်း မယုံသင်္ကာဖြစ်ကြတယ်။ အဲဒီလိုနဲ့ အပြန်အလှန် ယုံကြည်မှုတွေ မတည်ဆောက်နိုင်ပဲ အကွဲအပြဲတွေ များသထက် များလာတယ်လို့ မြင်မိတယ်။

အခုပြောနေတာတွေဟာ သူများကို ဆရာလုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် ဆင်ခြင်နိုင်အောင် ရေးမှတ်ထားတာပါ။ တကယ်တော့ ကိုယ်လည်း ဘာမှ မဟုတ်တာလေ။ 

Tuesday, November 28, 2017

How we dealt with drunken guy

အရက်သောက်ပြီးတော့ မူးပြီးပတ်ရမ်းတာတွေ ဆဲတာတွေကို အများကြီး မခံခဲ့ရဖူးပေမယ့် အဲဒီလိုမျိုး ခံခဲ့ရတဲ့ ၁ ခေါက်ကတော့ မှတ်မှတ်ရရ ရှိပါတယ်။ ကိုယ်က မူးတာမဟုတ်ဘူးနော်။ မူးတဲ့သူက လာရမ်းတာမျိုးကို ခံရတာပါ။

အဲဒီတုန်းက ရပ်ကွက်ထဲမှာ ကိုယ်တွေက ဂိမ်းဆိုင်လေး ဖွင့်ထားတယ်။ ကိုယ့်ဆိုင်ရှေ့တည့်တည့်မှာက လက်ဖက်ရည်ဆိုင် ရှိတယ်။ ကိုယ့်ဆိုင်မှာ ဆော့နေကျ လူတွေကလည်း နှစ်နဲ့ချီအတူ ဆော့လာတော့ လူညီသလား မမေးနဲ့။ ဂိမ်းဆော့ရင်လည်း အတူတူ... မီးပျက်သွားတဲ့အချိန် မီးစက်ခဏ အနားပေးတဲ့အချိန် လက်ဖက်ရည်ဆိုင် ထိုင်ရင်လည်း အတူတူ။ ညလုံးပေါက် ဂိမ်းဆော့ပြီး ဗိုက်ဆာလို့ မိုးအလင်းပေါက်ရောင်းတဲ့ ထမင်းကြော်ဆိုင် သွားရင်လည်း အတူတူပဲ။ 

တခါတလေမှာ ကလေးတွေ ဆော့နေတဲ့အတွက် စက်မအားသေးလို့ လက်ဖက်ရည်ဆိုင်မှာလည်း လက်ဖက်ရည် သောက်ရင်း စက်အားတဲ့အထိ စောင့်ကြတယ်။ ဆိုလိုချင်တာက ဂိမ်းဆိုင်ထဲမှာ လူရှိသလို ဆိုင်ရှေ့က လက်ဖက်ရည်ဆိုင်ထဲမှာလည်း ကိုယ့်လူတွေ ရှိနေကြတယ်။

တညမှာတော့ လူငယ်ပိုင်းထဲက တယောက်က မူးပြီး ဆိုင်ရှေ့ကနေ ကိုယ်တွေကို ဆဲတယ်။ ရမ်းတယ်။ ကိုယ့်ဆိုင်ထဲက လူတွေရော... လက်ဖက်ရည်ဆိုင်ကနေ ထလာတဲ့ ကိုယ့်လူတွေရော... ညီလေး မလုပ်နဲ့ မလုပ်နဲ့ဆိုပြီး အနောက်ကနေ ဆွဲတဲ့သူက ဆွဲ... ဘေးကနေ ဆွဲတဲ့သူက ဆွဲ။ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကတ္တရာလမ်းပေါ်မှာ ခေါင်းဖိပြီး မူးပြီးရမ်းနေတဲ့လူအပေါ်က ထိုင်တဲ့သူက ထိုင်။ မသိမသာလေး ဆွမ်းကြီးလောင်းလိုက်တာ ဆဲနေတဲ့လူလည်း အမူးပြေသွားလေရဲ့။ အဲဒါလည်းပြီးရော ရပ်ကွက်ရုံးက မီးသတ်တွေနဲ့ ရဲကင်းက ရဲတွေရော စခန်းက ရဲတွေရော ရောက်လာပြီး ရဲစခန်းကို ရဲကားနဲ့ပဲ ပင့်သွားလေရဲ့။ သူ့မိဘတွေက လာပြီးအမှုမဖွင့်ဖို့ တောင်းပန်တာနဲ့ ညတွင်းချင်းပဲ အိမ်ပြန်ခွင့် ရလိုက်ပါတယ်။

ကိုယ့်လူတွေရဲ့ မသိမသာ ဆွမ်းကြီးလောင်းချက်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ညပေါ့ကွယ်။ အဲဒီတယောက်လည်း ကိုယ်တွေ အားလုံးကို ဘယ်တော့မှ ကွိုင်မရှာတော့ဘူး။ တခါသေဖူးတော့ ပျဉ်ဖိုး နားလည်သွားရှာတယ်။

Sunday, November 19, 2017

Understanding our MP

၁။ ကိုယ်တွေရဲ့ ရတနာမြေလို့ တင်စားခေါ်ဝေါ်တဲ့ ရွှေပြည်ကြီးက ပိုင်နက်နယ်မြေ နယ်နမိတ်အရ အတော်ကြီးသလို အစစအရာရာ ခေတ်နောက်ကျခဲ့လို့ နေရာဒေသတိုင်းမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ လိုအပ်ချက်တွေကလည်း အများကြီးပဲ။

၂။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ရွေးကောက်ခံဒေသရဲ့ လူထုကို ကိုယ်စားပြုရတာ ဖြစ်လို့ ဒေသခံအများစုတွေရဲ့ တောင်းဆိုမှု အကူအညီတောင်းမှုကို အခြေခံပြီး လွှတ်တော်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးခွန်းတွေ မေးမြန်းရတယ်။

၃။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်တွေမှာ ဥပဒေပြုဖို့ဆိုတာ ပါတယ်။ မလိုအပ်တဲ့ ဥပဒေတွေ ခေတ်မမှီတော့တဲ့ ဥပဒေတွေကို ပြုပြင်ဖို့ ဖျက်သိမ်းဖို့နဲ့ ခေတ်စနစ်ရဲ့ လိုအပ်ချက်ရ အသစ်ပြဌာန်းရမယ့် ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ လုပ်ရပါတယ်။

၎။ ဘယ်လို ဥပဒေတွေကို ခေတ်မမှီတော့ဘူးလဲ ဆိုတာ လွှတ်တော်ကိုယ်စားလှယ် အယောက်စိတိုင်း သိနိုင်မှာ မဟုတ်ပါဘူး။ ဖြတ်သန်းလာတဲ့ ဘဝနောက်ခံ မတူညီရင် မတူညီသလို အမြင်တွေ အတွေးတွေနဲ့ စွမ်းဆောင်ရည်တွေ မတူညီနိုင်ဘူး။ အဲဒီတော့ ဘယ်ဥပဒေတွေကို ပြုပြင်သင့်တယ်... ဖျက်သိမ်းသင့်တယ် ဆိုတာမျိုး မသိနိုင်တာလည်း ဖြစ်နိုင်တယ်။

၅။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့ထားတယ်။ အဲဒီကော်မရှင်က တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဌာန်းနိုင်ရေးတွေကို လွှတ်တော် ဥက္ကဌမှတဆင့် လွှတ်တော်ကို တင်ပြရပါတယ်။

၆။ တက်ကြွပြီး ဥပဒေရေးရာတွေကို လေ့လာလိုက်စားတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဥပဒေတွေ ပြင်ဆင်ရေး အသစ် ရေးဆွဲရေးအတွက် လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ တင်သွင်းတာမျိုးတွေလည်း ရှိကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ မိမိရဲ့မဲဆန္ဒနယ်က ဒေသဆိုင်ရာ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းတာမျိုး အဆိုတင်သွင်းတာမျိုးပဲ ရှိကြပါတယ်။

၇။ ပြည်သူ့လွှတ်တော် Website မှာ တင်ထားတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ၂၀၁၆ အတွင်းမှာ လွှတ်တော်အနေနဲ့ ဥပဒေပေါင်း ၄၄ ခုကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။ အခုနှစ် ၂၀၁၇ သြဂုတ်အထိ ဥပဒေ ၂၆ ခုကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။

၈။ လွှတ်တော်ထဲမှာ အထွေအထူး လုပ်စရာ မရှိလို့ ချစ်တီးခေါင်းသန်းရှာ မေးခွန်းတွေ... ကြောင်ရေချိုး အဆိုတွေ တင်သွင်းနေတာလား ဆိုရင်တော့... တခြားလူ အမြင်မှာ ရီစရာ ဖြစ်နိုင်ပေမယ့် သူတို့ဒေသအနေနဲ့ကတော့ နှစ်ပေါင်းများစွာ မျှော်လင့်ထားတဲ့ အရာတွေကို အခုခေတ်အစိုးရမှာ ရတော့မလား လုပ်ပေးတော့မလား ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ကနေ တဆင့် မေးမြန်းတာမျိုးပါ။ မြို့ကြီးတွေမှာ အဆင်သင့် ရှိပြီးသားအရာတွေဟာ တောရွာဇနပုဒ်တွေမှာ အိပ်မက်တောင် မမက်ဖူးတဲ့ အရာတွေပါ။

၉။ တချို့သော အဆိုတွေ မေးခွန်းတွေဟာ နှစ်ပေါင်းများစွာကတည်းက မျှော်လင့် တောင့်တခဲ့တာတွေကို အကောင်အထည် ပေါ်စေချင်ဇောနဲ့ တင်သွင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို အသစ်ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ အသုံးပြုဖို့ ဗဟိုဘဏ်ကို တိုက်တွန်းတာတွေ ရှိလာတာပါ။ ဗဟိုဘဏ်ဟာ လွတ်လပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဆိုတာကို သတိပြုဖို့လည်း လိုပါတယ်။ တိုင်းပြည်ရဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို လွတ်လပ်စွာ ချမှတ်နိုင်တဲ့ အခွင့်အာဏာ ဗဟိုဘဏ်မှာ ရှိပါတယ်။

၁၀။ တခြားအရေးကြီးတာတွေကို အရင် မလုပ်ပဲ ဒီလိုကိစ္စတွေကို ဦးစားမပေးသင့်ကြောင်း ဝေဖန်တဲ့သူတွေ ရှိကြပါတယ်။ တခြားအရေးကြီးတာကိုလည်း လုပ်နေကြတဲ့ လူတွေ ရှိသလို အခုလို အရေးတကြီး လုပ်ဖို့ မလိုသေးတဲ့ အရာတွေကိုလည်း လုပ်နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ သူ့အပိုင်းနဲ့ သူပါပဲ။ အားလုံးက တခုတည်းကို စုပြုံတိုးပြီး လုပ်နေကြတာ မဟုတ်ပါဘူး။

၁၁။ အပြုသဘောအနေနဲ့ ဝေဖန် အကြံပေးတာတွေ၊ ရှုထောင့်အမျိုးမျိုးက အမြင်တွေ ကွဲလွဲကြတာကို ဒီမိုကရေစီရဲ့ အခြေခံသဘောတရားလို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် တခြားတိုင်းပြည်က လွှတ်တော်တွေ အစိုးရတွေနဲ့ နှိုင်းယှဉ်ပြီး လခ ညာယူနေတဲ့ လွှတ်တော်ကြီးတို့ ... သုံးစားမရတဲ့ အစိုးရကြီးလို့တော့ ဖောင်းမထုကြပါနဲ့။ ကိုယ့်အကြောင်းကို ကိုယ်တိုင် သိအောင်...ကိုယ့်တိုင်းပြည်အကြောင်းနဲ့ လက်ရှိအနေအထားကို ပိုပြီး သိရှိနားလည်အောင် ကြိုးစားကြပါလို့ စေတနာထား အထူးတိုက်တွန်းချင်ပါတယ်။

Tuesday, November 14, 2017

Manage your expectations

မပြောချင်ပေမယ့် ပြောရဦးမယ်။ မျှော်လင့်ချက်တွေ အများကြီးထားပြီး ဖြစ်မလာခဲ့ရင် ခံစားရမယ်မှန်း သိလို့ပါ။ ဒါပေမယ့် ဘာကိုပဲ မျှော်လင့်သင့်သလဲ... ဘာကိုပဲ မျှော်လင့်ရမယ်ဆိုတာ သိဖို့ လိုတယ် ထင်လို့ ပြောပါဦးမယ်။
 
ကျောင်းတုန်းက ဆရာတယောက် ပြောဖူးတယ်။ ပဲပင်ပေါက်အစေ့က ပဲပင်ပေါက်ပဲ ထွက်လာမယ်။ ကျွန်းပင်ကြီး ထွက်မလာဘူး။ အဲဒီလိုပဲ လက်ရှိအစိုးရရဲ့ အဓိက ဦးတည်ချက်က ဘာလဲ... ဘာကို အဓိကထားနေလဲ မသိပဲ တခြားဟာတွေ မျှော်လင့်နေရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ဖြစ်နိုင်တယ်။ 
 
၂၀၁၅ ရွေးကောက်ပွဲမှာ လက်သန်းလေးတွေ မှင်စွန်းခံပြီး NLD ပါတီကို မဲတွေ ပုံအောထည့်ခဲ့တယ်။ အပြောင်းအလဲကို ရင်ခုန်ခဲ့ကြတယ်။ စစ်အစိုးရလို့ ခေါ်ခဲ့ကြတဲ့ အစိုးရ ပြုတ်သွားပြီး NLD ပါတီ ဦးဆောင်တဲ့ အစိုးရအသစ် တက်လာခဲ့တယ်။
 
NLD ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အချက် ၄ ချက်ကို ခေါင်းစဉ်ကြီးအနေနဲ့ အဓိက အသားပေးထားတယ်။
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ အတူလက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးနိုင်မည့် အုပ်ချုပ်မှုစနစ်တရပ် ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
အဲဒါကို ဖတ်မိရင် အခုလက်ရှိ NLD အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို အဓိက ဦးတည်ထားတာကို တွေ့မြင်နိုင်တယ်။ အဲဒီဟာတွေ ပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ပြောထားတယ်။
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအတွက် အပြောင်းအလဲတခုကို အမြစ်တွယ်စေချင်တယ်။ သိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်ကြီးနေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ဆိုတဲ့ အချိန်မှာသာ သူဟာ အစိုးရဖွဲ့ဖို့ အာဏာရခဲ့ရင် NLD အစိုးရရဲ့ ဦးတည်ချက်တွေဟာ တခြားဟာတွေ ဖြစ်နိုင်ပါတယ်။ အခုချိန်မှာတော့ သူ့အနေနဲ့ ဒီမိုကရေစီ အုတ်မြစ် အခြေခိုင်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ကြိုးစားနေတယ်လို့ မြင်မိတယ်။
 
ပြည်တွင်းငြိမ်းချမ်းရေး မရှိသရွေ့... တရားဥပဒေ စိုးမိုးမှု မရှိသရွေ့... ကြီးနိုင်ငယ်ညှင်းစနစ်ကြီး ရှိနေဦးမှာပါ။ အာဏာရှိတဲ့သူတွေကို ကြောက်ရတဲ့ခေတ် ဦးစားပေးရတဲ့ခေတ်... ငွေရှိသူတွေကို ကြောက်ရတဲ့ခေတ် ဦးစားပေးရတဲ့ခေတ်... ကတုံးပေါ် ထိပ်ကွက်နိုင်တဲ့ စနစ်တွေကို အမြစ်ကနေ လှန်ဖို့ NLD အစိုးရဟာ ကြိုးစားနေကြတယ်။ နှစ်ပေါင်းများစွာ အကျင့်ပျက် ခြစားလာတဲ့ စနစ်ကြီးကို ပြင်ဆင်ဖို့ ဆိုတာ ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ပါတယ်။ အချိန်တွေ လိုတယ်။
 
အစိုးရဟောင်းတွေတုန်းကလို အစိုးရလူကြီးနဲ့ပေါင်းပြီးလုပ်တဲ့ ဂွင်တွေ လမ်းကြောင်းတွေ မရှိတော့ဘူး။ အဘနဲ့ ကပ်ပေါင်းလို့လည်း မရတော့ဘူး။ လက်ရှိဝန်ကြီးတွေကလည်း စီးပွါးရေးသမားကြီးတွေကို အကပ်မခံဘူး။ အတွေ့မခံကြဘူး။ အဲဒီဟာရဲ့ ဆိုးကျိုးကတော့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေဟာ မလှုပ် မရှုပ် မပြုတ် နည်းလမ်းကို သုံးလာကြတယ်။ အလုပ်အသစ်တွေ စီးပွါးရေးအသစ်တွေ အကောင်အထည် မဖော်ကြဘူး။ အခန့်မသင့်ရင် တခုခုမှားသွားရင် ခြစားမှုတိုက်ဖျက်တဲ့ ဥပဒေနဲ့ ထောင်ကျနိုင်တယ်။ ဒီတော့ ရှိတာလေးတွေနဲ့ပဲ လည်ပတ်နေကြတယ်။ အဲဒီတော့ တိုင်းပြည်စီးပွါးရေး တိုးတက်မှု နှောင့်နှေးသွားတယ်။
 
နောက်တခုက အစိုးရအသစ်ဆိုပေမယ့် အစိုးရဝန်ထမ်းတွေဟာ အရင်လူတွေပါပဲ ဆိုတာ သတိချပ်သင့်တယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို အားမရကြဘူး။ ဟုတ်တယ် သူဟာ စာရေးကောင်းပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ အလုပ် မလုပ်နိုင်ဘူး။ သူဟာ ပြန်ကြားရေးအတွင်းဝန်ကို မကျော်နိုင်ဘူး ဖြစ်နေတယ်။ ဟိုက ပြောသမျှနဲ့ သူ တိုင်ပတ်နေတယ်။ ပြောချင်တာက အတွင်းမှာ လှိုက်စားနေတဲ့အရာတွေကို မကုသနိုင်သေးဘူး။ ဝန်ထမ်းထဲမှာ တိုင်းပြည်အပြောင်းအလဲအတွက် ကောင်းတဲ့သူတွေ ရှိသလို ဆိုးတဲ့သူတွေ အကျင့်ယုတ်တဲ့ သူတွေ ရှိနေသေးတယ်။ အခွင့်ထူးခံဘဝကို ပြန်လည် တမ်းတနေတဲ့သူတွေ ရှိတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေးတွေမှာ ထင်တိုင်း ခရီးမပေါက်တော့ဘူး။ 
 
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေးအတွက် သင်တန်းတွေ လာပေးတယ်။ အဲဒီလို သင်တန်းတွေ စနစ်တကျပေးပြီးနောက် သင်တန်းဆရာတွေကို မိတ်ဆွေတယောက်က မေးကြည့်ဖူးတယ်။ ဥရောပက ရဲတွေလိုမျိုး ဖြစ်လာဖို့ မြန်မာပြည်က ရဲတွေ အချိန်ဘယ်လောက် လိုမလဲ ဆိုတော့ အခုလို စနစ်တကျ ဆက်သွားနေရင် နှစ် ၅၀ လို့ ဖြေသွားတယ်။ ဆိုလိုချင်တာက ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်တွေကို ပြင်ဖို့ အတော်ခက်တယ်။ 
 
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက အခုလက်ရှိ အစိုးရကို ကိုယ်တွေ စုပုံပြီး မဲပေးခဲ့တာဟာ အရင်အစိုးရ (စစ်အစိုးရ) ပြုတ်ကျသွားဖို့အတွက် အဓိက ရည်ရွယ်ခဲ့တယ်။ တိုင်းပြည်တိုးတက်ဖို့ ပညာရေး ကျန်းမာရေး စီးပွါးရေးတွေ ကောင်းလာဖို့ကတော့ အခုလက်ရှိ NLD အစိုးရရဲ့ နောက် အစိုးရသက်တမ်း ၅နှစ် မှာတောင် မျှော်လင့်လို့ မရသေးဘူး။ သေချာတာက ကိုယ့်လက်ထက်မှာ အဲဒီအသီးအပွင့်တွေ မခံစားရဘူး။ သားသမီးတွေ လက်ထက်မှာတောင် ခပ်ရေးရေးပဲ မြင်ရဦးမယ်။ အဲဒီတော့ အဲဒီလောက်ထိ မစောင့်နိုင်ဘူး... သည်းမခံနိုင်ဘူး ဆိုရင်တော့ ကောင်းရာမွန်ရာ တိုင်းပြည်တွေကို အပြီးပြောင်းဖို့ပဲ စဉ်းစားကြပါလို့ ပြောချင်ပါတယ်။

Monday, October 23, 2017

The bitter life of High School Student

ကိုယ်တွေက အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကို ၈ တန်းပြီးမှ ပြောင်းရတာ ဆိုတော့ အထက်တန်းကျောင်းကို သံယောဇဉ် မရှိတာ အမှန်ပဲလို့ ဝန်ခံပါတယ်။ ၈ တန်းအထိ တက်ခဲ့ရတဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ပဲ ပိုရင်းနှီးတယ်။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကို ၈ တန်း အောင်ပြီးလို့ ပြောင်းရတဲ့အခါမှာလည်း အလယ်တန်းကျောင်းက သူငယ်ချင်းတွေအကုန် တကွဲတပြားစီ ဖြစ်ကုန်တယ်။ မြို့နယ်ထဲမှာ ရှိတဲ့ အထက်တန်းကျောင်းတွေကို ခွဲတန်းချပြီး ပို့ရတာကိုး။ တကျောင်းထဲက အကုန်လုံး လက်မခံထားနိုင်ဘူးလေ။

အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ထုံးစံအတိုင်း လူဟောင်းလူသစ် ခွဲခြားတာတွေ ရှိပြန်တယ်။ ဒီကောင်တွေက အလယ်တန်းကျောင်းက လာတဲ့ကောင်တွေဆိုပြီး အထက်တန်းကျောင်းရဲ့ ငယ်မွေးခြံပေါက် တချို့သောသူတွေက အဖက်မလုပ်ကြဘူး။ အားလုံးတော့ မဆိုလိုပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ တချို့တလေတော့ ရှိကြပါသေးတယ်။ အခုခေတ်စကားနဲ့ ပြောရရင်တော့ အတော်ချေတဲ့ အတန်းဖော် မိန်းကလေးတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ ကျောင်းသာ ပြီးသွားတယ် စကား အခွန်း ၂၀ တောင် မပြောဖြစ်လိုက်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ကိုယ်က သွားပြောလည်း ဟိုက မေးထူးခေါ်ပြောတောင် ပြန်မပြောတော့ ကိုယ်က ဘာဆက်ပြောရမှန်း မသိဘူးလေ။

နောက်တခုက ကိုယ်တွေရဲ့ အလယ်တန်းကျောင်းက ဆင်းရဲတယ်လို့ ပြောလို့ရမယ်။ ကျောင်းသားမိဘတွေလည်း လက်လုပ်လက်စားနဲ့ ဝန်ထမ်းတွေပဲ များတယ်။ နာမည်ကြီးတဲ့ အထက်တန်းကျောင်းမှာတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေ... အရာရှိကြီးတွေရဲ့ သားသမီးတွေ တက်ကြတယ်။ အဲဒီလို နာမည်ကြီးပြီး လူကြိုက်များတဲ့ အထက်တန်းကျောင်းကို ရောက်သွားတဲ့ အလယ်တန်းကျောင်းက ကျောင်းသားတွေရဲ့ ဘဝဟာ နတ်ပြည်ကို ဇိကုတ်တင်ပေးတာလား အချွန်နဲ့ အ မ ခံရတာလား သိပ်မသဲကွဲတော့ဘူး။ ကားတွေ တဝီဝီနဲ့ ကျောင်းလာတက်တဲ့ ရွယ်တူတွေကြားမှာ ကိုယ်တွေကတော့ အိမ်ကနေ ကျောင်းကို ခြေလျှင်လာကြတယ်။ မုန့်ဖိုးတွေ သုံးမကုန်အောင် ရတဲ့သူတွေကြားမှာ အိမ်ကနေ ထမင်းဗူးထည့်လာတဲ့ ကိုယ်အပါအဝင် သူငယ်ချင်းတွေ ရှိကြတယ်။ ပြောချင်တာက အခြေခံဘဝတွေ မတူကြဘူး ဆိုတာပါပဲ။

အဲဒီအဘက်ဘက်က ဖိအားတွေကို အလယ်တန်းကျောင်းသားတွေ ခံရတယ်။ အဲဒါကို ကိုယ့်သူငယ်ချင်းတွေ အဲဒီအရွယ်မှာ မသိတာ မမြင်တာ ဖြစ်ချင်ဖြစ်မယ်။ အခုအချိန် ပြန်စဉ်းစားကြည့်ရင် အဲဒီလိုဖိအားတွေကို ကိုယ်တွေ အလူးအလိမ့် ခံခဲ့ရတာကို မြင်လာလိမ့်မယ်။ ဖိအားတွေကြောင့် ကျောင်းစာဘက်မှာ အားနည်းသွားတဲ့ သူငယ်ချင်းတွေ ရှိခဲ့တယ်။  ပညာရေး လမ်းပေါ်ရောက်နေပေမယ့် လမ်းပျောက်နေတဲ့ သူငယ်ချင်းတွေ ရှိခဲ့တယ်။ လမ်းတဝက်နဲ့ ပညာရေးကို ဆုံးခန်းရပ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့တယ်။

အထက်တန်းကျောင်းက ဆရာဆရာမတွေမှာတော့ ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူလည်း ရှိပါတယ်။ ကျူရှင်မှ ကျူရှင်ဖြစ်နေတဲ့ အတန်းပိုင်တွေ ဘာသာရပ်ဆရာမတွေ ရှိသလို ကျောသားရင်သား မခွဲခြားပဲ သင်ပြပေးတဲ့ ဆရာမတွေလည်း ရှိပါတယ်။ ဒါကြောင့် ဆရာဆရာမတွေနဲ့ ပတ်သက်ပြီး အထွေအထူး ခွဲခြားခံရတာမျိုး မရှိဘူး။ ၁၀ တန်းမှာက သိတဲ့အတိုင်းပဲ အချိန်ပြည့် ကျောင်းတက်ကြတာမှ မဟုတ်တာ။ အပြင်ကျူရှင်တွေနဲ့ပဲ နပန်းလုံးနေရတာလေ။

ဒီလိုအတွေ့အကြုံတွေကြောင့် ဆယ်တန်းသာ အောင်သွားတယ် ကိုယ်နေခဲ့ရတဲ့ အထက်တန်းကျောင်းကို ခြေဦးတောင် မလှည့်ဖြစ်ဘူး။ ဆုပေးပွဲလည်း မတက်ခဲ့ဘူး။ ကြက်ခြေနီက လုပ်တဲ့သင်တန်းတွေ ရှိလို့သာ တာဝန်အရ သွားလာခဲ့ရတာ ရှိပေမယ့် ကျန်တဲ့အချိန် ကျန်တဲ့ပွဲတွေ ကိုယ်မရောက်ခဲ့ဘူး။ ကိုယ်နေခဲ့ရတဲ့ ဆိုတာ စာသားကို သတိပြုမိတယ် ထင်တယ်။ ကိုယ်နေချင်တဲ့ ကျောင်း မဟုတ်ခဲ့ဘူး ဆိုတာ အဓိကထား ပြောချင်တာပါ။

ဒါဟာ ကိုယ်တွေလို အလယ်တန်းကျောင်းကနေ ကျောင်းပြောင်းလာရတဲ့ သူတွေအတွက်တော့ ခါးသီးတဲ့ အမှန်တရားတခုပါပဲ။ အထက်တန်းကျောင်းကို ပြန်မရောက်ပေမယ့် ကိုယ်နေခဲ့တဲ့... ကိုယ်ချစ်ရတဲ့ ဆရာဆရာမတွေ ရှိတဲ့... အလယ်တန်းကျောင်းကိုတော့ မကြာခဏ ရောက်ခဲ့တယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။

Thursday, October 19, 2017

Love yourselve and take care your health

သက်တူရွယ်တူ သူငယ်ချင်းတွေအတွက် ရေးတဲ့စာ...
ကိုယ့်သူငယ်ချင်းတွေထဲမှာ အလုပ်များလွန်းသူတွေ ရှိတယ်။ အသောက်အစား မကင်းတဲ့သူ ရှိတယ်။ ဝနေတဲ့သူတွေ ရှိတယ်။ ပေပေတေတေနဲ့ ဘဝကို ရွက်တိုက်နေတဲ့သူတွေ ရှိတယ်။

ဘယ်လို ဘဝအခြေအနေမှာပဲ ဖြစ်ဖြစ်... ဘယ်လို လူနေမှုပုံစုံမှာပဲ ဖြစ်ဖြစ်... ကိုယ့်ကိုကိုယ် ချစ်ကြပါ။ အာရောဂျံ ပရမံ လာဘံ ဆိုတဲ့အတိုင်း ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးပါပဲ။ မကျန်းမာရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အတွက် လက်ရှိဘဝထက် ပိုဆိုးတဲ့အခြေအနေကိုပဲ ဦးတည်သွားနိုင်ပါတယ်။ ဒါကို အသိတရား ရှိဖို့လိုတယ်။

ဆေးဖြစ်ဝါးဖြစ် သောက်တာပါ... အိမ်ကို လေးဘက်ထောက်ပြီး ပြန်လာတာမျိုး တွေ့ဖူးသလား... ဆိုပြီး နေ့စဉ်ရက်ဆက်နီးပါး သောက်နေတာမျိုးကတော့ မကောင်းဘူးလို့ မြင်တယ်။ ဘီယာဟာ အရက် မဟုတ်ပါဘူး ဆိုတာမျိုးကလည်း ဆင်ခြင်ပေးကြတယ်။ ငယ်တုန်းကလို အသည်းတွေ ကောင်းရင်တော့ ဘာအရေးလဲပေါ့။ အသက်တွေ မငယ်တော့တာကို ထည့်တွက်ဖို့ လိုတယ်ဆိုတာကို မေ့ထားကြပုံပဲ။

ဖင်မီးခိုးထွက်အောင် သောက်တာ မဟုတ်ဘူး။ တနေ့ကိုမှ ၃ လိပ် ၅ လိပ်ပဲ သောက်တာပါ။ အိမ်မှာတော့ ဆေးလိပ် မသောက်ဘူး။ အပြင်ရောက်မှ သောက်တာပါ။ ဘာညာကွိကွတွေ ပြောနေပေမယ့်လည်း ကိုယ့်အဆုတ်က အကောင်းတိုင်း ရှိသေးတယ် ထင်နေတာကိုက သိပ်ခက်တယ်။ ချောင်းက တဟွတ်ဟွတ် မဆိုးသေးပေမယ့် ဆေးလိပ်မသောက်တဲ့ လူထက် ချောင်းပိုဆိုးတာကို သတိထားမိရင် သိမှာပါ။

လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရဘူး။ အလုပ်က သိပ်များတယ်။ လမ်းတော့ လျှောက်ဖြစ်ပါတယ်။ ဘယ်လို လျှောက်သလဲဆိုတော့ ရုံးမှာ ထိုင်နေတဲ့နေရာကနေ အိမ်သာဆီကို လျှောက်ဖြစ်တယ်တဲ့။ အေးပေါ့... လေးဘက်ထောက် သွားလို့မှ မရတာပဲလေ။ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်အောင် ကြိုးစားနေပါတယ်။ အပြောကတော့ ဟုတ်နေတာပဲ။ လူကတော့ ခါးတုတ်နေပြီ။ မျက်နှာက မောင့်လပြည့်ဝန်းလို ပြည့်ဖောင်းနေပြီ။

ကိုယ့်ကိုကိုယ်မှ မချစ်တတ်ရင်တော့ ဘေးလူအနေနဲ့ ဘာမှ ဝင်လုပ်ပေးလို့ မရဘူး။ ကိုယ့်ကိုကိုယ်ချစ်ရင် ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်။ သောက်စားတာကို လျှော့သင့်တာ လျှော့ ရပ်သင့်တာကို ရပ်ပစ်ဖို့ လိုမယ်။ လေ့ကျင့်ခန်းကို ၁ ရက်ကို ၁ နာရီစာတော့ အချိန်ပေး လုပ်သင့်တယ်။ ၁ နာရီတောက်လျှောက် အချိန်မပေးနိုင်ရင်တောင် ၁၅ မိနစ်ကို ၄ ခါခွဲပြီး အချိန်ပေးလည်း အဆင်ပြေတယ်။

ကိုယ်ကတော့ အိမ်မှာ အပြေးလေ့ကျင့်စက် ဝယ်ထားတယ်။ အဲဒါက နေပူလွန်း မိုးရွာနေရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်ပေးလို့ မရအောင် လုပ်ထားတာ။ အလုပ်တွေ များလွန်းလို့ အပြင်ထွက် အားကစား မလုပ်နိုင်ရင် စက်ပေါ်မှာ နာရီဝက်လောက် တက်ပြေးဖြစ်တယ်။

မနက်ပိုင်းမှာ ရုံးကို သွားတဲ့အခါ အိမ်ကနေ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်တယ်။ ကားဂိတ်မှာ ထိုင်မနေပဲ ဘတ်စ်ကား မလာမချင်း အနီးအနားက တိုက်အောက်တွေထဲမှာ လမ်းပတ်လျှောက်တယ်။ အဲဒီမှာ ၇ မိနစ်ကနေ ၁၅ မိနစ်ကြား လမ်းလျှောက်ဖြစ်တယ်။ ရုံးနားက ဘတ်စ်ကားဂိတ်ကနေ ရုံးကိုလည်း ၁၀ မိနစ်လောက် လမ်းလျှောက်ရတယ်။

နေရိပ်တဲ့ညနေခင်းဆိုရင် ရုံးကနေ အိမ်ကို စက်ဘီးစီး ပြန်တယ်။ စက်ဘီးစီးတာက ၁ နာရီလောက် အချိန်ပေး နင်းရတယ်။ ကုန်းအတက်အဆင်း ၅ ခု လောက် ဖြတ်ကျော်ရတယ်။ အိမ်ရောက်ရင် လူက တကိုယ်လုံး ချွေးစိုစိုရွှဲပဲ။ ဒါပေမယ့် စိတ်လက်ပေါ့ပါးစေတယ်။
တနေ့ကို ခြေလှမ်းပေါင်း ၁ သောင်းကျော်အောင် လမ်းလျှောက်တယ်။ လေ့ကျင့်ခန်းကို မိနစ် ၃၀ လုပ်ကို လုပ်ဖို့ သတ်မှတ်ထားပေမယ့် လေ့ကျင့်ခန်းက ၁ နာရီစာလောက် လုပ်ဖြစ်တယ်။ တခါတလေမှာ အဲဒီထက်တောင် ပိုသေးတယ်။

တခါတလေ အပျင်းတစ်ပြီး မလုပ်ချင် မကိုင်ချင် ရှိပေမယ့် ကိုယ့်ကိုကိုယ် ချစ်တော့လည်း ကိုယ့်ခန္ဓာကိုယ်ကြီးကို ခိုင်းရပါတယ်။ ကိုယ်မှ မခိုင်းရင် အဲဒီခန္ဓာကြီးက နေ့စဉ်စားသောက်သမျှရဲ့ ဘေးထွက်ပစ္စည်း အဆီအဆိမ့် အဆိပ်တွေ စုပုံသံချေးတွေတက်ပြီး ပျက်ဆီးသွားမှာပဲလေ။

ကဲ... သူငယ်ချင်းတို့ ချစ်လို့ ပြောတာ မှတ်ပါ။ မင်းတို့ကိုယ်တိုင် ကိုယ့်ကိုကိုယ် မချစ်တတ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပဲ။ ဘယ်သူကမှ အစားထိုး ဝင်ခံပေးလို့ မရဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်း သဘောပေါက်။

ဘယ်သူ့ကို ပြောနေတာလဲလို့ လာမမေးနဲ့။ ကိုယ့်သူငယ်ချင်းဖြစ်တဲ့ မင်းတို့ကိုပဲ ပြောနေတာပါ။ ဒီထက် ရှင်းတာ မရှိတော့ဘူး ဟုတ်တယ် ဟုတ်။

ကဲ လိုက်ဆို... ဥုံ မပျင်းနဲ့ မဖျင်းနဲ့ သူငယ်ချင်းတို့။ :)

Tuesday, October 17, 2017

Yoon and HFMD

ပြီးခဲ့တဲ့ ၂ ပတ်တုန်းက ယွန်းရဲ့ကျောင်းက ယွန်းကို နှုတ်ခမ်းအတွင်းသားမှာ အနီစက်လေးတွေ ပေါ်နေလို့ဆိုပြီး HFMD (Hand Foot Mouth Disease) လို့ သံသယရှိတယ်ဆိုပြီး ကျောင်းပေးမတက်ဘူး။ ကျောင်းကနေ ချက်ချင်း ပြန်လွှတ်တယ်။ ကလေးက ဖျားလည်း မဖျားဘူး။ လက်တွေ ခြေတွေမှာလည်း အနီစက်တွေ မပေါ်ဘူး။ လန်းလန်းဆန်းဆန်းပဲ။

ယွန်းတို့ကျောင်းက အဲဒီလို HFMD တွေ တွေ့ရင် မိဘတွေအားလုံးဆီကို ကျောင်းမှာ HFMD တွေ့တယ်ဆိုတာမျိုး အီးမေးလ်ပို့တယ်။ ယွန်းကို အိမ်ပြန်လွှတ်ပြီး အဲဒီလို အီးမေးလ် ပို့တော့လည်း ကိုယ်တွေကလည်း HFMD ဖြစ်တယ်ထင်ပြီး ကလေးကို ရေများများတိုက်ပြီး စောင့်ကြည့်ရတာပေါ့။ Virus ဆိုတော့လည်း ကိုယ်ခံအားစနစ်ကပဲ တိုက်ထုတ်ရမှာဖြစ်တော့ ဆေးခန်းတော့ သွားမပြဖြစ်ဘူး။ 

အဲဒါနဲ့ ယွန်းက ၃ ရက်လောက် ကျောင်းမတက်ဖြစ်ဘူး။ နှုတ်ခမ်းထဲမှာ အနီစက်တွေ ပျောက်သွားလို့ ကျောင်းကို ပြန်သွားတော့လည်း ကျောင်းက ဆရာဝန်ရဲ့ ဆေးစာတောင်းတယ်။ ဆရာဝန်မှ မပြတာ ဘယ်က ဆရာဝန်ရဲ့ဆေးစာ ရှိမလဲပေါ့။ အဲဒီနေ့ကတော့ ကလေးကို အသေအချာ စစ်ကြဆေးကြတယ်။ ပါးစပ်ထဲကို အပြူးအပြဲ ကြည့်ကြတယ်။ လက်တွေ ခြေတွေကို အပြန်ပြန်အလှန်လှန် စစ်ကြတယ်။

ဖြစ်ချင်တော့ ကျောင်းပြန်တက်ပြီး နောက်တရက်မနက်ကျတော့ ယွန်းက ဖျားပါလေရော။ ဖျားတာက ရိုးရိုးနှာစေးချောင်းဆိုးပါ။ ဒီတခါတော့ ဆရာဝန် ပြလိုက်တယ်။ ဆရာဝန်ပြရင်း HFMD ဟုတ် မဟုတ်ကို မှတ်ချက်ပေးခိုင်းတော့ ဆရာဝန်က HFMD မဟုတ်ကြောင်း ဆေးစာရေးပေးတယ်။ ဆေးစာရေးခ ၁၀ ဒေါ်လာတော့ပေးရတယ်။

အဲဒီဆေးစာပြပြီး ကျောင်းပြန်တက်တော့မှ အဆင်ပြေတယ်။ မဟုတ်ရင် ကျောင်းက HFMD များဖြစ်နေမလား ဆိုပြီး ကလေးကို အပြူးအပြဲ စစ်ဆေးလွန်းလို့ ကလေးမှာ သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်လေးကို ဖြစ်လို့။ အဲဒီလို ဆေးစာပြပြီး ကျောင်းတက်လို့ ရမှန်းသိရင်လည်း ကျောင်း ၃ ရက် အပျက် ဘယ်ခံမလဲ။

ပြောချင်တာက HFMD ဆိုပြီး ကျောင်းက ပြန်လွှတ်ရင် အနီးအနားက ဆေးခန်းပြပြီး ဆေးစာတောင်းလိုက်ပါ။ ကလေးအထူးကုနဲ့ ပြဖို့တောင် မလိုပါဘူး။ ဆရာဝန်က HFMD မဟုတ်ဘူးလို့ မှတ်ချက်ပေးရင် ကလေးကလည်း လန်းလန်းဆန်းဆန်း နေကောင်းတယ်ဆိုရင် ကျောင်းလွှတ်လို့ ရပါတယ်။

Friday, September 22, 2017

To be the Head of a Dog

ဒီနေ့ ကိုယ်တွေရဲ့ ရုံးဖွင့်ပွဲအခမ်းအနားကို စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း လာမယ်။ အဲဒီပွဲမှာ ကုမ္ပဏီအနေနဲ့ သူကို ပြဖို့ ပရောဂျက် ၅ ခု ရှိတယ်။ ၁ ခုက ရုံးအဆောက်အဦးမှာ ပြပြီးတော့ ကျန်တဲ့ ၄ ခုကတော့ ဂိုဒေါင်ထဲမှာ ပြရမယ်။ ကိုယ်က အဲဒီဂိုဒေါင်မှာ တာဝန်ကျတယ်။

ဝန်ကြီးချုပ် လာမယ့် အနီးဆုံးလမ်းကြောင်းမှာ တာဝန်ယူရတဲ့အတွက် ၂ ပတ်အလိုကတည်းက စင်္ကာပူရဲတပ်ဖွဲ့ကို ကိုယ်ရေးအချက်အလက်တွေ ပို့ထားရတယ်။ ဒီနေ့ ဂိုဒေါင်ထဲ စဝင်တာ အသင့်ရောက်နေတဲ့ ရဲတပ်ဖွဲ့က အိုင်စီတောင်းတယ်။ အကုန်စစ်ပြီးလို့ အိုခေတယ် ဆိုတော့မှ sticker ကပ်ပေးတယ်။ အထဲ ဝင်ပြီးသွားရင် ပြန်ထွက်လို့ မရတော့ဘူး။

ဝန်ကြီးချုပ်က မလာရသေးဘူး... သူ့ရုံးက Media အဖွဲ့ကတော့ ရောက်နေပြီ ဗီဒီယို ဓါတ်ပုံ ရိုက်စရာရှိတာတွေ ရိုက်... မေးစရာရှိတာတွေ မေး။ ပြီးရင် အချိန်နဲ့တပြေးညီ သတင်းတွေ တက်လာတော့မယ်။ အဲဒီအဖွဲ့ထဲမှာ ကင်မရာမင်း ၂ ယောက်၊ ဓါတ်ပုံဆရာ ၂ ယောက်၊ သတင်းထောက်နဲ့ အယ်ဒီတာတွေ ၆ ယောက် ပါတယ်။

ပရောဂျက် ၅ ခုထဲမှာ ၃ ခုက ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်နဲ့ ဒီနှစ်အတွင်းမှာ လုပ်နေဆဲ ပရောဂျက်ပါ။ ကျန်တဲ့ ၂ ခုက ရှေ့နှစ်တုန်းက ကိုယ်တိုင် အစပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တခြားအဖွဲ့ကို လွှဲပေးခဲ့တဲ့ ပရောဂျက်ပါ။ ပရောဂျက် ၅ ခုစလုံးမှာ ကိုယ် အစပြုခဲ့တာနဲ့ ပါဝင်ပတ်သက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုနိုင်တယ်။

ဒီကုမ္ပဏီကို ပြန်လာခဲ့တာ အဲဒီလို အကြောင်းတရားတွေကြောင့်ပဲ။ ကိုယ်တိုင် ဦးဆောင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ကြိုးစားခွင့် အကောင်အထည် ဖော်ခွင့် ရှိတယ်။ နိုင်ငံတကာက ကမ္ဘာကျော်ကုမ္ပဏီတွေနဲ့ ယှဉ်ရင် ကိုယ်တွေရဲ့ ကုမ္ပဏီက ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ခြင်္သေ့ရဲ့ အမြီး ဖြစ်မယ့်အစား ခွေးရဲ့ ခေါင်းပဲ ဖြစ်ချင်မိပါတယ်။ နေရာတကာမှာ နောက်ကနေ လိုက်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့ ခေါင်းငြိမ့်နေပြီး အချိန်တန် လခယူနေရမယ့် ကမ္ဘာကျော်ကုမ္ပဏီကြီးက အလုပ်ထက်... ကိုယ်တိုင် လုပ်ရကိုင်ရ အမှားတွေ ကြုံရ ဒုက္ခတွေ ခံရ လေ့လာသင်ယူရ ပင်ပန်းခံရတဲ့... ကမ္ဘာမကျော်သေးတဲ့ ကုမ္ပဏီအသေးက အလုပ်က ကိုယ့်ဘဝအတွက် ပိုပြီးတော့ အဓိပ္ပါယ် ရှိပါတယ်။


I'm very delighted to be the head of a dog than the tail of a lion.

