.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, October 18, 2007

Chinese marriage customs 3

တရုတ်မင်္ဂလာပွဲနဲ့ ပါတ်သက်တဲ့ စိတ်ဝင်စားဖွယ် ရိုးရာဓလေ့တစ်ချို့ကို ဝေမျှ တင်ပြလိုက်ပါဦးမယ်။ တချို့ဓလေ့တွေကို မရီကြနဲ့နော်။ သြော်... ဒါနဲ့ အခုလို မင်္ဂလာဆောင် ဓလေ့ထုံးတမ်းတွေ တင်နေလို့ ကျွန်တော်ဇူလိုင်ကို အထင်တော် မကြီးကြပါနဲ့။ ဗဟုသုတ ဝေမျှတာပါ။ တကယ်ကို ဘာ အစီအစဉ်မှ မရှိပါဘူး ခင်ဗျာ။ လက်ဖွဲ့ဖိုး သက်သာသွားလို့ ဆိုပြီး တချို့ဘလော့ကာတွေ ပျော်သွားမှာ မြင်ယောင်နေမိပါတယ်ဗျာ။

ငိုပွဲဆင်တဲ့ ပွဲညသဘင်
တချို့ဒေသတွေမှာ မင်္ဂလာပွဲ မကျင်းပခင် တစ်လအလို ဒါမှမဟုတ် ၂ ပတ်အလိုမှာ သတို့သမီးဖြစ်သူက စတင်ပြီး ငိုချင်းချကြပါတယ်။ ငိုချင်းထဲမှာက သျှောင်နောက် ဆံထုံးပါရမှာမို့လို့မိသားစုနဲ့ ခွဲခွါရတော့မှာကို လွမ်းဆွေးကြောင်း၊ အကိုတွေ ညီမတွေ ခယ်မ ယောင်းမတွေကို မခွဲခွါနိုင်ကြောင်း စတဲ့ စာသားတွေ ပါဝင်ပါတယ်။ တခါတလေ ညီမတွေ ယောင်းမတွေတင် မကဘူး မိဘတွေပါ ငိုချင်းချပြီး ငိုကြပါလေရော။ ကြည့်ရတာ အားပါသွားတယ် ထင်တယ်။

ဖက်ထုပ်မကျက်တကျက်
တချို့နယ်တွေမှာတော့ သတို့သမီးကို ဖက်ထုတ် မကျက်တကျက်ကို ကျွေးမွေးပါတယ်။ ဖက်ထုပ်စားနေတဲ့ သတို့သမီးဟာ ရှန်ပုရှန် ဆိုပြီး မေးခွန်းမေးချင်းကို ခံရပါလိမ့်မယ်။ ကျက်ပြီးလား မကျက်သေးဘူးလားပေါ့။ အသံထွက်အရ နောက်တစ်မျိုး အနက်ဖွင့်ဆိုလို့ရတာက ကလေး မွေးပြီလား မမွေးသေးဘူးလားပေါ့။ ဖက်ထုပ်က မကျက်သေးတဲ့အတွက် သတို့သမီးက ရှန် လို့ ဖြေရင် ကလေးမွေးမယ် ဆိုတဲ့ အနက်ကို ရောက်သွားစေပါတယ်။ သတို့သမီးလေးကို အိမ်ထောင်သည်ဘ၀မှာ ကလေးရစေချင်တဲ့ အတွက် လုပ်လေ့ရှိတဲ့ဓလေ့ တစ်ခုပါ။

ဂုံးပိုးပြေးစို့ တူပျော်ပျော်
အဲဒီ့ဓလေ့က ဟိုးရှေးခေတ် ထိုင်ဝမ်ကျွန်းကနေ အစပြုလာတာပါ။ သတို့သားက သတို့သမီးကို သတို့သမီးအိမ်မှာ ကောင်းချီးပေးနေတဲ့ မိဘတွေရှေ့မှာ ဂုံးပိုးထမ်းရပါတယ်။ ဂုံးပိုးထားတဲ့ သတို့သမီးကို သတို့သား အိမ်အရောက် ထမ်းပြေးရပါတယ်။ သတို့သား အိမ်ရောက်တဲ့အခါမှာလည်း မိဘတွေ မိတ်ဆွေတွေကို အရင် သွားရောက် မနှုတ်ဆက်ရပါဘူး။ မင်္ဂလာပွဲ ကျင်းပမယ့် နေရာကို နှစ်ခေါက် ပတ်ပြေးရပြန်ပါတယ်။ နောက်ဆုံး သတိုးသမီးအခန်းဖြစ်တဲ့ မင်္ဂလာအိပ်ခန်း အထဲထိကို ဂုံးပိုးပြီး ထမ်းပြေးရပါတယ်။ အိမ်ဝေးရင်တော့ သတို့သား လျှာထွက်ပြီ။ သတို့သမီးသာ ၀တုတ်ကြီး ဖြစ်ရင်လည်း သတို့သား ခါးကျိုးမှာ။ တော်သေးပါရဲ့ဗျာ အခုခေတ်မှာ အဲဒီလို ဓလေ့တွေကို သိပ်မလုပ်တော့လို့။

