.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, October 16, 2007

Chinese marriage customs 1

သြော် ဘာလိုလိုနဲ့ သီတင်းတောင် ကျွတ်တော့မယ်နော်။ ၂၀၀၇ မှာ အောက်တိုဘာ ၂၆ ရက်နေ့ဆိုရင် မြန်မာပြည်မှာ သီတင်းကျွတ်ပြီပေါ့ဗျာ။ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ ချစ်သူမောင်နှံတွေ မောင်ဂလာဆင် နိုင်ကြပြီလေ။ မင်္ဂလာဆောင်ဆိုတာ ဘ၀ရဲ့ အထင်ကရ မှတ်တိုင်တစ်ခုပါပဲ။ တရုတ်ရိုးရာ မင်္ဂလာဆောင်မှာ လုပ်ဆောင်ရတဲ့ ဓလေ့တွေက အလွန်ပဲ ရှုပ်ထွေးပေမယ့် အခုခေတ် အချိန်အခါအထိ သုံးစွဲနေပါသေးတယ်။ အဲဒီတော့ တရုတ်ရိုးရာ မင်္ဂလာဆောင် ဓလေ့တွေအကြောင်းကို မြန်မာပြည်က မင်္ဂလာမောင်နှံတွေ အတွက် ဗဟုသုတရအောင် ရေးပေးလိုက်ပါမယ်။ တရုတ်မောင်နှံတွေကတော့ သိပြီးသား ဖြစ်ကြမှာပါ။ မသိသေးရင်လည်း မှတ်ထားကြပေါ့။

ရှေးယခင်ကတော့ တရုတ်ပြည်မှာ အိမ်ထောင်ရေးကို မိဘနဲ့ အောင်သွယ်တော် စီစဉ် လုပ်ဆောင်ကြပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ကလေးတွေမှာ နိုး ဆိုပြီး ငြင်းပယ်တာမျိုး ပြောခွင့်မရှိပါဘူး။ သားရှင်တွေက အောင်သွယ်တော်ကနေ တဆင့် သမီးရှင်တွေကို ကမ်းလှမ်းပါတယ်။ အဲဒီလိုပဲ သမီးရှင်တွေကလည်း အောင်သွယ်တော်ကနေ တဆင့် သားရှင်တွေကို ကမ်းလှမ်းပါတယ်။ ပြီးရင် တရုတ်ရိုးရာ ဗေဒင်အရ မောင်နှံနှစ်ဖော် အဆင်ပြေ မပြေ တိုက်ဆိုင် စစ်ဆေးကြည့်ပါတယ်။ အဆင်ပြေရင် နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မိဘတွေကပဲ ဆုံးဖြတ်ကြပါတယ်။

တရုတ် မင်္ဂလာဆောင်မှာ လုပ်ဆောင်ရတဲ့ ဓလေ့မှာ အဆင့်များစွာ ရှိပါတယ်။ အဲဒါတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြောပြသွားပါမယ်။

၁။ လက်ဆောင်ပဏ္ဍာ ပို့ခြင်း
သတို့သားကနေ သတို့သမီး မိဘတွေဆီကို လက်ထပ်ခွင့် အသိအမှတ်ပြုဖို့ လက်ဆောင်ပဏ္ဍာ ပို့သရပါတယ်။ အဲဒီလက်ဆောင်မှာ အဓိကအနေနဲ့ သတို့သမီးအတွက် ခန်းဝင် အ၀တ်အစားတွေ ပါရပါတယ်။ သတို့သမီးရဲ့ မိဘတွေကို သမီးဖြစ်သူ လူလားမြောက်တဲ့အထိ ကျွေးမွေးသွန်သင်ခဲ့တာကို ကျေးဇူးဆပ်တဲ့အနေနဲ့ အခုလို လက်ဆောင်တွေကို ပို့ပေးရတာပါ။ ဒီလောက်တော့ ပေးသင့်ပါတယ်နော်။

၂။ စေ့စပ်ကြောင်းလမ်းခြင်း
သတို့သားနဲ့ သတိုးသမီး အပြန်အလှန် လက်စွပ်လဲရပါတယ်။ အများအားဖြင့် လက်စွပ်တွေမှာ အမည်လေးတွေ ရေးထားလေ့ ရှိပါတယ်။ ပြီးရင် ဆွေမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေကို စေ့စပ်ပွဲ အထိမ်းအမှတ် ကိတ်မုန့်တွေ၊ ဝေဖာတွေ ဝေငှပါတယ်။ လူသိရှင်ကြား ကြေညာတာပေါ့ဗျာ။ သူငယ်ချင်းတွေကိုတော့ ငါ စွံပြီကွ ဆိုပြီးတော့ ကြွားတာလဲ ဖြစ်နိုင်ပါတယ်။