Monday, September 11, 2017

Try to see it clearly

လူမျိုးတူတယ် နိုင်ငံသားမတူဘူး... အဲဒါဆို သူနဲ့ကိုယ်ဟာ တမြေခြားက နိုင်ငံခြားသားပဲ။

ဘာသာတူတယ် နိုင်ငံသားမတူဘူး... အဲဒါဆို သူနဲ့ကိုယ်ဟာ တမြေခြားက နိုင်ငံခြားသားပဲ။

လူမျိုးမတူဘူး နိုင်ငံသားတူတယ်... အဲဒါဆို သူနဲ့ကိုယ်ဟာ တမြေတည်းနေ တရေတည်းသောက် နိုင်ငံသားပဲ။

ဘာသာမတူဘူး နိုင်ငံတူတယ်... အဲဒါဆို သူနဲ့ကိုယ်ဟာ တမြေတည်းနေ တရေတည်းသောက် နိုင်ငံသားပဲ။

ကိုးကွယ်ရာ ဘာသာ၊ လူမျိုးနဲ့ နိုင်ငံသားကို ခွဲခြားမြင်တတ်ဖို့ လိုတယ်။

ကိုယ့်အချင်းချင်း အပြန်အလှန် ပျက်စီးအောင် လုပ်နေမှတော့ ဘယ်လိုလုပ် အတူတကွ တိုးတက်နိုင်ကြတော့မလဲ။ ကိုယ့်တိုင်းပြည်ထဲက လူတွေရဲ့စည်းစိမ်ဥစ္စာတွေ စီးပွါးရေးတွေ ဘဝအခြေအနေတွေ ပျက်စီးသွားတာမျိုးဟာ ကောင်းတာမှ မဟုတ်တာ။

အခြေအနေ ယိုင်နဲ့သွားတာတောင် မနည်း ပြန်တည့်ယူရတဲ့ ခေတ်ကြီးမှာ ဘဝကို ၁ ကနေ ပြန်စရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူး။

ကိုယ်တွေရဲ့ တိုင်းပြည်က ချမ်းသာနေတာလည်း မဟုတ်ဘူး။ ဆင်းရဲတာရှည်နေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးသူတွေ များသထက် များအောင် လုပ်နေတာဟာ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ အနာဂတ် မျိုးဆက်သစ်တွေအတွက်လည်း မကောင်းဘူး။ အဲဒါကို မြင်အောင် ကြည့်ကြပါ။

Saturday, August 12, 2017

My Music World

ဂီတအနုပညာဆိုတာ ကိုယ်နဲ့ တကယ့်တကယ်ကို အဝေးကြီးပါ။ သီချင်းလည်း မဆိုတတ်သလို ဘာတူရိယာမှလည်း မတီးတတ်ဘူး။ ဘယ်သီချင်းမှလည်း အစအဆုံး လုံးစေ့ပတ်စေ့ အလွတ်မရဘူး။ ဒါပေမယ့် သီချင်းတွေနဲ့ ရင်းနှီးတယ်လို့ ပြောချင်တယ်။ သို့ပေမယ့် အဲဒီရင်းနှီးတဲ့ သီချင်းတွေက ကိုယ်တွေခေတ်က အဆိုတော်တွေရဲ့ သီချင်း မဟုတ်သလို အခုခေတ် အဆိုတော်တွေရဲ့ သီချင်းတွေလည်း မဟုတ်ဘူး။ ကိုယ့်အဖေအမေ ဦးလေးအဒေါ်တွေ ခေတ်က သီချင်းတွေနဲ့ ရင်းနှီးနေတာ။

ငယ်ငယ်တုန်းက ကျောင်းမတက်မီအရွယ်မှာ အဖေဘက်က အဖွားအိမ်မှာ အနေများတယ်။ အဲဒီအိမ်မှာက ဦးလေးက မနက်မိုးလင်းတာနဲ့ ကက်ဆက် ဖွင့်တယ်။ အဆိုတော် ခင်ဝမ်းရဲ့ ဧရာဝတီ.... ဧရာဝတီ ဆိုတာကို မနက်တိုင်း ကြားရတယ်။ ဆော်လမွန်ငါးတို့အပြန်လည်း ကြားရတယ်။ ပြည်မှာဆောင်း၊ နဒီမင်္ဂလာတို့ ဆက်တိုက် လာလိမ့်မယ်။ ခင်ဝမ်း ဖွင့်လို့ပြီးသွားရင် စိုင်းထီးဆိုင် အလှည့်ပဲ။ မောင့်လပြည့်ဝန်းက မပါမဖြစ်ပဲ။ ခွဲစိတ်ခန်းက ဆရာမလေးကိုလည်း သတိရမိတယ်။ တခါတလေ လွှမ်းမိုးသီချင်းတွေ ဖွင့်တယ်။ မိုးစက်တင်လေနဲ့ ရင်တွင်းမေကို ငယ်ငယ်ကတည်းက နားယဉ်နေခဲ့တယ်။

ကျောင်းတက်တဲ့အရွယ်မှာ အမေဘက်က အဖွားအိမ်မှာ နေဖြစ်တယ်။ အဲဒီမှာက လက်ဖက်ရည်ဆိုင် ဖွင့်ထားတော့ ကက်ဆက်က တနေကုန်နီးပါး ဖွင့်ထားရတယ်။ ဆိုင်ကလည်း အဲဒီခေတ် အဲဒီအချိန်မှာ အတော်လေးကို ရောင်းကောင်းတဲ့ လက်ဖက်ရည်ဆိုင်ပဲ။ လက်ဖက်ရည်ဆိုင်မှာ ခင်မောင်တိုး၊ ခိုင်ထူး၊ ခင်မောင်ထူး၊ စိုးလွင်လွင်၊ တူးတူး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ အောင်ရင်၊ ထူးအိမ်သင်တို့ရဲ့ သီချင်းတွေကို ဖွင့်တာ များတယ်။ မေဆွိ ကော်နီ ဟေမာနေဝင်း သီချင်းတွေလည်း ဖွင့်တယ်။

ငယ်ငယ်ကတည်းက ခိုင်ထူးရဲ့ ရွှေလည်တိုင် သီချင်းကို အလွန်သဘောကျမိတာ အခု အရွယ်ထိ အဲဒီသီချင်းက အကြိုက်ဆုံး သီချင်းအဖြစ် နေရာယူထားတယ်။ သံစဉ်လေးက ချိုမြသလို စာသားတွေကလည်း နူးညံ့တယ်။ ခတ္တာ၊ တေးမြုံငှက်၊ နေရာဟောင်းနဲ့ စစ်ကိုင်းလမ်းကိုလည်း ကြိုက်မိတယ်။ အဲဒီအရွယ်မှာ သီချင်းရဲ့ အဓိပ္ပါယ်တွေကို သိလို့ နားလည်လို့ ကြိုက်တာ မဟုတ်ဘူး။ နားထောင်ရတာ ကောင်းလို့ သဘောကျ ကြိုက်မိတာ။ ခိုင်ထူးရဲ့ ဆို နဲ့ တို့လာတယ် သီချင်းကို ငယ်ငယ်တုန်းကတော့ အတော် နားငြီးမိတယ်။ အရမ်းအော်လွန်းတယ်လို့ ခံစားရလို့။

ခင်မောင်တိုးရဲ့ ပန်းချစ်သူ၊ တူးတူးရဲ့ မိဆိုး၊ ကေသရီနဲ့ သူ၊ ခင်မောင်ထူးရဲ့ ရွှေမန်းသူ၊ အချစ်အယူခံနဲ့ မောင့်ဆေးကျောင်းသူ၊ ဂျေမောင်မောင်ရဲ့ အလွမ်းကဖေး၊ ဂျေညီညီရဲ့ ဒီမိုး သီချင်းတွေကလည်း နားထဲရောက် ခေါင်းထဲမှာ စွဲထင်မှတ်မိနေတဲ့ သီချင်းတွေပဲ။

ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်း နားထောင်မိတိုင်း ရထားကြီး ခုတ်မောင်းလာတာကို အရင်ခံစားမိသလို ဘာဂျာသံလေးကိုလည်း သဘောကျတယ်။ အဓိပတိလမ်းက ခြေရာများနဲ့ ဂျက်ဆင်ထိပ်က လရိပ်ပြာ နားထောင်မိတိုင်း တက္ကသိုလ်ဆိုတာကြီးကို တက်ချင်မိတယ်။ ဒါပေမယ့် ကိုယ်တွေခေတ်မှာ အဲဒီဆန္ဒက မပြည့်ခဲ့ပါဘူး။ ချစ်တိုင်းလည်း မညား ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။
စိုးလွင်လွင်ရဲ့ စိုးစိတ်တိုးတိတ်လွမ်းချိန်၊ ငယ်သူမို့နဲ့ မောင့်မျက်ရည်ဝိုင်း သီချင်းတွေကို တခါတလေ နှုတ်ဖျားမှာ ဆိုညည်းမိရင် အိမ်သူသက်ထားက တချက်ချက် လှမ်းလှမ်းကြည့်တတ်တယ်။ ငယ်ရည်းစားတွေကိုများ မသိစိတ်က လွမ်းနေသလားပေါ့။

ပြောချင်တာက အဲဒီခေတ်က အဆိုတော်ကြီးတွေရဲ့ သီချင်းတွေဟာ ကိုယ့်အတွက်တော့ ကောင်းလွန်းမက ကောင်းလွန်းပါတယ်။ ကိုယ်တွေရဲ့ ခေတ်မှာလည်း အဆိုတော်တွေ အများကြီး ထွက်လာပေမယ့် ကိုယ့်နားထဲမှာ နှလုံးသားထဲမှာ ကိုယ့်ရှေ့တခေတ်က အဆိုတော်တွေရဲ့ သီချင်းတွေကပဲ လွှမ်းမိုးချုပ်ကိုင် နေရာယူ ကြီးစိုးထားတယ်။ သူတို့သီချင်းတွေပဲ နှစ်ခြိုက်နေမိတယ်။

သေသွားမှ တန်ဖိုးထားတာမျိုး မဟုတ်ပါဘူး။ ဖွင့်ပြောဖို့ အကြောင်း မတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့တာမျိုးပါ။ သူတို့ရဲ့ သီချင်းတွေကို တန်ဖိုးလည်း ထားတယ်။ မြတ်နိုးမှုလည်း ရှိတယ်။ လေးစားချစ်ခင်မှုလည်း ပါတယ်။ အဲဒီလိုပဲ နှမြောတမ်းတမှုလည်း အပြည့်ပဲ။ ဒါကို ဘယ်အချိန် မေးမေး ဒီအဖြေပဲ ထွက်တယ်။

Tuesday, August 1, 2017

Funny nick of my YTU friends

YTU က သူငယ်ချင်းအချို့ဆို နာမည်ရင်းတွေ မမှတ်မိဘူး။ ကျောင်းမှာကတည်းက နာမည်ပြောင်တွေပဲ ခေါ်နေတော့ နာမည်ရင်းက ဘာလဲဆိုတာ ပြန်တောင် မေးယူရတယ်။ နာမည်ပြောင်တွေက ကျောင်းကို မရောက်လာခင်ကတည်းက ရှိပြီးသားတွေ ဖြစ်သလို ကျောင်းကို ရောက်လာပြီးမှ နာမည်ပြောင်အသစ်တွေ ရတာလည်း ရှိပြန်တယ်။

ကျောင်းမှာ မေဂျာတူ သွားအတူ လာအတူ ကေခိုင် ဆိုတဲ့ နာမည်နဲ့ ၂ ယောက်ရှိတယ်။ ၂ ယောက်စလုံးက သာကေတကပဲ။ အဲဒီတော့ အရပ်ရှည်တဲ့ တယောက်က ကေရှည် ဖြစ်သွားပြီး အရပ်ပုတဲ့ တယောက်က ကေပု ဖြစ်သွားတယ်။

စဝက်ဆိုတဲ့ တယောက်က အတော်မျက်နှာပြောင်တယ်။ နာမည်ပြောင်တွေက သူ့ဆီက ထွက်လာတာ များတယ်။ သူလုပ်လို့ပဲ ကိုယ်လည်း ဖန်သခင်လေး ဆိုပြီး နာမည်ရသွားတယ်။ သူလည်း ဖန်သခင်ကြီးဆိုပြီး နာမည်တွင်သွားတယ်။ ကျောင်းမှာ ဖန်သခင်လေးနဲ့ ဖန်သခင်ကြီးဆိုပြီး ၂ ယောက် ရှိသွားတယ်။

အဲဒီခေတ် အဲဒီအချိန်က တရုတ်သိုင်းကားတွေ ခေတ်စားနေတယ်။ သူငယ်ချင်းတယောက်ရဲ့ နာမည်ပြောင်က ဖုန်းဖင်တဲ့။ ဖုန်းကင်ကနေပဲ ဖုန်းဖင် ဖြစ်သွားသလားတော့ မသိဘူး။

နောက်တယောက်က အဘိုးကြီး။ ပိန်ပိန်ပါးပါးနဲ့ ခပ်ပြုံးပြုံးလေး နေတတ်တဲ့ တယောက်။ ကွမ်းအရမ်း စားတယ်။ သူ့နာမည်ရင်း ပျောက်ပြီး အဘိုးကြီးလို့ပဲ သူငယ်ချင်းတွေက ခေါ်ကြတယ်။

မအူကုန်းဘက်က သူငယ်ချင်းတယောက်ကို ကလီးယားလို့ ခေါ်တယ်။ အရပ်ရှည်ရှည်နဲ့ သဘောကောင်းတဲ့ သူငယ်ချင်းပါ။ ကျောင်းတက်တုန်းက ညနေဘက်ဆို သူ့ဆီကို စက်ဘီးစီးပြီး စာလုပ်ဖို့ ရောက်ဖြစ်တယ်။

အခု ဂီတာဆရာကြီးဖြစ်နေတဲ့ တယောက်ကို အစက မတ်တယ်ကြီးလို့ ခေါ်ကြတယ်။ သူက မတ်တယ်ဂီတကို ရူးသွပ်ခုံမင်သူ။ တနေ့ ကျူရှင်ကို ဘရိတ်ဓါးပုံ ဆွဲသီးပါတဲ့ ဆွဲကြိုးကြီး ဝတ်လာတယ်။ အဲဒီကနေ သူ့နာမည်က ဘရိတ်ဓါး ဖြစ်သွားတယ်။ ရှေ့ရက်တွေတုန်းက ကင်းမြီးကောက်ပုံ အရိုးခေါင်းပုံ ဆွဲသီးကြီးတွေ ဝတ်လာပေမယ့် ဘရိတ်ဓါးကျမှ နာမည်တွင်သွားတယ်။

နောက်တယောက်က ဗံဒါသီး။ သူက တရက် ကျူရှင်ကို အလာ ကျူရှင်အရှေ့က လမ်းမှာ ဗံဒါသီးမှတ်ပြီး ကောက်ကိုင်လိုက်တာ ခွေးချေးတုံးကြီး ဖြစ်နေတယ်။ အဲဒီကနေ သူ့နာမည်ပြောင်က ဗံဒါသီး ဖြစ်သွားတယ်။

အေမီအောင် ဆိုတဲ့ သူငယ်ချင်းကိုတော့ သူ့နာမည်ကို အမြန်ခေါ်ရင်း အိမ်မြှောင် ဖြစ်သွားတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေက သူ့ကို အိမ်မြှောင်လို့ပဲ ခေါ်ကြတယ်။

မျိုးကြီးသီချင်းတွေကို ကြိုက်ပြီး သီချင်းဆိုရတာ ဝါသနာပါတဲ့ သူငယ်ချင်းတယောက် ရှိပြန်တယ်။ သူ့အသံက ရှတတ အက်ကွဲကွဲကြီး။ ရော့ခ်သီချင်းတွေ အော်ဆိုရတာကို ကြိုက်တဲ့သူဟာ အာပြဲခြောက် ဆိုတဲ့ နာမည်တခု ရလိုက်တယ်။

ခရမ်းဘက်ကနေ ကျောင်းလာတက်တဲ့ ၃ ယောက်ကို ခရမ်းသီး ၃ လုံးလို့ နာမည်ပေးထားလိုက်တယ်။ ခရမ်းသီးရေလို့ ခေါ်လိုက်ရင် သူတို့ကို ခေါ်မှန်း သိကြတယ်။ တယောက်က တရုတ်ဖြစ်လို့ သူ့ကို တရုတ်ခရမ်းသီးလို့ ခေါ်သေးတယ်။

မှတ်မိသလောက် ချရေးကြည့်တာပါ။ ကျန်ခဲ့တာတွေ ရှိနိုင်ပါသေးတယ်။

Sunday, July 30, 2017

Some part of my YTU student life

YTU တက်တုန်းက အပြင်ကျူရှင်ဆိုလို့ သချာင်္နဲ့ ရူပဗေဒ ၂ ခုပဲ ဖြစ်ဖြစ်မြောက်မြောက် တက်ခဲ့ဖူးတယ်။ ကျန်တဲ့ဘာသာတွေက စာမေးပွဲ အနီးကပ်မှ ဖြစ်သလို လက်ပူတိုက်ပြီး ဖြေလိုက်တာ များတယ်။

ပြောမယ့်သာ ပြောတာ ကျောင်းလည်း ပုံမှန် တက်တာ မဟုတ်တော့ ကျူရှင်မယူပဲ အနားကပ်မှ လွတ်ခဲ့တဲ့ ကျောင်းစာတွေ မိတ္တူကူး သူငယ်ချင်းတွေနဲ့ ဆရာမတွေကို စာရှင်းပေးဖို့ အကူအညီတောင်း အရပ်ကူပါ လူဝိုင်းပါ လုပ်ပြီး စာမေးပွဲအောင်လာတာ ကံကောင်းတယ်ပဲ ပြောရမယ်။

ရူပဗေဒကို ဆရာ(ဒေါက်တာ)ဦးဇော်ဝေက လသာဘက်က သူငယ်ချင်းတယောက်အိမ်မှာ စုပြီး သင်ပေးတယ်။ သင်္ချာကိုတော့ ရန်ကင်းက ဆရာမဒေါ်သင်းသင်းကြူမှာ တက်ခဲ့တယ်။ ကျောင်းကိုသာ မရောက်ပေမယ့် ကျူရှင်ကိုတော့ မပျက်မကွက် တက်ခဲ့တယ်။ ကျောင်းတက်ရတာ ပင်ပန်းသလောက် ကျူရှင်တက်ရတာ ပျော်ဖို့ ကောင်းတယ်။ 

အထူးသဖြင့် သချာင်္ကျူရှင်က စနေ တနင်္ဂနွေ ညနေပိုင်းတွေ ဆိုတော့ ကျူရှင်ပြီးရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ကျူရှင်ကို ရောက်လာတဲ့အချိန်က မတူပေမယ့် ကျူရှင်ဆင်းတဲ့အချိန်က တူတော့ မေဂျာပေါင်းစုံက သူငယ်ချင်းတွေ အဲဒီအချိန်မှာ လူစုံကြတယ်။ ပထမနှစ်ကတည်းက အတူတူ ကျူရှင်တက်လာခဲ့တဲ့သူတွေ ဆိုတော့ မေဂျာတူ သူငယ်ချင်းတွေထက် ကိုယ်တွေက ကျူရှင်က သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးကြတယ်။

ကျူရှင်ဆင်းပြီးရင် ညမိုးချုပ်နေပေမယ့် အိမ်တန်းမပြန်ကြဘူး။ ဗိုက်ဆာလို့ အဆာပြေ ပဲပလာတာ စားကြတယ်။ လက်ဖက်ရည် သောက်ကြတယ်။ တချို့က ကော်ဖီမစ် သောက်တယ်။ ဆေးလိပ်သောက် ကွမ်းစားတဲ့သူလည်း ရှိကြတယ်။

ပုံမှန်အားဖြင့် လက်ဖက်ရည်ဆိုင် သွားထိုင်ရင် စဝက်၊ သားငယ်၊ ဘရိတ်ဓါး၊ စည်သာ၊ အဘိုးကြီး၊ ညီဝင်း၊ ရဲကြီး၊ ဗံဒါသီးနဲ့ ရန်ကင်းသား သန့်ဇင်တို့က အမြဲလိုလို ပါကြတယ်။ မိန်းခလေးထဲမှာ ရန်ကင်းသူ နန်းငယ်က တခါတလေ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တယ်။