အနီရောင် အပျော်နှစ်ထပ်ကွမ်း
အရမ်းကို ထင်ရှားကျော်ကြားပြီး မင်္ဂလာပွဲတိုင်း လုပ်လေ့ရှိတဲ့ ဓလေ့တစ်ခုက အနီရောင်နဲ့ ရေးထားတဲ့ ပျော်ရွှင်ခြင်းဆိုတဲ့ စာလုံး နှစ်လုံးပူးပါ။ အဲဒီစာလုံးတွေကို မင်္ဂလာအိမ်က တံခါးတွေ၊ ပြတင်းပေါက်တွေမှာ ကပ်ထားတာကို တွေ့ရမှာပါ။ နောက်ပြီးတော့ မင်္ဂလာအိပ်ခန်းက ခေါင်းအုံးဖုံးတွေ၊ ကုတင်စွပ်နဲ့ စောင်တွေမှာလည်း တွေ့ရမှာပါ။ အခုခေတ်မှာတော့ မင်္ဂလာဆောင်ကားတွေမှာလည်း ကပ်ကြပါတယ်။ မောင်နှံစုံ အရုပ်လေးတွေတောင် ပါလာကြသေးတယ်။

ပေးလိုက်မယ် ကြက်ဥနီနီ
တချို့အရပ်ဒေသမှာတော့ မင်္ဂလာဆောင်မှာ ကြက်ဥနီနီတွေကို ပေးဝေလေ့ရှိပါတယ်။ မင်္ဂလာမောင်နှံရဲ့ အသိပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေပဲ ဖြစ်ဖြစ် ဥနီနီတွေကို တောင်းပိုင်ခွင့်ရှိပါတယ်။ ဒါတင်မကဘူး ဘာမှ မသိတဲ့ သူစိမ်းတွေကလည်း မင်္ဂလာမောင်နှံဆီမှာ ဥနီနီတွေကို လာရောက် တောင်းယူခွင့်ရှိပါတယ်။

မင်္ဂလာနေ့မြတ် အစဉ်အလာ
မင်္ဂလာပွဲဆိုတာ သတို့သားနဲ့ သတို့သမီးအတွက် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀တစ်ခုရဲ့ အစပဲလေ။ အဲဒါကြောင့် မင်္ဂလာရက်မြတ် ရွေးချယ်တာလဲ အလွန် အရေးကြီးပါတယ်။ အများအားဖြင့် တရုတ်လ ငါးလပိုင်း ခုနစ်လပိုင်းနဲ့ ကိုးလပိုင်းတွေမှာ မင်္ဂလာပွဲ မကျင်းပကြပါဘူး။ မိသားစုဝင်ထဲမှာလည်း နာရေးအသုဘ ရှိရင်လည်း အဲဒီကာလမှာ မင်္ဂလာပွဲတွေကို လုပ်လေ့မရှိပါဘူး။

3 comments:

Unknown said...

ဂျူလိုင်
မင်္ဂလာဆောင်အကြောင်း အစုံအလင် ရေးထားလို့မသိတာတွေသိသွားပြီ။
တရုတ်လူမျိုးတွေရဲ့ယဉ်ကျေးမှု့ကလည်း များသားနော်။
အကုန်လိုက်နာဖို့က ခပ်ခက်ခက်ပဲ။ ခုလိုရေးသားပေးတာ ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်။

su wai said...

ကိုဇူလိုင်ရေ
တရုတ်လူမျိုးတွေရဲ့ မင်္ဂလာထုံးတမ်းစဉ်လာတွေကိုတော့ သိရပါပြီ။ နောက်ထပ် အဲဒီလိုမျိုး ထူးခြားတဲ့ ဓလေ့ထုံးစံလေးတွေရှိသေးရင်လဲ မျှဝေပေးပါဦးနော်...ဘယ်လူမျိုးပဲ ဖြစ်ဖြစ်ပေါ့ !

ထွန်း said...

ဂုန်းပိုးရတာ ဖြစ်နိုင်တာပေါ့ အရင်က တရုတ်အမျိုသမီးတွေ ခြေသေးအောင် လုပ်ကြတယ်။ ပုံပြင်ထဲမှာ အရင်က ခြေကြီးတာခေတ်စားတယ်ဆိုဘဲ။ ခြေအကြီးဆုံး သူကို မိဖုရားတင်မြှောက်ထားသတဲ့. နောက် အိပ်ရာထဲက ထထပြီး လမ်းရှောက်ထွက်တာနဲ့ (တချို့ ပုံပြင်က နောက်မီးလင်းတယ်) ဆိုတာနဲ့ အမျိုးသမီးတွေကို ခြေမသေးသေးအောင် ထုတ်ပိုးထား တယ် ခြေဖ၀ါးကို မသေးသေးအောင် လုပ်ထားတော့ ဟန်ချက်မမိဘူး လမ်းလျှောက် လို့ မသန်ဘူး။ ဒါကြောင့် သူတို့ သားက သူတိုးသမီးကို ဘယ်နေရာသွားသွား ဂုံးပိုးရတာ (နောက်မီးမလင်းအောင် ထားတာ) လို့ ဖတ်ဘူးတယ် ဟုတ်မဟုတ်မသိဘူး။