၃။ လက်ဆောင်ပဏ္ဍာ လဲလှယ်ခြင်း
သတို့သားရဲ့ မိဘတွေမှ သတို့သမီးမိဘတွေကို လက်ဆောင်ပဏ္ဍာများ ပေးပို့ရပါတယ်။ အများအားဖြင့် အဲဒီလက်ဆောင်မှာ အမျိုးအမည် ၆ မျိုးပါဝင်ရပါတယ်။ အန်ပေါင်းဆိုတဲ့ အနီရောင်စာအိတ်တစ်ခု၊ အနီရောင် ဖယောင်းတိုင် ၂ တိုင်၊ ရွှေငွေရတနာ၊ ၀က်ပေါင်ခြောက်၊ သတို့သမီး အလှကုန် အသုံးအဆောင်၊ သစ်သီးခြောက်၊ သစ်သီး၊ သကြားလုံး၊ ၀ိုင်၊ ကိတ်မုန့် စတာတွေထဲက အနည်းဆုံး ခြောက်မျိုး ပါလေ့ရှိပါတယ်။ အဲဒီ လက်ဆောင်တွေကို လင်ပန်းပေါ်မှာ တင်ပြီး အနီရောင် ပိတ်စနဲ့ ဖုံးထားရပါတယ်။ အဲဒီလင်ပန်းကို သတို့သား မိသားစုက အသက်အကြီးဆုံး မိသားစုဝင်က သတို့သမီး မိဘတွေဆီကို လက်ဆောင်အဖြစ် ပို့ပေးရပါတယ်။ အများအားဖြင့် သတို့သမီး မိသားစုမှ ရရှိလာတဲ့ လက်ဆောင်ထဲမှ အချို့ကို သတို့သားဘက်ကို ပြန်လည် ပေးအပ်လေ့ရှိပါတယ်။

၎။ ဆံပင်ထုံးဖွဲ့ အလှဆင်ခြင်း
မင်္ဂလာပွဲနေ့မှာ သတို့သားရော သတို့သမီးရော ဆံသမင်္ဂလာကို ကိုယ်စီကိုယ်ငှ မိမိအိမ်မှာ ကျင်းပရပါတယ်။ သတို့သားနဲ့ သတို့သမီး မိသားစုထဲက မုဆိုးမ၊ တစ်ခုလပ် မဟုတ်တဲ့၊ သားသမီး မြေးမြစ်ထွန်းကားတဲ့ အသက်အကြီးဆုံး အမျိုးသမီးတစ်ဦးစီက သတို့သားနဲ့ သတို့သမီးကို ခေါင်းဖြီး အလှပြင်ပေးရပါတယ်။ အဲဒီလို လုပ်ပေးရင် ကြင်စဦး ဇနီးမောင်နှံဟာ အိုအောင်မင်းအောင် ပေါင်းသင်းရတဲ့အပြင် သားသမီး ရတနာများ မြေးမြစ်တီကျွတ်များ ထွန်းကားစေတယ်လို့ အယူအဆ ရှိပါတယ်။

၅။ ရွှေဆွဲကြိုးတားခြင်း
သတို့သားအနေနဲ့ သတိုးသမီး အိမ်ကို အ၀င်မှာ ကြိုးတားခြင်းကို ခံနိုင်ရပါတယ်။ သတို့သမီးရဲ့ သူငယ်ချင်းတွေက ကြိုးတားလေ့ ရှိပါတယ်။ အဲဒါကို ကျော်ဖြတ်နိုင်ဖို့ အန်ပေါင်းပေး ရပါတယ်။ အန်ပေါင်းကို သေးသေးလေး ပေးရင် မရပါဘူး။ အန်ပေါင်း အထုတ်ကြီးကြီး ပေးရပါတယ်။ သတို့သားအနေနဲ့ သတို့သမီးရဲ့ သူငယ်ချင်းတွေ လက်ခံနိုင်တဲ့ အန်ပေါင်း ပမာဏ ရတဲ့အထိ အလျှော့အတင်း လုပ်ရပြီး အဲဒီ ရွှေတံခါးကြီးကို ကျော်ဖြတ်ရပါတယ်။ တရုတ်တွေ စလိုက်တဲ့ ဓလေ့က နောက်ပိုင်း ရွှေဆွဲကြိုးကနေ စိန်ဆွဲကြိုး တားတဲ့အထိ ရောက်သွားပါရောဗျာ။

၆။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ကန့်တော့ခြင်း
ရှေးယခင်ကတော့ သတို့သားနဲ့ သတို့သမီးဟာ အကြင်လင်မယား အဖြစ် အမှန်တကယ် မရောက်ခင်မှာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဦးညွတ် ကန့်တော့ပါတယ်။ ပြီးရင် နှစ်ဘက် မိဘများကို ကန့်တော့ပါတယ်။ ပြီးတော့ မောင်နှံ အချင်းချင်း အပြန်အလှန် အရိုအသေပြု ဦးညွတ်ကြပါတယ်။ အဲဒါကို တရုတ်ကားတွေမှာ မြင်ဘူးမှာပါ။

လုပ်ရတဲ့ဓလေ့တွေက မပြီးသေးဘူးနော်။ အများကြီး ကျန်သေးတယ်။ နောက်တစ်ပုဒ်မှာ ဆက်ရေးမယ်။

1 comment:

Unknown said...

ဂျူလိုင်
လာလည်သွားတယ် တရုတ်မင်္ဂလာဆောင် အကြောင်းဖတ်ရလို့ မသိတာတွေသိသွားပြီ။
သတိုးသားခင်မျာ သနားပါတယ်နော် ဒီကြားထဲ သတိုးသမီးက ၀ ရင်တော့လျှာအလျှားလိုက်
ထွက်မှာ အသေအချာပဲနော်။