ကျောင်းမှာ မေဂျာမတူလို့ တပတ်လုံး မတွေ့ခဲ့သမျှကို အတိုးချပြီး စကားတွေ ပြောကြတယ်။ ဟာသတွေ ပြောကြတယ်။ တယောက်နဲ့ တယောက် အတည်ပေါက်နဲ့ ချောက်တွန်းကြတယ်။ လက်ဖက်ရည်ဆိုင်မှာ နာရီဝက် ၁ နာရီလောက် ထိုင်ပြီးရင် အိမ်ပြန်ကြတယ်။ ဘတ်စ်ကား စီးတဲ့သူက စီး... စက်ဘီးနင်းတဲ့သူက နင်း... လမ်းလျှောက်ပြန်တဲ့သူက ပြန်ပေါ့။

စဝက်၊ အဘိုးကြီး၊ သန့်ဇင်နဲ့ နန်းငယ်က အခု စင်္ကာပူမှာ အလုပ်တွေ လုပ်ပြီး နေကြတယ်။ ကျန်တဲ့သူတွေက ရန်ကုန်မှာပဲ။ ဘရိတ်ဓါးကတော့ ဂီတာဆရာကြီး ဟဲဗီးမတ်တယ် ဖြစ်နေပြီ။

ဘာရယ်တော့ မဟုတ်ပါဘူး... အဲဒီအချိန်တွေကို ပြန်တွေးမိပြီး YTU က သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ကျူရှင်တက်ခဲ့ရတာကို သတိရလို့ ဘဝရဲ့ အမှတ်တရတခုအနေနဲ့ ရေးလိုက်တာပါ။

Saturday, July 22, 2017

Adaption in life

ခေတ်စနစ်ဆိုတာ တဖြည်းဖြည်းချင်း ပြောင်းလဲနေတဲ့သဘော ရှိသလို ဝုန်းဒိုင်းကြီးလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ဟိုအရင်တုန်းက စာရေးရင် ပေရွက်ပေါ်မှာ ကညစ်နဲ့ ရေးရတယ်။ အဲဒီကနေ စာရွက်တွေ ပေါ်လာတော့ စာရွက်ပေါ်မှာ ရေးတယ်။ ပေရွက်တွေ သုံးတာ ပျောက်သွားတယ်။ စာရေးရတာတွေ များလွန်းတော့ လက်နှိပ်စက်တွေ ပေါ်လာပြီး လက်နှိပ်စက်နဲ့ စာရိုက်ကြတယ်။ ကွန်ပျူတာတွေ ပေါ်လာတော့ စာစီစာရိုက်က ကွန်ပျူတာနဲ့ ဖြစ်သွားတယ်။ လက်နှိပ်စက်နဲ့ ရိုက်ရတဲ့ခေတ် ကုန်သွားပြီလို့တောင် ပြောလို့ရသွားတယ်။

တနယ်တကျေးကို အပြန်အလှန် ဆက်သွယ်ချင်ရင် ရှေးအရင်က စာပို့ခိုတွေ သုံးကြတယ်။ ဆက်သားတွေ သုံးကြတယ်။ စာပို့စနစ်တွေ ထွန်းကားလာပြီး နောက်ပိုင်းမှာ ကြေးနန်းစာပို့စနစ်တွေ ပေါ်လာတော့ အရေးကြီးရင် ကြီးသလို ကြေးနန်းရိုက်ကြတယ်။ နောက်တော့ တယ်လီဖုန်းတွေ ပေါ်လာတော့ ဖုန်းဆက် ပြောကြတယ်။ အခုဆို အင်တာနက်ကတဆင့် နိုင်ငံခြားအထိ ငွေသိပ်မကုန်ပဲ ဆက်သွယ် ပြောဆိုလို့ ရလာပြီ။ ကြေးနန်းစနစ်တွေတောင် သုံးတဲ့လူ သိပ်မရှိကြတော့ဘူး။

ရန်ကုန်က ဘတ်စ်ကားတွေမှာ ယာဉ်နောက်လိုက် ယာဉ်အကူတွေ ထားကြတယ်။ အဲဒီဟာမှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပြန်တယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာက ပိုများသလဲဆိုတာက ဘတ်စ်ကားကို နေ့စဉ်စီးနင်းနေတဲ့ ခရီးသည်တွေက အသိဆုံးပဲ ဖြစ်မှာပါ။ အခုနောက်ပိုင်းမှာ ယာဉ်နောက်လိုက် မလိုတဲ့စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ ပြင်ဆင်လိုက်တယ်။ ယာဉ်စီးခကို ယာဉ်မောင်းနားမှာ တပ်ဆင်ထားတဲ့ သံပုံးထဲထည့်ပေးရတဲ့ စနစ်ကို ကျင့်သုံးစေတယ်။ နောက်ဆို ငွေအစား ငွေဖြည့်ကဒ်စနစ်နဲ့ ဆက်လက် အစားထိုးသွားဖို့ ပြင်ဆင်နေတာကိုလည်း ကြားသိရတယ်။ ခရီးသည်တွေအတွက် ကောင်းသော ပြောင်းလဲခြင်းဖြစ်မယ်လို့ မြင်မိတယ်။

အဲဒီလို စနစ် အပြောင်းအလဲကြောင့် ယာဉ်နောက်လိုက်တွေ အလုပ်လက်မဲ့ ဖြစ်သွားရတာကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် အခုလို စနစ် ပြောင်းမယ်ဆိုတာကို လပေါင်းအတော်ကြာ ကြိုတင်ပြောထားတာ ဖြစ်လို့ သူတို့တတွေမှာ အထိုက်အလျှောက် ပြင်ဆင်ချိန်ရမယ်လို့ ယူဆမိပါတယ်။ သို့ပေမယ့်လည်း သိကြတဲ့အတိုင်း ဖြစ်ကာမှဖြစ်ရော ငတ်ကာမှ ငတ်ရော... ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းကြတော့ စနစ်အပြောင်းအလဲမှာ အများစုက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပါတယ်။ သူတို့အတွက် စိတ်မကောင်းပေမယ့် ကောင်းမွန်တဲ့ စနစ်ကို ဖော်ဆောင်ဖို့အတွက်... နောက်ကြောင်းပြန်လှည့်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ အထိုက်အလျောက် လိုက်လံ ပြောင်းလဲမှု မလုပ်နိုင်ရင် အခုလိုမျိုး အခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်ရမှာကို သင်ခန်းစာတခုအနေနဲ့ မြင်မိဖို့လိုပါတယ်။

Wednesday, July 12, 2017

MINDEF Org Structure

မြန်မာပြည်ကနေ တက်လာတဲ့ သတင်းတွေက တနေ့တမျိုး မရိုးရဘူး။ စိတ်ဝင်စားစရာတွေ ရှိသလို အချိန်မရလို့ ဘာသိဘာသာ ပစ်ထားလိုက်တာတွေလည်း ရှိတယ်။ အချိန်လည်း ရတယ် စိတ်ဝင်စားစရာလည်း ဖြစ်နေရင် အဲဒီအကြောင်းအရာနဲ့ ဆက်နွယ်ပြီး တနွယ်ငင် တစင်ပါ တခြားအကြောင်းအရာတွေကို လိုက်ဖတ်ဖြစ်တယ်။

ပြီးခဲ့တဲ့ ရှေ့လတုန်းကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ စာတွေ ဖတ်ဖြစ်တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာတွေကို အဓိကထား ဖတ်ဖြစ်တယ်။ အခု လောလောဆယ်တော့ စင်္ကာပူနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စင်္ကာပူတပ်မတော်အကြောင်းကို အင်တာနက်ကနေ ရှာဖွေ ဖတ်ဖြစ်ခဲ့တယ်။
စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာနမှာ ရာထူးအကြီးဆုံး တာဝန်ရှိသူကတော့ ကာကွယ်ရေးဝန်ကြီးပါ။ ကာကွယ်ရေးဝန်ကြီးဟာ အရပ်သား နိုင်ငံရေးသမားလည်း ဖြစ်နိုင်သလို စစ်ရေးအတွေ့အကြုံ ရှိသူ တပ်မတော်ကလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးကို ရွေးကောက်ခံ အစိုးရက အမည်တင်သွင်းပြီး ခန့်အပ်တာပါ။

ကာကွယ်ရေးဝန်ကြီးရဲ့ အောက်မှာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ရှိပါတယ်။ ဒုတိယဝန်ကြီး အောက်မှာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးလို့ပဲ ခေါ်ဝေါ်သုံးနှုန်းရမယ့် တိုင်းနဲ့ပြည်နယ် ကာကွယ်ရေးဝန်ကြီးဆိုတာ ရှိပါတယ်။ ဖွဲ့စည်းပုံအရ ဝန်ကြီးတွေ ပြီးရင်တော့ ဌာနရဲ့ အမြဲတမ်းအတွင်းဝန်၊ စင်္ကာပူတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှုးတို့ ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အောက်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဦးစီးချုပ်တွေ ရှိတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ရယ် ကာကွယ်ရေးဦးစီးချုပ်ရယ် ထောက်လှမ်းရေးက ညွှန်ကြားရေးမှုးရယ် အချင်းချင်း တိုင်ပင် ညှိနှိုင်းပြီး ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြပြီး အထက်က ဝန်ကြီးများကို သတင်းပို့ အစီရင်ခံရပါတယ်။
စင်္ကာပူတပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သက်တမ်းကတော့ ၃ နှစ်နဲ့ ၄ နှစ်ကြား ဖြစ်တာကို တွေ့ရတယ်။ ၁၉၉၅ ကနေ ၂၀၀၀ အထိ ၅ နှစ် တာဝန်ယူသွားတဲ့ တယောက်က လွဲရင်ပေါ့။

ကာကွယ်ရေးဦးစီးချုပ်တွေ တပ်ကနေ အငြိမ်းစားယူပြီးရင်တော့ လွှတ်တော်နိုင်ငံရေး၊ အစိုးရအဖွဲ့ထဲ ရောက်လာတာတွေ ရှိသလို အပြင်စီးပွါးရေးလုပ်ငန်းကြီးတွေရဲ့ ရာထူးအမြင့်ပိုင်းတွေမှာ ဝင်ရောက် လုပ်ကိုင်တာတွေလည်း ရှိတယ်။ တချို့တွေက ဝန်ကြီးတွေ ဖြစ်လာတယ်။ တချို့တွေက အမြဲတမ်းအတွင်းဝန် ဖြစ်လာတယ်။ တချို့က သံအမတ် ဖြစ်လာတယ်။

ကာကွယ်ရေးဝန်ကြီးတွေထဲမှာလည်း ၁၉၈၂-၁၉၉၀ မှာ တာဝန်ယူခဲ့တဲ့ Goh Chok Tong ဆိုရင် နောက်ပိုင်းမှာ စင်္ကာပူရဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့သလို ၁၉၉၅-၂၀၀၃ မှာ တာဝန်ယူခဲ့တဲ့ Tony Tan ဟာ စင်္ကာပူရဲ့ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ ၂၀၀၃-၂၀၁၁ မှာ​ တာဝန်ယူခဲ့တဲ့ Teo Chee Hean ဟာ စင်္ကာပူရဲ့ ဒုတိယဝန်ကြီးချုပ် ဖြစ်နေပါပြီ။

လက်ရှိ စင်္ကာပူရဲ့ ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကတော့ ဆရာဝန်ဘွဲ့ရ အရပ်သား နိုင်ငံရေးသမားပါ။ နိုင်ငံရေးထဲ မဝင်ခင်မှာ အစာအိမ်နဲ့အူလမ်းကြောင်း အထူးကု ဆရာဝန် အဖြစ် ၂၀၀၁ အထိ လုပ်ခဲ့ပါတယ်။ ၂၀၁၁ မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရပြီး အခုချိန်အထိ တာဝန်ထမ်းဆောင်နေဆဲပါ။

ဘာရယ်တော့ မဟုတ်ဘူး။ ဟိုဟိုဒီဒီ ဖတ်မိတာတွေကို ဗဟုသုတရစေဖို့ ပြန်လည် ဝေမျှတာပါ။

Sunday, July 9, 2017

No mood to write

စာတွေ ရေးပါလို့ တိုက်တွန်းကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စာရေးဖို့ဆိုတာကို စိတ်မပါဘူး ဖြစ်နေတယ်။ ဟိုအရင် Forum ခေတ်နဲ့ Blog ခေတ်တုန်းကတော့ နေ့စဉ်ပုံမှန် စာတွေ ရေးဖြစ်တယ်။ Blog မှာဆို တနေ့ကို စာတပုဒ်မှ မတင်ဖြစ်ရင် တာဝန်မကျေသလို ခံစားရတယ်။ အခုများတော့ အဲဒီလို ခံစားချက်တွေ မရှိတော့ဘူး။

အခုတလော သတိထားမိသလောက် စာရေးကောင်းတဲ့သူတွေ FB မှာ စာ ဆက်မရေးကြတော့ဘူး။ ရေးရင်လည်း လူမသိ သူမသိလောက်ပဲ Group တွေထဲမှာ ရေးကြတယ်။ တချို့တွေက FB မှာ ရေးမနေတော့ပဲ မဂ္ဂဇင်းတွေ ဂျာနယ်တိုက်တွေဆီပဲ တိုက်ရိုက်ပို့တော့တယ်။ 

န့စဉ်ပုံမှန် စာတွေ ဆက်ရေးနေတဲ့ တချို့သူတွေလည်း ရှိတာကို မြင်နေရပါသေးတယ်။ တချို့တွေကတော့ စကားပြေနဲ့ ရေးထားတဲ့စာတွေကို ပြန်ရှင်းပြနေရတာကို စိတ်ကုန်လို့ စာမရေးချင်တော့ဘူးလို့ ပြောကြတယ်။ မြန်မာလို ရေးထားတဲ့စာကို မြန်မာတွေ ဖတ်ပြီးတဲ့နောက် နားလည်မှုတွေ လွဲပြီး ရန်တွေဖြစ် ငြင်းခုန်နေရတာတွေကို မြင်နေရတာက စိတ်ကုန်စရာပါပဲ။

စာအရေးအသား ကောင်းသလို အတွေးအမြင် စုံတဲ့ စာဖတ်သူတွေအပေါ် စေတနာထားတတ်ကြတဲ့ သူတချို့တွေ စာ ဆက်မရေးကြတော့ပဲ ခရီးသွားဓါတ်ပုံတွေ တင်လိုက် အစားအသောက်ပုံတွေ တင်လိုက် ကလေးတွေပုံတင်လိုက်နဲ့ အွန်လိုင်းကမ္ဘာကြီးမှာ ဖြတ်သန်းနေကြတယ်။

ကိုယ်ကတော့ သူတို့တတွေလို စာရေးလည်း မကောင်းသလို အတွေးအမြင်လည်း မစုံပါဘူး။ ကိုယ်သိထားတာလေး ဆိုတာ ရေအိုင်ထဲက ဖားသူငယ်အဆင့်ပါ။ လော်ဘီလည်း မဟုတ်သလို ၁၀ လီ ၁၁ လီလည်း မဟုတ်ပါ။ တခါတလေမှာ တချို့ကိစ္စတွေမှာ မနေနိုင်လွန်းလို့ ရေးမိရေးရာတွေ ရေးတာလောက်ပဲ ရှိပါတယ်။

အနေအထိုင် မတတ်ပဲ အဲဒီလို စာတွေ ထ ထ ရေးတော့ ဘာတွေ ရသလဲဆိုတော့ လူမုန်းများပါတယ်။ ကိုယ့်အမျိုးအချင်းချင်းတောင် ဆရာ လုပ်တယ် ထင်ခံရပြီး Un-Friend တွေ Restricted Group ထဲ ထည့်ထားခံရတာတွေ ကြုံဖူးပြီးပြီ။ အမှားကို မြင်ပြီး အမှန် သိစေချင်တဲ့ စေတနာဟာေ​​ဝဒနာတွေ ဖြစ်ကုန်ရတယ်။ ဖေတော့ မောင်တော့ ဟီးဟီးဟားဟားတွေ ရေး... ကြွားချင်ရာတွေ ကြွား... ပေါ့ပေါ့ပါးပါး ထမင်းစား ရေသောက် ရှုးပေါက် အီးပါ အကြောင်းတွေ ရေးရင်တော့ အဲဒီလောက်ထိ အမုန်းမခံရလောက်ဘူး ထင်ပါရဲ့။

တချို့ကိစ္စတွေမှာ ကိုယ်မသိတာတွေ ရှိတယ်။ တချို့ဟာတွေမှာ ကိုယ်သိတာတွေ ရှိတယ်။ ကိုယ်မသိတဲ့ကိစ္စဆို သိအောင်ပဲ လုပ်တယ်။ ဝင်ပြောတာတွေ မရှိဘူး။ မသေချာရင် မသေချာသလိုပဲ ဘေးထွက်ထိုင်ပြီး လေ့လာတယ်။ ကိုယ် သေသေချာချာ သိတဲ့ဟာမျိုးဆိုရင်တော့ မသိတဲ့သူတွေ သိပါစေ ဆိုပြီး စာတိုပေစတွေ ရေးတယ်။ အဲဒီဟာက ဆရာကြီး လုပ်တာ မဟုတ်ဘူး။ ကိုယ် သိထားတာမှာ မှားတာတွေများ ပါသွားရင်လည်း ထောက်ပြဖို့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။

ဒါပေမယ့် တခါတလေမှာ အမှားကို ထောက်ပြဖို့ထက် အခွင့်ကြုံတုန်း ဝိုင်းဗျင်းဖို့ ဝိုင်းဆော်ဖို့တွေ လုပ်တာတွေလည်း တွေ့ရတတ်တယ်။ အထူးသဖြင့် ဘုမသိ ဘမသိ ကိုယ်နဲ့လည်း မသိတဲ့ အပြင်သူစိမ်းလူတွေက အဲဒီလိုမျိုး ဆွမ်းကြီး လောင်းတတ်ကြတယ်။ အဲဒါမျိုးတွေ မြင်ရတွေ့ရတာ များလာတဲ့အခါမှာ ကိုယ်တွေလို ဘာမှမဟုတ်တဲ့ အညတရတွေအနေနဲ့ ပဲကြီးလှော်ကြား ဆားညှပ်မခံချင်ဘူး။ ဒါကြောင့် စာတွေ မရေးဘူး။ စာမရေးတော့ ကိုယ့်အတွက် ဘာကောင်းလဲ ဆိုတော့ အချိန်ပိုထွက်တယ်။ စာဖတ်ချိန် ပိုရတယ်။ ကိုယ့်သူငယ်ချင်းတွေလည်း မျက်စိနောက် သက်သာသွားတယ်။ ငြင်းရခုန်ရတာလည်း သိပ်မရှိတော့ဘူး။

စာရေးပါဦးလို့ ပြောတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် အိပ်မပျော်တဲ့ သန်းခေါင်ယံအတွေးတွေကို စာအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။

တကယ်တော့ ကိုယ်ဟာ စာတွေ မရေးတော့တာ မဟုတ်ပါဘူး။ စာတွေ မရေးချင်တာပါ။ :P

Thursday, July 6, 2017

Building my career

မနက်ဖြန်ဆို အသက် ၁ နှစ် ပိုကြီးသွားပြီ။ လက်ရှိအသက်အရွယ်နဲ့ ရောက်နေတဲ့ အလုပ်နေရာ ကျေနပ်လားဆို ကျေနပ်တယ်လို့ပဲ ဆိုရမယ်။ ကိုယ့်ထက် အသက်ငယ်ပြီး အလုပ်ကြီး အကိုင်ကြီးတွေ လုပ်နေတဲ့ လူငယ်တွေကို မြင်တွေ့ရတဲ့အခါ အားကျပေမယ့် လက်ရှိရောက်နေတဲ့ နေရာကိုလည်း သဘောကျ ကျေနပ်ပါတယ်။

စင်္ကာပူမှာ ၁၀ နှစ်အတွင်း ဖြတ်သန်းခဲ့တဲ့ အလုပ်အတွေ့အကြုံမှာ အားရကျေနပ်တာတွေ ရှိသလို အားမလို အားမရတဲ့ အပိုင်းတွေလည်း ရှိပြန်တယ်။ အများကြီး ကြိုးစားဖို့ လိုမှန်း သိသလို... ကြိုးစားဖို့ အခွင့်အလမ်းတွေ ရဖို့လည်း လိုပါတယ်။ တချို့အခြေအနေမှာ ကိုယ် ကြိုးစားတိုင်းလည်း အရာမထင်တာကိုလည်း နှလုံးသွင်း ဆင်ခြင်မိပါတယ်။ ရုံးမှာ အောက်ခြေအဆင့်ဖြစ်တဲ့ ဒုတိယအနိမ့်ဆုံးရာထူးကနေ စခဲ့ရတဲ့ ဘဝကိုလည်း မမေ့ပါဘူး။ 

ကိုယ်နဲ့ အကျွမ်းတဝင် ရှိတဲ့အလုပ်အတွက် အင်တာဗျူးမှာ စာတွေ့ရော လက်တွေ့ရော သေချာ ဖြေနိုင်ခဲ့ပေမယ့် အလုပ် မရခဲ့သလို... ၃ နာရီခွဲကျော် ကြာတဲ့ ဟိုပြော ဒီပြော အင်တာဗျူးနဲ့ အလုပ်ရခဲ့တာလည်း အမှတ်တရပါပဲ။ ဝက်သားအပါအဝင် ခြေလေးချောင်းသား မစားတဲ့အကြောင်း၊ အိန္ဒိယမှာ ၃ လလောက် ကျောင်းတက်ခဲ့ဖူးကြောင်း၊ နယူးဒေလီမှာ ယောကျာ်းတွေဟာ လမ်းဘေးမှာ သေးပေါက်တဲ့အကြောင်းတွေ၊ တခ်ျမဟာကို သွားလည်တဲ့အကြောင်းတွေ ပြောရင်း စင်္ကာပူမှာ အလုပ်ရသွားတာဟာ တကယ်တော့ ထူးဆန်းပါတယ်။

ဘုမသိ ဘမသိ အလုပ်မှာ အင်္ဂလိပ်စာလည်း အားနည်းလေတော့ အဲဒီအချိန်တုန်းက အလုပ်မှာ ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ကြပါဘူး။ ခိုင်းသမျှကို လေ့လာ... မသိတာကို မသိကြောင်း ရိုးရိုးသားသား ဝန်ခံ... အဆူအဆဲတွေ ကြံ့ကြံ့ခံပြီး ၂ နှစ်လောက် ဖြတ်ကျော်ပြီးမှပဲ အလုပ်မှာ အသုံးကျတဲ့ ဝန်ထမ်းတယောက် ဖြစ်လာတယ်။ ကြားထဲမှာ အလုပ် မပြုတ်တာကတော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ။

စင်္ကာပူမှာ အလုပ်ဝင်ကာစက အစစအရာရာ ချွေတာတဲ့အနေနဲ့ ရှိတာလေးကို သပ်သပ်ရပ်ရပ် ဝတ်စားပြီး ရုံးလာတယ်။ ဒါပေမယ့် ကိုယ့်ပုံက တောဂိုက်ပုံ ထွက်နေတယ်။ တရက်မှာ ဌာနမှုးက အဝတ်အစား ဝတ်တာနဲ့ ပတ်သက်ပြီး ဆုံးမတယ်။ သူ့ဆုံးမချက်ကို နာယူပြီး လိုအပ်တာတွေ ဝယ်ဝတ်တယ်။ သုံးသင့်တဲ့နေရာမှာ သုံးတယ်။ တောင်းမှာ အကွပ် လူမှာ အဝတ်ဆိုတာ ကိုယ့်အတွက်တော့ မှန်တယ်။ အဲဒီနောက်ပိုင်းမှာ ကိုယ့်ကို အစည်းအဝေးတွေ အတော်များများမှာ ခေါ်သုံးလာတယ်။ လူရှေ့ထွက်ပြီး ပြောရဆိုရလာတယ်။ အရင်ကလို ချောင်ထိုးထားတာမျိုး၊ နောက်ကွယ်ကနေ လုပ်ရတာမျိုးတွေ မဟုတ်တော့ဘူး။

အဲဒီ ၂ နှစ်ကျော်ကနေ ၅ နှစ် ကြားမှာ အိမ်ထောင်ကျပြီး ရာထူးတွေ တဒိုင်းဒိုင်း တက်ပါတယ်။ ၁ နှစ် ၁ ခါ ရာထူးတိုးတယ်လို့တောင် ပြောလို့ ရပါတယ်။ အဲဒီအတွက် အခွင့်အလမ်း ပေးတဲ့ အထက်လူကြီးတွေကို ကျေးဇူးတင်ရပါမယ်။ မလုပ်တတ်တာတွေ မလုပ်ဖူးတာတွေကို တာဝန်ပေးခိုင်းပါတယ်။ အဲဒီဟာတွေကို မလုပ်တတ် လုပ်တတ် လုပ်ရင်းနဲ့ တာဝန်တွေ စမ်းယူရင်းနဲ့ အဲဒီတာဝန်တွေဟာ အမြဲတမ်းတာဝန်တွေ ဖြစ်လာပါတယ်။ အမြဲတမ်းတာဝန်တွေ ဖြစ်လာရင်း အဲဒီတာဝန်နဲ့ သက်ဆိုင်တဲ့ ရာထူးတွေကို တိုးပေးပါတယ်။

အလုပ်မှာ နာမည်ပျက် မရှိအောင် လုပ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် နေပါတယ်။ အဖျက်အမှောင့်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ပါတယ်။ ရှောင်လို့ မရရင်လည်း ဒေါသ ရှေ့မထားမိအောင် ဆင်ခြင်ပါတယ်။ တာဝန်ပေးလာရင်လည်း ကြိုးစားပါတယ်။ တခြားအလုပ်တွေမှာ ကူညီနိုင်တာကိုလည်း ကူညီပါတယ်။ အကြံပေးသင့်တာကိုလည်း အကြံပေးပါတယ်။

ဒီလိုနဲ့ပဲ အခုချိန်မှာ ဒီလိုနေရာကို ရောက်လာတယ်လို့ပဲ မြင်မိပါတယ်။ ဘဝလမ်းခရီးတလျှောက်မှာ ပံ့ပိုးကူညီပေးတဲ့ မိဘဆွေမျိုးတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

Monday, July 3, 2017

Eight Thousand Kyats

စင်္ကာပူမှာ အလုပ် လုပ်နေတာ ၁၀ နှစ်ကျော်သွားပြီ။ မြန်မာကားတွေ ကြည့်တဲ့သူတချို့ကတော့ ဒီကောင် သူဌေးဖြစ်နေပြီလို့ ထင်ကြမှာပဲ။ ကျားကြီးရင် ခြေရာကြီးသလို ကုန်ကျစရိတ်တွေ မသေးလှတဲ့ စင်္ကာပူအကြောင်း ကြုံဖူးရင် သိကြမှာပါလေ။ ပြောချင်တာက အဲဒီအကြောင်း မဟုတ်ဘူး။ ကိုယ့်ဘဝမှာ အလုပ် စ တုန်းက ရတဲ့ လခအကြောင်းကို အဓိက ပြန်ပြောင်းတွေးမိလို့ပါ။

ကွန်ပျူတာသင်တန်း ပထမနှစ် ပြီးတော့ သင်တန်းကျောင်းမှာပဲ project supervisor အနေနဲ့ အလုပ် ပြန်လုပ်ဖြစ်တယ်။ အလုပ် လုပ်မယ်လို့ စိတ်ကူးပြီး လုပ်တာ မဟုတ်ကြောင်းတော့ ဝန်ခံပါတယ်။ အင်တာဗျူး အတွေ့အကြုံရအောင် လက်တည့်စမ်းတာက အဓိကပါပဲ။ အလုပ်ခန့်တော့လည်း လူငယ်သဘာဝ လုပ်ကြည့်လိုက်တယ်။ 

အဲဒီအချိန်တုန်းက လခက မြန်မာငွေ ရှစ်ထောင်ကျပ်တိတိပါ။ ကိုယ့်ထမင်း ကိုယ်စားပြီး အလုပ်ချိန် ၁၀ နာရီကျော် လုပ်ရတဲ့ သဘောပါပဲ။ ကားခနဲ့ ထမင်းဖိုး နှုတ်လိုက်ရင်တောင် လက်ထဲမှာ ငွေကျန်တာမှ မဟုတ်တာ။ ဒါပေမယ့် အတွေ့အကြုံရအောင် လုပ်ခဲ့တယ်။ အလုပ်ကို အလုပ်မှန်း သိအောင် လုပ်ခဲ့တယ်။ ဒုတိယနှစ်ကို ဆက်တက်ရင်း တဖက်က အလုပ် လုပ်ရင်းနဲ့ပေါ့။

အဲဒီတုန်းက ရှစ်ထောင်ကျပ် လခစားဆိုတာ အပြင်မှာ ကျပန်းလုပ်တဲ့လူလောက် ဝင်ငွေ မကောင်းတာ အမှန်ပဲ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်၊ နိုင်ငံခြားက ဒီပလိုမာသင်တန်း ပထမနှစ်ကို ငွေကုန်ခံတက်... စာတွေ ကျက်မှတ်လေ့လာပြီး အောင်ထားတဲ့သူက ၁ လကို လခ ရှစ်ထောင်ကျပ်ပဲ ရတဲ့အချိန်မှာ လက်လုပ်လက်စားသမားက ၁ လကို ၁ သောင်းကျော် ၂ သောင်းကျော် ရှာနိုင်ပါတယ်။

အဲဒီ ရှစ်ထောင်စားဘဝနဲ့ စခဲ့ရတဲ့ ဝန်ထမ်းဘဝကနေ အခုချိန် ဒီလိုနေရာကို ရောက်ခဲ့ဖို့အထိ ရသအစုံခံစားပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။ အလုပ်တိုင်းမှာ လေ့လာ သင်ယူ ဆည်းပူး သည်းခံ ကြိုးစားခဲ့ရတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရှစ်ထောင်စား ဘဝလေးကို သတိရမိလို့ပါ။

Friday, June 16, 2017

Full of shit in Socail Network

FB ဆိုတဲ့ လူမှုကွန်ယက်ကြီးက တနေ့တခြား အဆိပ်တွေ အန္တရာယ်တွေ များသထက် များများ လာတယ်။

၆၆ ဃ ကိုတော့ ကိုယ်တွေအနေနဲ့က မကြောက်ရဘူး။ ပတ်သက်မှု မရှိအောင် ကင်းကင်းရှင်းရှင်း နေနေတာ ဆိုတော့ အမှုပတ်စရာ မရှိဘူး။ အဲဒီတော့ ပတ်သက်မှုရှိအောင် အထူးပြု လုပ်နေတဲ့သူတွေပဲ ဂရုပြုရမယ့်ကိစ္စ ဖြစ်သွားတယ်။

အဆိပ်တွေကတော့ ဘုန်းဘလောဟောပဲ။ ဘာသာရေးအဆိပ်တွေ၊ လူမျိုးအရေးအဆိပ်တွေ၊ နိုင်ငံရေးအဆိပ်တွေ၊ ပညာရေးအဆိပ်တွေ၊ ကျန်းမာရေးအဆိပ်တွေ၊ အတွေးအမြင်အဆိပ်တွေ မျိုးစုံကို တွေ့ရတယ်။ အဲဒီလို စာတွေကို ယုံတဲ့လူတွေလည်း အများသား။ အဆိပ်ရဲ့ သဘောသဘာဝအရ ချက်ချင်းလက်ငင်း အစွမ်းပြတာ ရှိသလို တဖြည်းဖြည်းချင်းမှ အစွမ်းပြတာလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို အဆိပ်တက်သွားရင်တော့ ကုရခက်သွားပြီပေါ့။

နောက်ထပ် အန္တရာယ်တခုက ဟုတ်သော်ရှိ မဟုတ်သော်ရှိ စာတွေကို အားရပါးရ Share ကျတာပဲ။ ဒီလူဟာ မုဒိန်းကောင်၊ လူလိမ်၊ ကြာကူလီ ဘာညာကွိကွ ဇာတ်လမ်းတွေ စီကာပတ်ကုံး ရေးချင်သလို ရေးပြီး ဓါတ်ပုံတွေနဲ့ တွဲတင်... ပြီးရင် ရှိသမျှ Group တွေ Page တွေမှာ Share။ အမှန်တရားကို မြတ်နိုးရင် Share ပေးကြပါဦး... မြန်မာမှန်ရင် Share ပေးကြပါဦး... ဆိုပြီး ရေးလိုက်ရင် Share လိုက်ကြတဲ့ FB က အမှန်တရားမြတ်နိုးသူတွေ ထောင်ချီသောင်းချီပဲ။ အဲဒီလို လူတွေထဲမှာ ကိုယ့်သူငယ်ချင်းတွေ ဘွဲ့ရပညာတတ်တွေ စီးပွါးရေးလုပ်နေတဲ့သူတွေ ပါနေကြတယ်။

It is more important that innocence be protected than it is that guilt be punished. အပြစ်ရှိသူကို အပြစ်ပေးဖို့ထက် အပြစ်မရှိတဲ့သူကို မှားယွင်းအပြစ်မပေးမိဖို့က ပိုအရေးကြီးတယ်တဲ့။ အဲဒီလို အပုတ်ချ ရှုံ့ချခြင်း ခံနေရတဲ့သူဟာ တကယ်အပြစ်ရှိသူ မဟုတ်ခဲ့ဘူးဆိုရင် အဲဒီဟာအတွက် ဘယ်သူက တာဝန်ခံပေးမလဲ။

သူ့ရဲ့ ဓါတ်ပုံကြီးတွေနဲ့တင်ထားတဲ့ လုပ်ကြံရေးသားထားတဲ့ စာတွေကို လူအများစုက ဖတ်ပြီးသား ဖြစ်နေပြီ။ အမှန်တရားက အပြင်ထွက်ဖို့ ဖိနပ်စီးနေတဲ့အချိန်မှာ မုသားက ကမ္ဘာပတ်နေပါပြီ။ မဟုတ်မှန်တဲ့ စာတွေအတွက် ပြန်လည် ဖြေရှင်းချက်တွေဟာ အပြစ်တင် ဝေဖန် အပုတ်ချတဲ့ စာတွေလောက် Share တဲ့ လူ မရှိဘူးဆိုတာကိုလည်း သတိထားမိကြပါသလား။ ပြောချင်တာက FB ပေါ်မှာ ကိုယ်ရဲ့ မဆင်မခြင် လုပ်ဆောင်မှုဟာ သူတပါးရဲ့ဘဝကို သွယ်ဝိုက် ဒါမှမဟုတ် တိုက်ရိုက် ထိခိုက်နစ်နာစေနိုင်တယ် ဆိုတာပါပဲ။ လူမှုကွန်ယက်ပေါ်မှာ ကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းကိုပဲ ဖော်ဆောင်ကြပါ။

အမှန်တရားကို မြတ်နိုးတယ်ဆိုရင်လည်း ဆင်ခြင်ပိုင်းခြားနိုင်တဲ့ ဥာဏ်ပညာနဲ့အတူ မြတ်နိုးကြပါ။ အန္တရာယ်တွေ အဆိပ်တွေ များလာတဲ့ FB မှာ အသိတရားရှိရှိ သိက္ခာရှိရှိ အကျိုးရှိရှိ နေနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Monday, June 12, 2017

Kampung Pelangi

အင်ဒိုနီးရှားမှာ Rainbow Village ဆိုတာလေး အခုတလောမှာ နာမည်ကြီးလာပါတယ်။ Kampung Wonosari လို့ ခေါ်တဲ့ အဲဒီရွာလေးဟာ အင်ဒိုနီးရှားရဲ့ ဆီမာယမ်ဆိုတဲ့အရပ်မှာ တည်ရှိတာပါ။

အဲဒီရွာလေးရဲ့ တောင်စောင်းမှာ ပြွတ်ပြွတ်သိပ်သိပ် ဆောက်ထားတဲ့ အိမ်တွေကို သက်တံရောင်စုံ ဆေးသုတ်တဲ့ စီမံကိန်းကို အဲဒီရွာလေးရဲ့ ဒေသခံလူထုနဲ့ အုပ်ချုပ်သူတွေက စတင်ခဲ့ပါတယ်။ ဒေသခံအစိုးရဟာ အဲဒီစီမံကိန်းအတွက် ဒေါ်လာ နှစ်သိန်းကျော် ကျခံသုံးစွဲခဲ့ပြီး အင်ဒိုနီးရှား ဆောက်လုပ်ရေးအသင်းကလည်း လိုအပ်တဲ့ အိမ်သုတ်ဆေးနဲ့ ကျွမ်းကျင်အလုပ်သမား အကူအညီတွေကို ပေးပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ကို အိမ်အမိုးတွေ အပါအဝင် အိမ်တွေကို အနည်းဆုံး အရောင် ၃ ရောင် ဆေးသုတ်ခိုင်းပါတယ်။ နံရံတွေမှာလည်း 3D ရုပ်လုံးကြွ နံရံပန်းချီတွေလည်း ဆွဲခိုင်းပါတယ်။ ရွာထဲက တံတားတွေနဲ့ ခုံတန်းတွေကိုလည်း ဆေးရောင်စုံတွေ သုတ်ကြပါတယ်။ ဆင်းရဲသား အများစုရှိတဲ့ သာမန်အိမ်လေးတွေနဲ့ ပြည့်ကျပ်နေတဲ့နေရာကို ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြောင်းလဲလိုက်တာပါ။ အရင်က အမှိုက်တွေပွပြီး ညစ်ညမ်းနေတဲ့ မြစ်ကြီးကိုလည်း သန့်ရှင်းအောင် လုပ်နေကြပါပြီ။

အချိန်ကာလ ၁ လကျော် လုပ်ခဲ့တဲ့ စီမံကိန်းကြောင့် အခုဆို အဲဒီရွာလေးဟာ ခရီးသည်တွေ လာရောက် လည်ပတ်တဲ့အတွက် စိုစိုပြေပြေ ဖြစ်လာပါပြီ။ အရင်က ညစ်ပတ်စုတ်ပြတ်နေတဲ့ ရွာလေးကနေ ခရီးသည်တွေကို စွဲဆောင်မှုရှိတဲ့ သန့်ရှင်းတဲ့ ရွာလေးဖြစ်လာပါတယ်။ အရောင်မျိုးစုံနဲ့ လှနေတဲ့ ရွာလေးကို ဓါတ်ပုံဝါသနာရှင်တွေ အများစု လာရောက် လည်ပတ်ကြပါတယ်။ ဒေသခံတွေဟာ ခရီးသည်တွေအတွက် ရောင်းချတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ပုံမှန်ဝင်ငွေတွေ ရနေကြပါပြီ။

ဆန်းဆန်းပြားပြား လုပ်ဆောင်ချက်တွေ... ခက်ခဲရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ မပါဝင်ပဲ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ချက်လေး ဖြစ်တဲ့ သက်တံရောင်စဉ်ရွာကလေးရဲ့ တဟုန်ထိုး အောင်မြင်မှုဟာ တကယ်ကို အတုယူရမယ့် စီမံကိန်းတခုပါပဲ။

Wednesday, June 7, 2017

Indonesia Massacre of 1965

၁၉၆၅ မှာ အင်ဒိုနီးရှားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ အဲဒီအဓိကရုဏ်းမှာ လူ ၁ သန်းလောက် သေကြေပျက်ဆီးရတယ်လို့ ဆိုကြတယ်။ အင်တာနက်မှာ အဲဒီဟာကို ရှာဖတ်ချင်ရင် Indonesia massacre of 1965 လို့ ရေးပြီး ရှာကြည့်ပါ။

အဲဒီအဓိကရုဏ်းဟာ ဘာသာရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဓိကရုဏ်း မဟုတ်ပါဘူး။ ၁၉၆၅ စက်တင်ဘာ ၃၀ မှာ သမ္မတဆူကာနိုကို ကာကွယ်စောင့်ရှောက်သူများလို့ အမည်တပ်ထားတဲ့ လက်နက်ကိုင်အုပ်စုတခုက အင်ဒိုနီးရှားစစ်တပ်ရဲ့ ထိပ်ပိုင်း ဗိုလ်ချုပ် ၆ ယောက်ကို ဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ အဲဒီလက်နက်ကိုင်အုပ်စုကပဲ မာဒေးကားရင်ပြင်နဲ့ သမ္မတနန်းတော်ကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ အဲဒီဟာကို 30 September Movement လို့ ခေါ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဆူကာနိုက အဲဒီ စက်တင်ဘာ ၃၀ လှုပ်ရှားမှုဟာ သူနဲ့ မဆိုင်ပါဘူးလို့ ငြင်းဆိုပြီး စစ်တပ်ရဲ့အကူအညီနဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်။ ဗိုလ်ချုပ်တွေကို သတ်ဖြတ်ပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့အုပ်စုဟာ ကွန်မြူနစ်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး အောက်တိုဘာ ၅ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးဆူဟာတို ဦးဆောင်တဲ့ စစ်တပ်က စွပ်စွဲချက်ဝါဒတွေ ဖြန့်ပြီး ကွန်မြူနစ်တွေကို ရှင်းလင်း သုတ်သင်ပါတော့တယ်။

အဲဒီအချိန်မှာ အင်ဒိုနီးရှားမှာ ကွန်မြူနစ်ပါတီ (ကေပီအိုင်)က အင်အားကြီးပါတယ်။ ပါတီဝင်၂ သန်းလောက် ရှိပါတယ်။ သမ္မတဆူကာနိုကလည်း ကွန်မြူနစ်ဝါဒတွေကို အားပေးပါတယ်။ ဒါပေမယ့် ကွန်မြူနစ်တွေရဲ့ မြေယာစီမံခန့်ခွဲမှု သဘောတရားတွေကို မြေပိုင်ရှင်မွတ်စလင်တွေက အမြင်မကြည်လင်ပါဘူး။ အဲဒါကြောင့် ကွန်မြူနစ်တွေ ကြီးစိုးလာမှုကို မလိုလားကြဘူး။
စစ်တပ်ရဲ့ ဝါဒဖြန့်ချက်တွေက မမှန်ပေမယ့် ဝါဒဖြန့်ချက် အောင်မြင်ပါတယ်။ အင်ဒိုနီးရှားပြည်သူတွေက အဲဒီဝါဒဖြန့်ချက်ကို ယုံကြည်ကြပါတယ်။ သမ္မတဆူကာနိုကိုလည်း ထောက်ခံမှု ကျဆင်းလာပါတယ်။ ကွန်မြူနစ်ပါတီက စွပ်စွဲချက်တွေကို ငြင်းဆိုပေမယ့် နှစ်ကာလအတော်ကြာ ဖြစ်တည်လာတဲ့ အမုန်းတရားတွေက ကြီးသထက် ကြီးလာပါတယ်။

နောက်ဆုံးမှတော့ အင်ဒိုနီးရှားတခွင်က ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့သူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရပါတယ်။ အဲဒီ သတ်ဖြတ်မှုတွေမှာ စစ်တပ်ကလည်း ပါဝင်သလို အင်ဒိုနီးရှားက ပြည်သူတွေလည်း ပါဝင်ပါတယ်။ ကွန်မြူနစ်ပါတီနဲ့ ပတ်သက်မှုရှိတဲ့ အင်ဒိုနီးရှားမှာ နေထိုင်တဲ့ တရုတ်တွေလည်း အသတ်ခံရပါတယ်။ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေလည်း အချင်းချင်းသတ်လို့ သေခဲ့ကြပါတယ်။ အဲဒီလို အသတ်ခံရတဲ့အထဲမှာ မွတ်စလင်တွေ ပါပါတယ်။

တကယ်တော့ ၁၉၆၅ အဓိကရုဏ်းဟာ နိုင်ငံရေး ခွက်စောင်းခုတ်တာပါ။ သမ္မတရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ကွန်မြူနစ်ပါတီကို မြေလှန်ပစ်တာပါ။ သမ္မတဆူကာနိုကို ဖြုတ်ချပြီး စစ်တပ်က ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတနေရာ ဝင်ယူတာပါ။ ဖြုတ်ချခံရတဲ့ အင်ဒိုနီးရှားရဲ့ ပထမဆုံး သမ္မတဆူကာနိုလည်း အကျယ်ချုပ်ဘဝနဲ့ပဲ အသက် ၆၉ နှစ်မှာ သေသွားခဲ့ရပါတယ်။

အဲဒီအဓိကရုဏ်းကို နောက်ခံထားပြီး ၁၉၆၅ ခုမှာ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ မျိုးတုံးသတ်ဖြတ်ပါတယ်လို့ ရေးသားနေတဲ့ ရဟန်းအမည်နဲ့ FB Account တွေကို ရွံ့ရှာစိတ်ပျက်မိလို့ သမိုင်းအမှန်ကို ပြန်ရှာဖွေ တင်ပြတာပါ။ အင်တာနက်ခေတ်ကြီးမှာ အလွယ်မယုံကြပါနဲ့။ သမိုင်းဖြစ်ရပ်မှန်လား ဖြစ်ရပ်မှားလားဆိုတာ အလွယ်တကူ ရှာဖွေ ဖတ်ရှုလို့ ရပါတယ်။
ဝါဒဖြန့်သတင်းတွေဟာ အင်မတန် အဆိပ်ပြင်းပါတယ်။ အဆိပ်တွေကို တနေ့ တနေ့ နည်းနည်းစီ ကျွေးနေတာကို မမြင်ရင်တော့​ ဝါဒမှိုင်းတွေမိပြီး အင်ဒိုနီးရှားက ဖြစ်ရပ်ဆိုးကြီးဟာ ကိုယ်တွေတိုင်းပြည်မှာလည်း တနေ့နေ့မှာ ထပ်ဖြစ်လာနိုင်ပါတယ်။

ဘယ်အဓိကရုဏ်းမဆို နိဂုံးမှာ သာယာပျော်ရွှင်မှုတွေ မပေးဘူးဆိုတာ သဘောပေါက် နားလည်ကြပါ။ အဓိကရုဏ်းရဲ့ ဆိုးမွေတွေဖြစ်တဲ့ အမုန်းတရားနဲ့ နာကျည်းချက်ဒဏ်ရာတွေ မျိုးဆက်တိုင်း လက်ဆင့်ကမ်းနေမှာကို မလိုချင်ကြပါနဲ့ဗျာ။

Tuesday, June 6, 2017

Journey with SE7 to HCMC

ရန်ကုန်- မန္တလေး ရထားလိုမျိုး ဗီယက်နမ်မှာ ဆိုင်ဂုံနဲ့ ဟနွိုင်း ပြေးတဲ့ ရထား ရှိတယ်။ နိုင်ငံရဲ့မြို့တော် ဟနွိုင်းက မြောက်ပိုင်းမှာ... စီးပွါးရေးမြို့တော် ဆိုင်ဂုံ (အခု ဟိုချီမင်းမြို့)က တောင်ပိုင်းမှာ ရှိတယ်။ ဆိုင်ဂုံလို့ ပြောရင် ဒေသခံတွေက ပိုသိပါတယ်။ ဟိုချီမင်းမြို့လို့ မသုံးကြပါဘူး။ ဟနွိုင်းက လာတဲ့ ရထားက ဆိုင်ဂုံမှာ ဂိတ်ဆုံးတယ်။ အဲဒီလိုပဲ ဆိုင်ဂုံက လာတဲ့ ရထားက ဟနွိုင်းမှာ ဂိတ်ဆုံးတယ်။ တနေ့ တနေ့ အဲဒီလို အသွားအပြန် ရထားတွေ ၄ စီး ၅ စီးလောက် ရှိတယ်။

တခြားရထားတွေအကြောင်း မသိပေမယ့် ကိုယ်စီးခဲ့တဲ့ SE7 အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ SE7 က ဟနွိုင်းကနေ ဆိုင်ဂုံကို သွားတဲ့ ရထားပါ။ အဲဒီရထားကို လမ်းတဝက်ဖြစ်တဲ့ ညချမ်းမြို့ကနေ စီးတာပါ။ ရထားဝင်ချိန် မှန်ပါတယ်။ ၈ နာရီ ၃၅ မိနစ်မှာ ရထားဝင်လာပါတယ်။ အတက်အဆင်း ၁၅ မိနစ်လောက် အချိန်ပေးတဲ့နောက် ဆက်ထွက်ပါတယ်။ ဆိုင်ဂုံကို မရောက်ခင် ကြားထဲမှာ ဘူတာ ၆ ခုလောက် ရပ်ပါတယ်။ ဆိုင်ဂုံက ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဆိုက်ပါတယ်။ ပြောချင်တာက အချိန်တိကျပါတယ်။

ရထားလက်မှတ်ခက ဈေးသင့်ပါတယ်။ လေယာဉ်နဲ့ သွားရင် တယောက်ကို ဒေါ်လာ ၇၀ လောက် ကျပေမယ့် ရထားနဲ့က အိပ်စင်နဲ့အခန်းမှာ တယောက်ကို ဒေါ်လာ ၅၀ လောက်ပဲ ကုန်ပါတယ်။ ၄ နှစ်အောက် ကလေးတွေက လက်မှတ် ဝယ်စရာ မလိုပါဘူး။ အွန်လိုင်းကနေ လက်မှတ် ဝယ်လို့ ရပြီး လက်မှတ်ကို ပရင့်ထုတ်ပြီး ယူသွားနိုင်ပါတယ်။ ခရီးသည်တွေကို ရေသန့်တဗူးစီ ပေးပါတယ်။ ထမင်းစားချိန်မှာ ရထားက ဝန်ထမ်းတွေက ထမင်းဗူးတွေ လိုက်ရောင်းပါတယ်။

ရထားအခန်းထဲမှာ အိပ်စင် ၄ ခု ရှိပါတယ်။ အလယ်မှာ စားပွဲလေး တလုံး ရှိပြီး ပြတင်းတံခါး ရှိပါတယ်။ အခန်းထဲမှာ အဲကွန်းရယ် မီးအားသွင်းဖို့ ပလပ်ပေါက်ရယ်၊ အဝတ်အစား ချိတ်ဖို့ ချိတ်ရယ် ထားပေးထားပါတယ်။ ရထားတွဲတိုင်းမှာ အိမ်သာ ရှိပါတယ်။ အိမ်သာရဲ့ သန့်ရှင်းမှုက အကောင်းဆုံး မဟုတ်ပေမယ့် လက်ခံနိုင်တဲ့ အနေအထားပါ။

ရထားလမ်းတွေ ကောင်းပါတယ်။ ရထားက သိပ် မခုန်ပါ။ ဒါပေမယ့် စင်္ကာပူက ရထားလို အငြိမ်လည်း မဟုတ်ပါ။ ဘယ်ညာ လူးပါတယ်။ ဖွဖွလေး ခုန်ပါတယ်။ အိပ်ချင်နေတဲ့သူအတွက် ချော့သိပ်သလိုပါပဲ။ အခန်းတံခါး ဖွင့်ထားရင် ကော်ရီဒါဘက်က ပြတင်းပေါက်ကနေ တခြားဘက်အခြမ်းက မြင်ကွင်းတွေကို မြင်ရပါတယ်။

ရထားနဲ့ သွားတော့ ရထားလမ်းတလျှောက် ဗီယက်နမ်နိုင်ငံရဲ့ အခြေအနေကို မြင်တွေ့နိုင်ပါတယ်။ တွေ့မိသမျှ တောင်ကုန်း တောင်တန်းတွေဟာ စိမ်းစိုနေပါတယ်။ တောင်ကတုံးတွေ မတွေ့မိဘူး။ လမ်းဘေးတလျှောက်မှာ ရာဘာစိုက်ခင်းတွေ၊ နဂါးမောက်သီး စိုက်ခင်းတွေ၊ သီဟိုဠ်ပင်စိုက်ခင်းတွေ အစီအရီပါပဲ။ လျှပ်စစ်မီးက လမ်းတလျှောက်လုံး ရတာကို ဓါတ်ကြိုးတွေကို မြင်ရင် သိနိုင်ပါတယ်။

မကောင်းတာတွေလည်း ပြောချင်ပါတယ်။ အိပ်ခန်းထဲမှာ ကြွက်ရှိပါတယ်။ တခါတလေ ကုတင်အောက်က ထွက်လာတာကို တွေ့ရပါတယ်။ အခန်းရဲ့ အနံ့အသက်က သိပ်မကောင်းပါ။ ညှီစို့စို့ အနံ့ ရှိပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တွေဟာ ရှေ့က ဆင်းသွားတဲ့ ခရီးသည်တွေ သုံးပြီးသားတွေပါ။ အိပ်ယာခင်းတွေ ညစ်ပတ်ပါတယ်။ ရထားတွဲစောင့်က တံမြက်စည်း လှဲပေမယ့် အခန်းထဲမှာ စည်းမဲ့ကမ်းမဲ့ ပစ်ထားတဲ့ အမှိုက်တွေ ရှိပါတယ်။

နောက်တချက်က ဆေးလိပ်မသောက်ရ ဆိုတဲ့ ရထားတွဲထဲမှာ ဗီယက်နမ်တွေ ဆေးလိပ် သောက်ကြပါတယ်။ ဘယ်အခန်းက သောက်နေမှန်း မသိရပေမယ့် လမ်းတလျှောက်မှာ ဆေးလိပ်နံ့ ၃ ခါလောက် ရပါတယ်။ ကလေးတွေ လူကြီးတွေ ဆူညံ့အော်ဟစ် စကားပြောကြပါတယ်။ တခြားအခန်းက လူတွေကို အားနာမှု မရှိပါဘူး။ အခန်းတံခါးကို မှားဖွင့်မိရင်လည်း ပြန်မပိတ်ပေးမယ် ခပ်တည်တည်နဲ့ ဆက်ထွက်သွားတာလည်း ရှိပါတယ်။

ရထားလမ်းတလျှောက် မြို့ရွာတွေကို ဖြတ်သွားရင် ဘာတွေ့ရသလဲ ဆိုတော့ ရထားလမ်းဘေးမှာ အမှိုက်ပစ်တာကို တွေ့ရပါတယ်။ လမ်းတခုပဲ ခြားတဲ့ အိမ်ကနေ ရထားလမ်းဘက်မှာ အမှိုက်တွေ လာသွန်တာကို ရထားပေါ်ကနေ တွေ့ရပါတယ်။ မြစ်ချောင်းတွေမှာလည်း မြစ်ထဲ ချောင်းထဲကို အမှိုက်ပစ်ချတာကို မြင်ရပါတယ်။

ဗီယက်နမ်ရဲ့ လူနေမှုမြင်ကွင်း အတွေ့အကြုံ လိုချင်ရင်တော့ ရထားစီးသင့်ပါတယ်။ လေယာဉ်စီးတာက ဘာမှ မမြင်လိုက်ရဘူးလေ။ ဒါပေမယ့် မကောင်းတဲ့အချက်တွေကို သည်းခံနိုင်မှ ရထားစီးဖို့ အကြံပေးချင်ပါတယ်။

Tuesday, May 30, 2017

Need to learn the second Language


ညနေရုံးဆင်းပြီး ဟိုတယ်ပြန် ရေမိုးချိုး... ညစာ ထွက်စားပြီးတော့ People Committee Hall ရှေ့မှာ လမ်းဘေးဈေးသည်တွေ ရောင်းတဲ့ Vietnamese Pizza လို့ အလွယ်ခေါ်ကြတဲ့ Banh Trang Nuong ကို ဝယ်နေတုန်း မုန့်သည်ကြီး မုန့်လုပ်နေတာကို အဖြူအဖိုးကြီးတယောက်က ဘီယာဗူးကိုင်ပြီး စိတ်ဝင်တစား လာရပ်ကြည့်နေတယ်။ အဲဒီမုန့်က ဘာမှန်းလဲ မသိ... ဘာတွေနဲ့ လုပ်နေမှန်းလည်း မသိ... သူမြင်တာကတော့ ကော်ပြန့်ဖတ်ကြီးကို မီးဖုတ်နေတာပဲ တွေ့ရသေးတယ်။

မိနစ်အနည်းငယ်ကြာတော့ ကိုယ့်ကို အင်္ဂလိပ်လို ပြောတတ်သလား လာမေးတယ်။ အဲဒါနဲ့ ကိုယ်လည်း သိသလောက် မုန့်အကြောင်းနဲ့ ဘာတွေ ပါသလဲ ဆိုတာကို ရှင်းပြလိုက်တော့ သဘောတွေကျပြီး ထွက်သွားတယ်။ သူ သိချင်တဲ့ဟာကို သိလိုက်ရလို့ သူ့မျက်နှာလေး ပြုံးရွှင်သွားတာကို သတိထားမိတယ်။

အင်္ဂလိပ်စကား ပြောတတ်ရင် ခရီးထွက်ရတာ အနည်းနဲ့အများ အဆင်ပြေတယ်။ သူ့ဒေသရဲ့စကား ကိုယ်နားမလည်... ကိုယ့်စကား သူနားမလည်တဲ့ ဘဝကနေ အင်္ဂလိပ်စကားကို ကြားခံဘာသာအနေနဲ့ သုံးလို့ရရင် စကားပေါက်တယ်။ အင်္ဂလိပ်စကား အားနည်းတဲ့ဒေသမှာ အင်္ဂလိပ်လို့ ပြောလို့ရတဲ့သူနဲ့ တွေ့ရင် အမျိုးတွေနဲ့ တွေ့သလိုပဲ အားရတယ်။ စားသောက်ဆိုင်မှာလည်း အင်္ဂလိပ်လို ပြောတတ်တဲ့ စားပွဲထိုးတွေ ရှိရင် ကိုယ်စားချင်တာ မှာစားရတာ အဆင်ပြေတယ်။

တကယ်တော့ ကိုယ်လည်း အင်္ဂလိပ်စကားက အ-ထစ် အ-ထစ်ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အင်္ဂလိပ်လို လိပ်ပတ်လည်အောင်တော့ ပြောနိုင်ဆိုနိုင်လာပြီ။ ငယ်တုန်းကဆို အင်္ဂလိပ်စာကို အတော်ကြောက်တယ်။ ဆယ်တန်းမှာလည်း အင်္ဂလိပ်စာက အမှတ်အနည်းဆုံးပဲ။ တက္ကသိုလ် ရောက်လာတော့ တင်ရသမျှ ဘွဲ့ယူစာတမ်းတွေ (Term paper and Thesis) ကိုတော့ အင်္ဂလိပ်လိုပဲ ရေးတင်ဖြစ်တယ်။ အဲဒါကလည်း အင်္ဂလိပ်စာကို ကျွမ်းတဲ့ သူငယ်ချင်းနဲ့ ဆရာတွေက ဝိုင်းပြင် ဝိုင်းစစ်ပေးလို့ လုပ်နိုင်တာ။

ဒီလိုနဲ့ ကိုယ့်ဘဝဇာတ်ကြောင်းအရ မွေးတမြေခြားမှာ လုပ်ကိုင် စားသောက်ရတော့လည်း ဝက်ဖြစ်မှတော့ မစင် မကြောက်တော့ဘူးလေ။ ခွေးအကြီး လှည်းနင်းထားတဲ့ ဘဝကနေ အခုလို လိပ်ပတ်လည်လာအောင် ကြောက်ကြောက်နဲ့ပဲ ပြောရတာပေါ့။ အဲဒီ အင်္ဂလိပ်စာနဲ့ပဲ အာဆီယံထဲမှာ ဟိုဟိုဒီဒီ သွားလို့လာလို့ ရနေတာ။ ကမ္ဘာပတ်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို မြင်ရင် တကယ်ကို အားကျမိပါတယ်။ သူတို့ရဲ့ အချိန်၊ စုဆောင်းထားတဲ့ ငွေ၊ ဘာသာစကား အင်အားနဲ့ စိတ်ဓါတ်ခွန်အားကို အသုံးချပြီး ကမ္ဘာအနှံ့ ခြေဆန့်နေတာကို အားကျတာပါ။

ပြောချင်တာကတော့ အင်္ဂလိပ်လို တတ်ရင် ဘယ်နိုင်ငံသွားသွား အနည်းဆုံးတော့ စကားပေါက်ပါတယ်လို့။

Monday, April 24, 2017

Why not compromise?

စာရေးဆရာမ ခင်ခင်ထူးရေးတဲ့ အညာသူ အညာသား ကျွန်မဆွေမျိုးများ စာအုပ်ထဲမှာ ရေးထားတာလေးပေါ့။ မထူးရဲ့ ဘကြီးဘုန်းကြီး ကျောင်းဝင်းထဲမှာ ဒူးရင်းပင်ကြီး စိုက်ထားသတဲ့။ အဲဒီအပင်ကနေ ဒူးရင်းသီးတွေ သီးတဲ့အခါ ဒူးရင်းသီးအနံ့တွေ လှိုင်လှိုင်ထရောပေါ့။ အဲဒီလိုအချိန်မှာ ဘုန်းကြီးကျောင်းကို ဖြတ်သွားဖြတ်လာ လုပ်ရတဲ့ အညာသူ အညာသားတွေဟာ နှာခေါင်းကို ပိတ်... အသက်ကို အောင့်... ဒုန်းစိုင်း ဖြတ်ပြေးကြပါသတဲ့။ သူတို့ခမျာ ပင်ပင်ပန်းပန်း တောအလုပ်တွေ လုပ်ပြီး အိမ်ပြန်လာတဲ့အချိန် ဒူးရင်းသီးအနံ့ကြီးကို မခံစားနိုင်လို့ အခုလို ဒုန်းစိုင်း ပြေးကြတာပါတဲ့။ ဘကြီးဘုန်းကြီးကတော့ ဒူးရင်းသီး ကြိုက်တဲ့သူ ဖြစ်တော့ ဒူးရင်းသီးဟာ အရသာကောင်းကြောင်း မွှေးကြောင်း မြို့မှာဆို ဈေးကြီးပေးပြီး ဝယ်စားရကြောင်း ဘယ်လိုပဲ ပြောပေမယ့် မကြိုက်တဲ့သူတွေအဖို့ကတော့ ဒူးရင်းသီးဟာ တကယ့်ကို အနံ့ဆိုးကြီးပါပဲ။ အနံ့မခံနိုင်တဲ့ ဒကာ ဒကာမတွေအတွက် နောက်ဆုံးမှာတော့ ဘကြီးဘုန်းကြီးဟာ ကျောင်းဝင်းထဲက ဒူးရင်းပင်ကြီးကို ခုတ်ပစ်လိုက်တယ် ဆိုတဲ့အကြောင်းလေး ရေးထားပါတယ်။

သောကြာနေ့က ရုံးကနေ အိမ်ပြန်ဖို့ ဘတ်စ်ကား စီးလာတယ်။ ရဲကျောင်းရှေ့ ရောက်တော့ ပိတ်ရက်မှာ အိမ်ပြန်ဖို့အတွက် ရဲသင်တန်းသားတွေ အများကြီး ကားဂိတ်မှာ စောင့်နေတယ်။ အယောက် ၅၀ လောက် ရှိမယ်။ ကားက ၂ ထပ်ကား ဆိုတော့ အများကြီး ဆန့်ပါတယ်။ ရဲသင်တန်းသားတွေက သင်တန်းကနေ မောင်းလွှတ်လိုက်သလားတော့ မသိဘူး။ အကုန်လုံး ချွေးသံတရွှဲရွှဲပဲ။ သူတို့ ရှပ်တွေ အတွင်းခံစွပ်ကျယ်တွေ အကုန်လုံး ချွေးတွေကို ရွှဲနေတာ ရေလောင်းထားတဲ့ အတိုင်းပဲ။ ကား အောက်ထပ်မှာ ထိုင်စရာခုံတွေ အများကြီး ကျန်နေပေမယ့် အဲဒီရဲသင်တန်းသားတွေ မတ်တပ်ပဲ ရပ်ကြပါတယ်။ သူတို့ ချွေးရွှဲနေတော့ ဘေးမှာ ထိုင်နေတဲ့သူတွေကို အနှောင့်အယှက် မဖြစ်စေလိုတဲ့ သဘောဖြစ်မယ်။ ဒါပေမယ့် ချွေးအနံ့ကတော့ အလုံပိတ် ဘတ်စ်ကားထဲမှာ အတော်လေးကို လှိုင်သင်းပါတယ်။ ကိုယ်တွေအတွက် အနံ့မခံနိုင်ပေမယ့်လည်း အများသုံးဘတ်စ်ကား ဖြစ်တဲ့အတွက် သည်းခံရပါတယ်။ သည်းမခံနိုင်ရင်လည်း အနီးဆုံးမှတ်တိုင်မှာ ဆင်းပြီး နောက်ထပ်ကား စောင့်စီးပေါ့။

ကိုယ်တွေ သိပ်ကြိုက်တဲ့ ငါးပိရည်ကျိုဟာ အိမ်နီးချင်း တရုတ်ကုလားအိမ်အတွက်တော့ ပုတ်အဲ့အဲ့အနံ့ပါ။ ငါ့အိမ်ထဲမှာ ငါ ချက်တာပဲ ဆိုပေမယ့် အနံ့က ခရီးထွက် ခြေဆန့်ပါတယ်။  တခါတလေမှ  ကျိုချက်ပေမယ့်လည်း အနံ့စုပ်ပန်ကာတွေ ဖွင့်... မီးဖိုခန်း ပြတင်းတံခါးတွေ ပိတ်... ဒီလိုပဲ ပတ်ဝန်းကျင်ကို ငဲ့ရတာပဲပေါ့။ တတ်နိုင်သမျှ အနံ့ထွက်တာ နည်းအောင် လုပ်ပေးဖြစ်တယ်။ သူတို့လည်း အခုချိန်ထိတော့ အနံ့နဲ့ပတ်သက်ပြီး အပြစ်တင်စကား မဆိုပါဘူး။ 

လက်ရှိနေတဲ့အိမ်ရဲ့ ဘေးက အိမ်မှာ ခွေးမွေးထားတယ်။ အဲဒီခွေးက သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ လူမှန်သမျှကို ထိုးဟောင်ပါတယ်။ ကိုက်တတ်လား မကိုက်တတ်လားတော့ မသိပေမယ့်... သူ့လည်ပင်းမှာတော့ ကတော့ပုံ အုပ်ဆောင်းကြီး တပ်ထားပါတယ်။ အဲဒီအုပ်ဆောင်းကြီး ရှိနေတော့ ကိုက်လို့ မရလောက်ဘူး။ ခွေးဟောင်သံ ဆူညံလွန်းရင် ကိုယ်တွေရဲ့ အိမ်တံခါးကို သွားပိတ်ထားလိုက်တယ်။ အဲဒီအိမ်က အိမ်ရှေ့ထွက် အမွေးတိုင်ထွန်းတဲ့အချိန် တံခါးလေး ဖွင့်ထားရင် ကိုယ်တွေက သွားစရာ ရှိရင်တောင် သူတို့ တံခါးပြန်ပိတ်တဲ့အချိန်ထိ စောင့်ပါတယ်။ အမွေးတိုင် ထွန်းနေတဲ့ သူတို့ကလည်း ကိုယ်တွေ ဖြတ်သွားမယ်ဆိုတာ မြင်တာနဲ့ ချက်ချင်း တံခါးပိတ်ပေးပါတယ်။
 

ပြောချင်တာက... တချို့ကိစ္စတွေမှာ ကိုယ့်အတွက် ပုံမှန် ဒါမှမဟုတ် ကိုယ် ကြိုက်တဲ့ဟာက တပါးသူအတွက် မခံစားနိုင်တဲ့ဟာမျိုး မကြိုက်တဲ့ဟာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ အလျှော့အတင်း Compromise လုပ်ပေးဖို့ လိုပါမယ်။ ကိုယ် မကြိုက်တိုင်း သူများကို ကွိုင်ရှာလို့ မရပါဘူး။ သူ မကြိုက်တဲ့ဟာကိုလည်း ဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံး ဖြေရှင်းရမလဲ ဆိုတာကို စဉ်းစားရပါမယ်။ ကိုယ့်ဘက်က လျှော့လို့ရရင် ကိုယ့်ဘက်က လျှော့... သူ့ဘက်က လျှော့လို့ရရင် သူ့ဘက်က လျှော့... အဲဒီလိုနဲ့ပဲ စည်းချက်ညီ သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ယူရမှာပဲ။ ငြါ့မင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတာမျိုး လုပ်လို့မရတာ လုပ်ဖို့မသင့်တာကို သိစေချင်မိပါတယ်။

Tuesday, April 4, 2017

Needs Good Employee

ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည် ဆိုတဲ့စာသားလေး ဖတ်ဖူး မြင်ဖူးတယ်။ အဲဒါ တကယ်မှန်တယ်။ တိုင်းပြည်အဆင့် မပြောနဲ့ ကိုယ်တွေလို ကုမ္ပဏီအဆင့်မှာတောင် အဲဒီစကားက သွေးထွက်အောင် မှန်တယ်။

ကိုယ်တွေရဲ့ကုမ္ပဏီက Asia Pacific Region တခုလုံးမှာ ရုံးခွဲတွေ ရှိတယ်။ အဲဒီရုံးခွဲတိုင်းမှာ သက်ဆိုင်ရာဌာနရဲ့ အကြီးအကဲ မန်နေဂျာတွေ ရှိတယ်။ အဲဒီမန်နေဂျာတွေဟာ ရုံးချုပ်ကို လုပ်ငန်းဆိုင်ရာတွေကို အစီရင်ခံရတယ်။

အဲဒီထဲက နိုင်ငံတခုက မန်နေဂျာဟာ အလုပ် မလုပ်ဘူး။ သူက သူ့ဆီရောက်လာတဲ့ အလုပ်တွေကို ရသလောက် ဥထားတယ်။ အပေါ်ကိုလည်း မပြောဘူး။ အောက်ကိုလည်း မခိုင်းဘူး။ အခြေအနေ ဘယ်လို ရှိလဲဆိုတာကို Follow Up လုပ်တဲ့လူ မရှိရင် မရှိသလို ဒီအတိုင်းလေး ပစ်ထားတယ်။
အချိန်အတော်ကြာမှ အခြေအနေကို မေးတဲ့လူ ရှိလာရင်လည်း ရရင်ရသလို ဘောလီဘောပုတ်ပြီး ဖြေတယ်။ အဲဒါကို သက်ဆိုင်ရာဌာနတွေက မကျေနပ်လို့ ဆက်ပြီး မစောင့်နိုင်လို့ ရုံးချုပ်အထိ အဲဒီကိစ္စ တက်လာမှ ရုံးချုပ်က အဲဒါတွေကို သိရတယ်။

ရုံးချုပ်က တဖက်စကားပဲ နားမထောင်ပဲ အခြေအနေအမှန်ကို တကယ် သိချင်လို့ မေးတဲ့အခါမှာလည်း သူက User တွေရဲ့ တကယ့် လိုအပ်ချက်တွေ စုစည်းနေတယ်... ဘာလုပ်ချင်သလဲ ဆိုတဲ့ အဖြေ မထွက်သေးဘူးလို့ ဖြေတယ်။ User တွေရဲ့ သက်ဆိုင်ရာဌာနက မေးရင် ရုံးချုပ်ကို အကူအညီ လှမ်းတောင်းထားလို့ စောင့်နေရတယ်လို့ ဖြေတယ်။ အလုပ်ကို သေချာ မလုပ်ပေမယ့် ပလာတာ ရိုက်တာတော့ တော်လွန်းတယ်။

အဲဒီလို လူမျိုးကို ဖြုတ်ပစ်လိုက်ပါလား။ ဘာလို့ ဆက်ထားနေသလဲ ဆိုရင်... ဖြုတ်ရတာ လွယ်ပါတယ်။ အဲဒီလို ဖြုတ်ပြီးရင် အဲဒီနေရာမှာ အစားထိုးဖို့ လူရှာရတာ ခက်ပါတယ်။ ဘာသာစကား လုပ်ငန်းခွင်ကျွမ်းကျင်မှု ပညာအရည်အချင်း လုပ်သက် စတာတွေကို အကုန် ထည့်တွက်ရပါတယ်။

ဘာမှ မလုပ်တဲ့သူကို ဘာလို့များ ဆက်ထားနေမလဲ။ သူ ရှိလည်း ဘာမှ လုပ်တာမှ မဟုတ်တာ ဆိုရင်... အဲဒါလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အလုပ်သမား အခွင့်အရေး ဘာညာသာရကတွေက ထည့်တွက်ရပါသေးတယ်။ အဲဒီတော့ စနစ်တကျ အချိန်ယူပြီး ပြင်ဆင်ခွင့်တွေ ပေးရပါတယ်။ အဲဒီလို ပြင်ဆင်ခွင့် ပေးတာကိုမှ လိုက်မလုပ်တော့မှ အလုပ်ဖြုတ်တာတွေ ထုတ်တာတွေ လုပ်ရပါမယ်။ ကြားထဲမှာတော့ အဲဒီတယောက်ရဲ့ ဒဏ်တွေကို အကုန် ခါးစည်းခံရပါတယ်။

ပြောချင်တာက တချို့ကိစ္စတွေမှာ ကိုင်တွယ်အုပ်ချုပ်ရတာ သိပ်မလွယ်ပါဘူး။ အထက်လူကြီး ကောင်းရင် ဒါမျိုးတွေ မဖြစ်ပါဘူးလို့ ဆိုမယ့်သူတွေ ရှိနိုင်ပါတယ်။ တကယ်တော့ အထက်လူကြီး ကောင်းတိုင်းလည်း မရပါဘူး။ ခေါင်းတွဲ ဘယ်လို ကောင်းကောင်း နောက်တွဲတွေ မကောင်းရင်လည်း လိုသလောက် ခရီးမရောက်ပါ။ ကန့်လန့်တိုက်နေတဲ့ နောက်တွဲတွေရဲ့ လုပ်ရပ်ကြောင့် ခေါင်းတွဲရဲ့ ရုန်းကန်အားဟာ အချည်းအနှီးဖြစ်စေပါတယ်။ နောက်လိုက် မဟုတ်ရင် ပိုတောင် ဆိုးပါတယ်။ ဝန်ထမ်းတိုင်းဟာ ခေါင်းဆောင်အကြီးအကဲရဲ့ နောက်လိုက် မဟုတ်ပါဘူး။

ခေါင်းဆောင် ဘယ်လောက် ကောင်းကောင်း... သူ့ရဲ့ နည်းဗျူဟာတွေ ဘယ်လောက်ကောင်းကောင်း... အလုပ်ထဲမှာ ပေကပ်ကပ်နေပြီး ကန့်လန့်တိုက်တတ်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေတတ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွါးအတွက် အဲဒီလို ကန့်လန့်တိုက် လုပ်တာမျိုး ရှိနိုင်ပါတယ်။
အဲဒီလို လူတွေကို ပြုပြင် ပြောင်းလဲဖို့က ခေါင်းဆောင်ရဲ့ တာဝန်ပါဆိုရင် ဟုတ်ပါတယ်။ ဒါပေမယ့် ၁၀၀% မဟုတ်ပါဘူး။ အဲဒီဝန်ထမ်းကလည်း ပြုပြင်လိုစိတ် ရှိဖို့လိုပါတယ်။ သူကိုယ်တိုင်က မပြင်ရင်တော့ ဘယ်သူမှ လာပြင်ပေးလို့ မရပါဘူး။ အဲဒီဟာမျိုးမှာ ခေါင်းဆောင် အကြီးအကဲမှာ တိုက်ရိုက် တာဝန် မရှိတော့ပါဘူး။

ဟာ.. ဘာဆိုင်လို့လဲ ခေါင်းဆောင် အကြီးအကဲ ဆိုတာ... အဲဒီလိုလူတွေအတွက် တာဝန် ရှိကို ရှိပါတယ်လို့ လာမငြင်းပါနဲ့။ ခေါ်သွားလို့ မရလို့ ထားခဲ့ရတာတွေ အများကြီးပါပဲ။ ရဟန်းဝတ်ဖြစ်တဲ့ ဒေဝဒတ် မကောင်းတာဟာ ရဟန်းအဖွဲ့အစည်းရဲ့ အကြီးအကဲ ဗုဒ္ဓမြတ်စွာမှာ တာဝန်ရှိတယ်လို့ ဆိုလို့ မရတာကို သဘောပေါက် နားလည်ကြပါ။

အချုပ် ပြောရမယ်ဆိုရင်... ဘယ်အလုပ်မှာ မဆို သက်ဆိုင်သူ အားလုံး တက်ညီလက်ညီ ရုန်းကန်မှပဲ အဆင်ပြေမှာပါ။ ခေါင်းဆောင်ကောင်းဖို့ လိုသလို နောက်လိုက် ကောင်းဖို့လည်း လိုပါတယ်။ အဲဒီလိုပဲ နောက်လိုက် မဟုတ်တဲ့ ဝန်ထမ်းတွေလည်း ကောင်းဖို့ လိုပါတယ်။ ကိုယ့်အလုပ်ကို စေတနာ အပြည့်နဲ့ မခိုမကပ် လုပ်ဖို့ လိုပါတယ်။

Wednesday, March 29, 2017

Pls share and like this post

ကိုယ်တွေ Blog မှာ စာတွေ ရေးတယ်ဆိုတာ အမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စကားပြောသလိုပါပဲ။ ကိုယ့်အမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ နေ့စဉ်လိုလို ထိတွေ့ပြောဆိုဖို့ဆိုတာ... မဖြစ်နိုင်တဲ့ အခြေအနေမှာ ကိုယ်ပြောပြချင်တဲ့ဟာတွေကို စာရေးပြီး ပြောတဲ့ သဘောပါပဲ။ ကိုယ်ရေးထားတဲ့စာကို ဖတ်မိတဲ့သူတွေ ရှိရင်... သူတို့ကို ကိုယ်ပြောပြီးသလိုပဲပေါ့။
 
အခုလည်း ပြောပြစရာလေးတွေ ရှိပါတယ်။ ချစ်ချစ်ကတော့ ပြောမနေပါနဲ့။ သူတို့ စိတ်ချမ်းသာသလို နေပါစေလို့ ပြောပါသေးတယ်။ ဒါပေမယ့် မပြောပဲထားရင် မသိပဲ ဆက်လုပ်နေကြမှာပဲ။ ဆက်လုပ်နေတော့ရော ဘာအကျိုးယုတ်စရာ ရှိလဲ ဆိုရင် အထွေအထူး အကျိုးယုတ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် မသိခြင်းမှာ တဝဲလည်လည် မဖြစ်စေချင်လို့ ပြောပြသင့်တာကို ပြောပါမယ်။
 
Facebook တခွင်မှာ အထူးခေတ်စားတာကတော့ မဲဖောက်ပေးမယ် ဆိုတဲ့ page တွေပါပဲ။ တကယ်တော့ ၉၉% သော page တွေဟာ အတုတွေပါ။ တကယ်မဲဖောက်ပေးဖို့ မပြောနဲ့... သူတို့တောင် အဲဒီ page တွေကို ရောင်းစားနေရတဲ့ ဘဝပါ။
 
အတုအစစ် ခွဲဖို့က လွယ်ပါတယ်။ အဲဒီ page ထဲ ဝင်ကြည့်လို့ page နာမည်ဘေးမှာ အပြာရောင် အမှန်ခြစ်လေးပါရင် အစစ်ပါ။ မပါရင် အတုဖြစ်ဖို့ များပါတယ်။ 
 
အတုအစစ် မခွဲတတ်ရင် အလွယ်နည်း ပြောပြပါမယ်။ အခု post နဲ့ page ကို Like ပါ။ ပြီးရင် post မှာ Comment ပေးပါ။ အဲဒီ post ကို Share ပါ ဆိုတာတွေ ပါလာရင်တော့ အတုလို့သာ မှတ်လိုက်ပါတော့။ မယုံမရှိနဲ့ တကယ်ပြောနေတာ။
 
ဘာဖြစ်လို့ အဲဒီလို ပြောရသလဲဆို... သူတို့ဟာ တကယ်မဲဖောက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ သူတို့ ဖွင့်ထားတဲ့ page ကို လူသိများအောင် like များများရအောင် လုပ်နေတာပဲ။ သူတို့ လိုအပ်တဲ့ like အရေအတွက်တခုကို ရောက်တဲ့အခါ အဲဒီ page ကို လိုချင်တဲ့သူဆီ ရောင်းစားပါမယ်။
 
ဘယ်သူတွေက အဲဒီလို page တွေကို ပြန်ဝယ်သလဲ... စီးပွါးရေးလုပ်ငန်းတွေက ဝယ်ပါတယ်။ ဥပမာ... လဝန်းနီအထည်ချုပ်လုပ်ငန်းက သူ့အထည်တွေကို ကြော်ငြာချင်တယ်။ ဒီအတိုင်း သူ page ဖွင့်လိုက်ရင် အလွန်ဆုံးရ like က ၁၀၀၊ ၂၀၀ ပေါ့။ သူ့အသိုင်းအဝိုင်း သူငယ်ချင်းတွေက တက်ညီလက်ညီ ဆက်ဖွပေးရင်တောင် like ၅၀၀ ရဖို့ အချိန်အများကြီး ယူရပါတယ်။ လူတွေကို စိတ်ဝင်စားအောင် မလုပ်နိုင်ရင် like ရဖို့ မလွယ်ပါဘူး။
 
ကောလဟာလတွေ သတင်းအတုတွေ အမုန်းတရားတွေ ဖြန့်မယ် အဖွဲ့အစည်းတွေကလည်း ဝယ်တတ်ပါတယ်။ လူသိများပြီးသား page ကနေ ခပ်တည်တည်နဲ့ ပထမပိုင်းမှာ စိတ်ဝင်စားစရာ သတင်းတွေ တင်ပါတယ်။ ဒီလိုနဲ့ အချိန်တခုမှာ ဝါဒဖြန့်သတင်းတွေ လှုံ့ဆော်တဲ့သတင်းတွေ ဖြန့်လိုက်တဲ့အခါ... လူတွေက အဲဒါကို အလွယ်တကူကို ယုံကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော လူတွေအများကြီး like ထားတဲ့ page ဟာ သတင်းအမှန်တွေကို တောက်လျှောက်တင်နေတာပဲ။ ဒါကြောင့် အခုသတင်းဟာလည်း မှန်နိုင်တယ်ဆိုပြီး လွယ်လွယ်နဲ့ ကောက်ချက်ချတတ်လို့ပါပဲ။
 
ဖုန်းကဒ် မဲဖောက်ပေးမယ်... ဖုန်းဟန်းဆက် မဲဖောက်ပေးမယ် ဆိုပြီး လူတွေရဲ့ လောဘစိတ်နဲ့ ဆွယ်တဲ့ page တွေကျတော့ like တွေ အများကြီးရတယ်။ ကံစမ်းမဲရဲ့ စည်းကမ်းထဲမှာကိုက အဲဒီပို့စ်ကို Share ပါလို့ ပြောထားတဲ့အတွက် လူတွေက share ကြပါတယ်။ အဲဒီလို Share လေ လူတွေ ပိုပြီး မြင်လေလေ... လောဘသားကောင်တွေက ထပ်ပြီး Share လေလေနဲ့ အဲဒီ page ဟာ ၂ ရက် ၃ ရက်အတွင်း like ပေါင်း သိန်းချီ ရပါတယ်။
 
ကြိုက်ပြီလေ... like တွေ အများကြီး ရထားပြီးသား Page ကို ခဏလောက် ပြန်ဖွက်ထားပြီး ဝယ်လိုက်တဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ နာမည်တွေ ပြောင်းပါပြီ။ Page အသစ်ပုံစံလေး ဖြစ်အောင် အရင်က တင်ထားတဲ့ post တွေကို ဖျက်ပစ်ပါတယ်။ အဲဒီလို အရင်တင်ထားတဲ့ post တွေကို ဖျက်ပစ်လိုက်တဲ့အခါ Share ထားတဲ့လူဆီမှာလည်း ပျက်သွားပါတယ်။
 
အို ဘာဖြစ်ဖြစ်... ငါတို့က ဒါလေး လုပ်ရတာ ဘာမှ ဆုံးရှုံးတာမှ မဟုတ်တာ။ တကယ် မဲဖောက်ပေးတဲ့ဟာနဲ့ တိုးရင် ရချင်ရင် ရမှာပေါ့လို့ တွေးကောင်း တွေးနိုင်ပါတယ်။ အဲဒါဆိုရင်တော့ ဆုတောင်းလေလို့ပဲ ပြောချင်ပါတယ်။ ဟဲဟဲ...

Sunday, March 26, 2017

Don't be blinded

အခုတလော ပိတ်ရက်တွေမှာ ပြတဲ့ ကုလားကားတွေက တိရစ္ဆာန်ဇာတ်ကောင်တွေ ပါတဲ့ ကားတွေပါ။ ကြက်၊ မြင်း၊ ခွေး စတဲ့ တိရစ္ဆာန်တွေ တကားစီမှာ ပါကြတယ်။ ရှေ့အပတ်တုန်းက မြင်းပါတဲ့ ကုလားကား ပြသွားတယ်။ အဲဒီကားအကြောင်း နည်းနည်းလောက် ပြောချင်တယ်။

ရွာတရွာမှာ နတ်ကွန်းကြီး ရှိတယ်။ အဲဒီနတ်ကွန်းမှာ နတ်ဆရာလိုလို ဆာဒူးလိုလို ကုလားကြီးလည်း ရှိတယ်။ နတ်ကွန်းမှာ နတ်ကန္နားလို ပွဲတွေလည်း လုပ်ကြတဲ့အခါမှာ လာရောက် ပူဇော်ပသသူတွေကို နတ်ဆရာက ဆုတောင်းပေးတယ်။ လာလှူတဲ့ပစ္စည်းတွေကိုတော့ သူက ယူပစ်တာပေါ့။

ဒီလိုနဲ့ပဲ အဲဒီရွာတော်ရှင်နတ်ရဲ့ ပွဲတော်ကြီး ကျင်းပဖို့ အချိန်ရောက်လာပြန်တယ်။ အနီးအနားတဝိုက် ရွာတွေကလည်း အဲဒီနတ်ပွဲကြီးကို ဝင်ရောက်ဆင်နွှဲလေ့ ရှိကြတယ်။ ဖြစ်ချင်တော့ နတ်နန်းက စီးတော်မြင်းရုပ်တုကြီး ပျောက်ချင်းမလှ ပျောက်သွားတယ်။ ထုံးစံအတိုင်း ရဲတိုင်ပေမယ့် ရဲကလည်း ဘာမှ မလုပ်ပေးဘူး။ နတ်ပွဲမှာ နတ်ရုပ်ကို အဲဒီမြင်းရုပ်ပေါ် တင်ပြီး လှည့်ရတာ ဆိုတော့ မြင်းရုပ်မရှိရင် အဆင်မပြေဘူး။ နတ်စိတ်ဆိုးမှာကို ကြောက်ကြတယ်။

နတ်ရုပ်ပျောက်တဲ့ကိစ္စကြောင့် ရွာက လူကြီးတွေက လက်ရှိနတ်ဆရာကို အမြင်မကြည်ဘူး။ အဲဒါနဲ့ တခြားဒေသက နတ်ဆရာအသစ် ရှာပြီး နတ်ကွန်းရဲ့ မြင်းပျောက်တဲ့အမှုကို နတ်မေးပေးဖို့ တာဝန်ပေးလိုက်တယ်။ အဲဒီနတ်ဆရာအသစ်က ဖြီးလုံးဖိန့်လုံးတွေ မျက်လှည့်ပညာတွေ သုံးပြီး သူ့ကို လူတွေ ယုံအောင် လုပ်တာပေါ့။ နတ်ကွန်းမှာ အလှူငွေ ပိုက်ဆံ များများပေးရင် ကောင်းကောင်း ဆုတောင်းပေးတယ်။ လက်ကြီးဗလာ လာရင်တော့ မောင်းထုတ်ပစ်တယ်။

ဖြစ်ချင်တော့ ရွာကို လူလိမ်ဂျပိုးတကောင် ရောက်လာပြန်တယ်။ အဲဒီလူလိမ်က နတ်ဆရာ ကောင်းစားနေတာကို သဘောပေါက်တော့ သူတို့ အကျိုးတူ ပူးပေါင်းကြတယ်။ သူတို့အဲဒီအချိန်ထိ မြင်းရုပ်ကို ရှာမတွေ့သေးဘူး။ ဒါနဲ့ပဲ နတ်ပူးသလိုလို ဓါတ်ပူးသလိုလိုနဲ့ မြင်းရုပ်ရှိနေမယ့်အရပ်ကို ညွှန်ပြလိုက်တယ်။ အဲဒီအရပ်ဘက်ကို ရွာက လူတွေ တောနင်းပြီး ရှာတဲ့အခါ... မြင်းဖြူလေးတကောင် တွေ့တယ်။ အဲဒီဟာကို နတ်ဆရာက နတ်မြင်းကိုယ်ထင်ပြတယ် ဘာညာ လုပ်ပြီး ရွာက နတ်ကွန်းရဲ့ စီးတော်မြင်းအဖြစ် လုပ်ဖို့ မြင်းဖြူလေးကို ဖမ်းခေါ်သွားပြီး နတ်ကွန်းရှေ့က ကျောက်တိုင်တွေမှာ ချည်ထားလိုက်တယ်။ ရွာက လူတွေကလည်း သူတို့ရွာတော်ရှင်ရဲ့ စီးတော်မြင်းကြီး အသက်ဝင်လာတယ် ဆိုပြီး အံ့သြကြတာပေါ့။

တရက်မှာ ပုပုကွကွ လူတယောက် ရွာထဲရောက်လာပြီး အဲဒီမြင်းဖြူလေးကို ကြိုးတွေဖြည်ပြီး ယူသွားဖို့ လုပ်တာကို ရွာက လူတွေက တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း ရွာလူမိုက်တွေက သူ့ကို ဆွမ်းကြီးလောင်းကြတာပေါ့။ အဲဒီပုပုကွကွလူက တကယ်တော့ မြင်းပိုင်ရှင်ပါ။ သူ့မြင်းကို တောထဲက စားကျက်မှာ လွှတ်ထားတုန်း ပျောက်သွားလို့ တရွာဝင် တရွာထွက် လိုက်ရှာရင်း အခုရွာရဲ့ နတ်ကွန်းရှေ့မှာ တွေ့တာပါ။ သူဟာ မြင်းပိုင်ရှင်ပါလို့ ဘယ်လိုပဲ ပြောပြော... ရွာက လူတွေက လက်မခံဘူး။ မြင်းဖြူဟာ သူတို့ရွာတော်ရှင်ရဲ့ နတ်မြင်းလို့ပဲ ယုံကြတယ်။ ဒီလိုနဲ့ပဲ မြင်းပိုင်ရှင်ဟာ ရွာက ပေးတဲ့ ဒုက္ခပေါင်းစုံကို ခံစားလိုက်ရတယ်။ နိုင်ငံရေးသမား အမတ်တွေကလည်း ရွာတွေကနေ မဲရဖို့အတွက် ကြားထဲမှာ ဂလောက်ဆန်ကြသေးတယ်။ အဲဒါပြောရင်တော့ ကုလားကား ပေပိုရှည်ပါမယ်။

လိုတိုရှင်း ပြောရမယ် ဆိုရင်တော့ ... တနေ့မှာ ရွာက လူငယ်ပိုင်းတွေဟာ အဖြစ်မှန်ကို သဘောပေါက်သွားကြတယ်။ မြင်းရုပ်ကိုလည်း ရှာတွေ့သွားတယ်။ မြင်းရုပ်ကို ဖွတ်ထားတဲ့သူက အရင်က နတ်ဆရာပါ။ မြင်းရုပ် ပျောက်သွားရင် မြင်းရုပ်အသစ်လုပ်ဖို့ အလှူငွေများ ရမလား ဆိုပြီး မြင်းရုပ်ကို ဖျောက်ထားတာပါ။ မြင်းရုပ်ကို ပြန်တွေ့တော့ နတ်မြင်းကြီး အသက်ရှင်လာတယ် ဆိုတဲ့ဟာလည်း မဟုတ်မှန်း ရွာကလူတွေ သိကုန်ကြတယ်။ အဲဒီတော့ မြင်းဖြူလေးရဲ့ ပိုင်ရှင်ကို မြင်းပြန်ပေးလိုက်တယ်။ နတ်ရုပ်ကြီးကို မြင်းရုပ်ကြီးပေါ် တင်ပြီး ရွာတော်ရှင် နတ်ပွဲကြီးကိုလည်း ချိမ့်ချိမ့်သဲ ကျင်းပကြပါတော့တယ်။

အဲဒီဇာတ်ကားမှာ ဘာတွေကို သိရှိနားလည်ခံစားရသလဲ ဆိုရင်...
၁။ ရွာနတ်က သူ့ဘာသာ သူ နေတာပါ... တကယ်ရှုပ်နေတာက နတ်ဆရာပါ။ နတ်ကိုင်မယ် ဘာညာ ပြောပေမယ့် နတ်က တခါမှ လာမကိုင်ဘူး။ နတ်ဆရာပဲ ဟိုကိုင် ဒီကိုင် လုပ်ပါတယ်။
၂။ နတ်ဆရာ ဘာကြောင့် ရှုပ်သလိုဆိုရင် သူ့ကိုယ်ကျိုးစီးပွါးအတွက် ရှုပ်တာပါ။ ဒါပေမယ့် နတ်ကို အကြောင်းပြုပြီး လူက ရှုပ်ပါတယ်။
၃။ အဲဒီလို ကိုယ်ကျိုးစီးပွါးအတွက် ဘာသာရေးဆိုင်ရာ ကိုးကွယ် ယုံကြည်မှုကို အသုံးချသူတွေရဲ့ ဘေးမှာ လူလိမ်ဂျပိုးတွေက ဝန်းရံကူညီတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စားပေါက်ချောင်လို့ပါ။ ဘာသာရေး အရေခြုံထားတော့လည်း အကာအကွယ် ကောင်းလို့ပါ။
၎။ လူတွေဟာ အယူဝါဒပိုင်းဆိုင်ရာ လွှမ်းမိုးခံရနေရင် အသိအမြင် စုံလုံးကန်းပြီး တကယ့် မြင်းပိုင်ရှင်အစစ်ကိုလည်း ဝိုင်းဗျင်းကြပါတယ်။ နတ်ဆရာ ပြောသမျှဟာ ယုတ္တိမတန်လည်း သူတို့အတွက်တော့ နတ်ကိုယ်တိုင် လာဟောသလို ဖြစ်ကုန်ကြပါတယ်။
၅။ မြင်းပိုင်ရှင်အစစ်ဟာ ကိုယ်မှန်နေပေမယ့်လည်း စုံလုံကန်းနေပြီး မိုးခါးရေသောက်တဲ့ လူတွေကြားထဲကို ရောက်သွားတဲ့အခါမှာ သူ့အတွက် အမှန်တရားက အဖြေချက်ချင်း မထွက်ပါ။ အမှန်တရား ထွက်လာဖို့ အချိန်ယူနေတဲ့အချိန်မှာ မှန်တဲ့သူတွေကတော့ အရင်ခံနေရပါပြီ။

ပြောချင်တာကတော့ ဒါပါပဲကွယ်။ ဆက်လက်ပြီး ဆင့်ပွါးဆင်ခြင် တွေးတောနိုင်ကြပါစေ။

ဘုရားဟောဖြစ်တဲ့ ကာလမသုတ်ကို နှလုံးသွင်း ဆင်ခြင်တာ အကောင်းဆုံးပဲလို့ မြင်မိပါတယ်။

Sunday, March 5, 2017

Religious Harmony

မနေ့ညက FB ထဲက အစ်မတယောက် Share ထားလို့ ဆရာမတယောက် ဖြစ်မယ်လို့ ယူဆရတဲ့သူ ရေးထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။ စတုတ္ထတန်း ပြည်သူ့နီတိထဲက ဘာသာတရားများ မိတ်ဆက် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ရေး လုပ်ထားတာပါ။

ကမ္ဘာပေါ်မှာ ဘာသာတရားယူဆချက်တွေ အများကြီး ကွဲပြားခြားနားစွာ ရှိပါတယ်။ အဲဒီထဲမှာမှ လူအများစု ကိုးကွယ်ယုံကြည်တဲ့ အဓိက ဘာသာကြီး ၄ ခု ရှိပါတယ်။ ခရစ်ယာန်၊ အစ်စလမ်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတို့ပါပဲ။ အဲဒီ ၄ ခုထဲမှာ တကယ်တော့ ဗုဒ္ဓဘာသာက ကိုးကွယ်ယုံကြည်သူ အနည်းဆုံးပါပဲ။
ကိုယ်တွေရဲ့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာကို အဓိကထား ကိုးကွယ်လို့ တိုင်းပြည်ထဲက အများစုဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထိတွေ့မှု အများကြီး ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့သူတွေဟာ ဗုဒ္ဓဘာသာရဲ့ တရားသဘောတွေကို အနုစိတ် အသေးစိတ် မသိရင်တောင် အပေါ်ယံလောက် နားလည်ကြပါတယ်။ 

ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာတွေနဲ့ ပတ်သက်ပြီး ထိတွေ့မှု သိပ်မရှိကြပါဘူး။ အဲဒီတခြားဘာသာတွေ အကြောင်းကို နားလည် သဘောပေါက်မှု မရှိကြပါဘူး။ အဲဒီအခါမှာ တချို့ကိစ္စတွေမှာ မသိခြင်းကို အခြေခံထားတဲ့ အထင်လွဲမှုတွေ အမြင်မှားမှုတွေ ရှိလာပြီး စိတ်အစာမကြေမှုတွေ ဖြစ်လာရပါတယ်။ စိတ်အစာမကြေမှုတွေ တဖြည်းဖြည်း စုပုံလာတဲ့အခါမှာ မလိုမုန်းတီးမှုတွေ ပေါက်ကွဲမှုတွေ ဆင့်ပွါး ဖြစ်လာရပြန်တယ်။

အဲဒီလို မလိုလားအပ်တဲ့ အကြောင်းတရားတွေ မဖြစ်လာရအောင် ကလေးဘဝကတည်းက မြန်မာပြည်မှာ အဓိက တည်ရှိနေတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး မိတ်ဆက်တာတွေ လုပ်ဖို့အတွက် ၂၀၁၅ ထုတ် ပြည်သူ့နီတိစာအုပ်ထဲမှာ ဘာသာတရားများ မိတ်ဆက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းဖော်ပြတာကို တွေ့ရပါတယ်။ အဲဒီစာအုပ်က ပညာရေးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ စာအုပ်တော့ မဟုတ်ပါဘူး။ NGO တခုက ထုတ်ထားတဲ့စာအုပ်ပါ။

အဲဒီလို မိတ်ဆက်တာဟာ မသိတာကို သိရအောင် လုပ်ပေးတာပါ။ ဘာသာတိုင်းရဲ့ အနှစ်သာရမှာ ကောင်းတဲ့အချက်တွေ ရှိတယ်။ အဲဒါတွေကို တိုင်းသူပြည်သားအားလုံး သိရှိပြီး အချင်းချင်း အပြန်အလှန် ယုံကြည် လေးစားမှုရှိအောင် လုပ်ပေးနေတာပါ။ ဘာသာရေး ဆွယ်တရား ဟောနေတာ မဟုတ်ပါဘူး။ ဘယ်ဘာသာက ပိုကောင်းတယ်လို့လည်း ထောက်ပြနေတာ မဟုတ်ပါဘူး။

အဲဒီလိုစာတွေ ပြည်သူ့နီတိမှာ ပါတာ ကလေးတွေအတွက် အဆိပ်အတောက် မဟုတ်ပါဘူး။ အဲဒီ အဆိပ်အတောက် မဟုတ်တဲ့စာကို အဆိပ်အတောက် ဖြစ်အောင် သင်ကြားပို့ချတာမျိုး ဆရာ ဆရာမတွေ မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။ ဆရာ ဆရာမတွေအနေနဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီး အမြင်ရှင်းဖို့ လိုပါတယ်။ ပညာဝမ်းစာပြည့်ဖို့ လိုပါတယ်။ ဗဟုသုတ အမြင်စုံဖို့ လိုပါတယ်။ အမုန်းတရားတွေ မပြန့်ပွါးအောင် သတိထား ဆင်ခြင်နိုင်ပါစေ လို့ ဆန္ဒပြုပါတယ်။

တပည့်မရှား တပြားမရှိတဲ့ ကျွန်တော့်ရဲ့ တောကျောင်းလေးက ဆရာ ဆရာမများကို ဦးထိပ်ထား လေးစားလျှက်...

Tuesday, January 10, 2017

Golden Hour

ကျောင်းတုန်းက စာစီစာကုံး ရေးရတဲ့အခါ ညနေဆည်းဆာကို စာမျက်နှာ ၇ မျက်နှာလောက် ရေးဖြစ်တယ်။ အဲဒီတုန်းက ညနေဆည်းဆာကို အကျည်းတန်လှချိန်လို့ တင်စားဖွဲ့ဆို ရေးခဲ့တာကို မှတ်မိတယ်။ တခြား ကဗျာတွေ စာတွေလည်း ကိုးကားရေးသား ရတာပေါ့။

ညနေဆည်းဆာ အချိန်... တနေကုန် ပူရှိန်ပြင်းခဲ့တဲ့ နေမင်းကြီး အနောက်ဂေါယာကျွန်းကို ခေါင်းဝင်တိုးပြီး အနားယူတော့မယ် အချိန်။ အဲဒီအချိန်မှာ နေရောင်ဟာ ရွှေအိုရောင်အလား ထွန်းပဝင်းတယ်။ အကျည်းတန်တဲ့လူတောင် ရွှေအိုရောင် ဖျန်းပတ်လို့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ လှပတင့်တယ်စေတယ်။ အဲဒီအချိန်ကို အင်္ဂလိပ်လိုကျတော့ Golden Hour လို့ ခေါ်ကြပြန်တယ်။

အဲဒီအချိန်မှာ ရိုက်တဲ့ဓါတ်ပုံအချို့မှာ ရွှေရောင်ဝင်းပတာကို မြင်နိုင်တယ်။ နေရဲ့ အလင်းရောင်ဟာ အဲဒီအချိန်မှာ အနီရောင်ဘက်ကို ပိုကဲပြီး အလင်းရဲ့ ပြင်းအားလည်း ဖျော့တော့သွားတယ်။ နေရဲ့ အလင်းရောင်ကြောင့် ကျတဲ့ အရိပ်ဟာလည်း ဖျော့တော့တော့ပဲ။

အဲဒီအကြောင်းအချက်တွေကြောင့် အဲဒီ Golden Hour မှာ ရွှေအိုရောင်တောက်နေတဲ့ ဘုရားစေတီတွေ၊ အဆောက်အဦးတွေ၊ မျှော်စင်တွေ၊ တောင်တွေ၊ မြစ်ရေပြင်တွေ၊ ပင်လယ်တွေကို မြင်ရပြန်တယ်။ ပကတိမျက်စိနဲ့ ကြည့်ရင်ပဲ ရွှေအိုရောင် တောက်ပနေတာကို မြင်ရသလိုပဲ ကင်မရာ မှန်ဘီလူးက တဆင့် ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာတော့ ရွှေအိုရောင်ဟာ ပိုပြီး ထင်ရှားပြန်တယ်။ ကင်မရာရဲ့ အလင်းအမှောင် ချိန်ဆမှုပေါ် မူတည်ပြီး ရွှေရောင်တောက်ပမှုဟာ အပြောင်းအလဲ ရှိနိုင်ပြန်တယ်။

အဲဒီရွှေအိုရောင် တောက်ပတဲ့ အကျည်းတန်လှချိန်ဟာ နေရာဒေသနဲ့ ရာသီဥတုပေါ် မူတည်ပြီး အချိန် မတူညီနိုင်ပါဘူး။ အများစုကတော့ နေမဝင်ခင် ၁ နာရီအလိုကို Golden Hour လို့ သတ်မှတ်ကြပါတယ်။
ကိုယ်တွေလည်း အဲဒီလို ရွှေအိုရောင် တောက်တဲ့အချိန်တွေကို ညနေ ရုံးဆင်းချိန်မှာ မကြာခဏ တွေ့ဖူးတယ်။ အိမ်ကို လမ်းလျှောက်ပြန်လာရင်း ကိုယ့်ရှေ့က တိုက်တွေဟာ ရွှေရောင်ဝင်းပနေတာကို မြင်ဖူးတယ်။ UNICEF ရဲ့ သင်တန်းကိစ္စနဲ့ မင်းဘူး၊ ငဖဲဘက်ကို ရောက်တုန်းက မုန်းချောင်းဘက်ကို ညနေခင်းရဲ့ ဆည်းဆာရှုခင်း သွားကြည့်မိတော့ ရွှေအိုရောင် တောက်နေတဲ့ လယ်ကွင်းတွေနဲ့ မြက်ရိုင်းပင်တွေကို မြင်ခဲ့ရဖူးတယ်။ ပတ္တရားကမ်းခြေမှာ အလုပ်ကိစ္စနဲ့ ရက်ရှည် တည်းခဲ့တုန်းကလည်း ရွှေအိုရောင် တောက်ပနေတဲ့ ပင်လယ်ပြင်နဲ့ ကမ်းစပ်ကို ကိုယ်ရဲ့ဟိုတယ် ပြတင်းပေါက်ကနေ မြင်ဖူးတယ်။

ဘာရယ်တော့မဟုတ်ပါဘူး။ Golden Hour ရွှေအိုရောင်အချိန်ဟာ သိပ်လှပါတယ်လို့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေ ကြုံတွေ့ဖူးပေမယ့် တချို့တွေ့ဟာ သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညနေဆည်းဆာရဲ့ အကျည်းတန်လှချိန် ရွှေအိုရောင်အချိန်ကို မျက်စိတံခါးတွေ ဖွင့်ထားပြီး သတိတရ ရှုစားခံစားနိုင်ကြပါစေလို့ ကောင်းမွန်တဲ့စေတနာ အရင်းခံနဲ့ ဆန္ဒပြုလိုက်ပါတယ်။

Sunday, January 8, 2017

Way to office

ကိုယ်တွေရဲ့ အရင်အလုပ်က စင်္ကာပူရဲ့ အရှေ့ဘက်အခြမ်းမှာ ရှိတယ်။ ကိုယ်နေတာက အနောက်ဘက်အခြမ်း။ အဲဒီတော့ တနေ့တနေ့ ရုံးသွားမယ်ဆိုရင် ကား ၁ ဆင့်၊ ရထား ၃ ဆင့် စီးပြီး လမ်းကို ၁၀ မိနစ်လောက် လျှောက်ရတယ်။ အချိန်က ၁ နာရီခွဲလောက် ကုန်တယ်။

အခုရုံးကတော့ အနောက်ဘက်မှာ ရှိပေမယ့် ကား ၂ ဆင့်၊ ရထား ၂ ဆင့် စီးရတယ်။ ၄၅ မိနစ်လောက် အချိန်ကုန်တယ်။ ကိုယ့်ဘာသာ ကားမောင်းမယ် ဒါမှမဟုတ် အငှားကား ငှားစီးမယ်ဆိုရင်တော့ ၁၅ မိနစ်လောက်နဲ့ ရုံးကို ရောက်တယ်။ ဒါပေမယ့် အဲဒီလို ၁၅ မိနစ်နဲ့ ရောက်မယ့် လမ်းကြောင်းမျိုးမှာ ဘတ်စ်ကားလိုင်း ရထားလိုင်း သီးသန့် ရှိမနေဘူး။ အဲဒီတော့ အကုန်အကျ သက်သာချင်ရင်တော့ ၄၅ မိနစ်ကြာတဲ့ လမ်းကြောင်းကနေပဲ သွားရတာပေါ့။

ဒီလအတွင်းမှာ ရုံးအသစ်ကြီးကို ပြောင်းရတော့မယ်။ အဲဒီကို အိမ်ကနေ ကား ၁ ဆင့်တည်းနဲ့ တန်းရောက်ပေမယ့် အိမ်ကနေ ကားဂိတ်ကို ၇ မိနစ်လောက်၊ ဆင်းရမယ့် ကားဂိတ်ကနေ ရုံးကို ၁၅ မိနစ်လောက် လမ်းလျှောက်ရမယ်။ အဲဒီလိုမျိုး လမ်းမလျှောက်ချင်ရင် ကား ၂ ဆင့်၊ ရထား ၂ ဆင့် စီးရမယ်။
ပြောချင်တာက စင်္ကာပူမှာလည်း လူတဦးတယောက်အတွက် အကုန်လုံး အစစအရာရာ အဆင်ပြေတဲ့ လမ်းကြောင်းမျိုး မရှိပါဘူး။ ရွေးချယ်စရာတွေ များတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီရွေးချယ်စရာတွေထဲကမှ ကိုယ်နဲ့ အဆင်ပြေမယ့် လမ်းကြောင်းကိုပဲ အဓိက ရွေးချယ် အသုံးပြုရတာမျိုးပါ။

ရန်ကုန်မြို့ကြီးမှာလည်း ယာဉ်လိုင်းအသစ်တွေနဲ့ စစချင်းမှာ အဆင်မပြေတာတွေ အသားမကျတာတွေ ရှိနေနိုင်ပေမယ့် အချိန်နဲ့အမျှ ရွေးချယ်စရာတွေ ပေါများလာပြီး ကိုယ်နဲ့ အသင့်တော်ဆုံး လမ်းကြောင်းတွေကို ရွေးချယ် အသုံးပြုစီးနင်းနိုင်မှာပါ။

ရန်ကုန်သားတွေ အဆင်ပြေကြပါစေ...