.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, October 10, 2007

Hepatitis-B

ယခု သင့်ပတ်ဝန်းကျင်မှာ အသည်းရောင် အသားဝါ-ဘီ Hepatitis-B ရောဂါဟာ အရမ်းကို ခေတ်စားပြီး အလွန်လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါပါ။ ဒါကို သင် သိပါရဲ့လား ...

ရောဂါအမျိုးအစားများ ...
အရင်တုန်းက အသည်းရောင် အသားဝါရောဂါဟာ အေနဲ့ ဘီ နှစ်မျိုးပဲရှိပါတယ်။ ယခု နောက်ဆုံး တွေ့ရှိချက်များအရ စီ၊ ဒီ၊ အီးနဲ့ ဂျီ အထိ ရှိသွားပါပြီ။ အဲဒီအထဲမှာ ကူးစက်မှုအလွယ်ဆုံးနဲ့ အသည်း ရောဂါအဖြစ် အများဆုံး ရောဂါပိုးကတော့ ဘီပိုး Hepatitis-B virus ပဲ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးဟာ အိတ်ခ်ျအိုင်ဗွီပိုး HIV ထက်စာရင် အဆ ၁၀၀ ပိုပြီး ကူးစက်လွယ်ပါတယ်။ ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်ဟာ အသည်းရောင် အသားဝါ ဘီပိုးရောဂါ ကူးစက်ခံထားရပါတယ်။ နှစ်စဉ် ရောဂါဖြစ်တဲ့ လူဦးရေ သန်း ၅၀ တိုးပွါးနေပါတယ်။

ဘီပိုး ဘယ်လိုကူးစက်သလဲ ...
ကူးစက်နိုင်မှု အခွင့်အလမ်းကလည်း အရမ်းများလှပါတယ်။
  • ရောဂါပိုးရှိသော မိခင်မှ သန္ဓေသားသို့ မီးဖွါးစဉ် ရောဂါကူးစက်ခြင်း
  • ရောဂါပိုးရှိသော သွေးကို သွင်းမိခြင်း
  • ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • ရောဂါရှိသူရဲ့ ချွေး၊ တံတွေးများနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူများ အသုံးပြုပြီးသော ပစ္စည်းများကို အသုံးပြုခြင်း
ဘီပိုးရောဂါလက္ခဏာများ ...
အသည်းရောင်အသားဝါ ဘီပိုး ၀င်ရောက်ပြီး အစောပိုင်း လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ပျို့အန်တာ၊ အဆစ်အမြစ် ကိုက်ခဲ့တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ မောပန်းနွမ်းနယ်တာ၊ အသားဝါတာနဲ့ ဆီးဝါတာတို့ ဖြစ်စေနိုင်ပါတယ်။ တချို့တလေကျတော့ ဘီပိုးရောဂါလက္ခဏာ ပြသမှု လုံးဝမရှိပဲ မြုံနေတတ်ကြပါတယ်။ ဘီပိုး ရှိ ... မရှိကို သွေးစစ်ကြည့်ခြင်းက အကောင်းဆုံးပါပဲ။

အသည်းရောင်အသားဝါ ဘီပိုးဟာ လူ့ခန္ဓာကိုယ်ထဲမှာ ၀င်ရောက် ခိုအောင်းနေတဲ့ကာလ ကြာလာတာနဲ့အမျှ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ကလေးမှာ ဘီပိုးဝင်သွားရင် ၈၀% က ပိုးလုံးဝ ပြန်မထွက်တော့ပဲ နာတာရှည်ပိုး သယ်ဆောင်သူ ဖြစ်သွားကြပါတယ်။ လူကြီးမှာဆိုရင် ၂၀% ကသာ နာတာရှည်ပိုး သယ်ဆောင်သူ (Chronic Hepatitis B) ဖြစ်သွားပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့သူဟာ သာမန်လူတစ်ယောက်ထက် အသည်းကင်ဆာရောဂါနဲ့ အသည်းခြောက်ရောဂါ ဖြစ်ပွါးဖို့ ၂၉၅ ဆ ပိုပြီး အခွင့်အလမ်း ရှိပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ကုသပါ။

ဘီပိုးကို ကုသလို့ ရသလား ...
ဘီပိုးကို ကုသလို့ရတဲ့ ဆေးတွေရှိပါတယ်။ ကုသမှုဆေးတွေက ယခုခေတ်မှာ အများကြီး ပေါ်နေပါပြီ။ ဒါကြောင့် ပူပန်စိုးရိမ် သောကစိတ်တွေ မများကြပါနဲ့။

ဘီပိုးရှိသူများ ရှောင်သင့်သည့်အရာများ ...
အသည်းကို ထိခိုက်စေနိုင်တဲ့
၁။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်
၂။ သံဓါတ်ပါဝင်တဲ့ အစာများ (သွေးခဲ၊ အသည်းအမြစ်၊ ကလီစာ)
၃။ အဆီအနှစ်၊ မလိုင်ထောပတ်၊ နို့
၎။ ကြက်ဥ ဘဲဥအနှစ်၊ အဆီကြော်
၅။ ဆိုးဆေးပါသော အစားအသောက်များ
၆။ အချဉ်ဓါတ် (သံပုရာ၊ ရှောက်ချိုသီး)
၇။ နွယ်ချို စတာတွေ ရှောင်သင့်ပါတယ်။

သင့်အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ် ...
အသည်းရောင်အသားဝါ ဘီပိုးဟာ ကူးစက်မှုအလွယ်ဆုံးနှင့် အသည်းရောဂါ အဖြစ်အများဆုံး ဖြစ်တဲ့အတွက် ကုမ္ပဏီကြီးတွေ၊ ဟိုတယ်ကြီးတွေမှာ အလုပ်လျှောက်ဖို့ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသင်သွားဖို့ အလုပ်သွားလုပ်ဖို့ ဆေးစစ်ကြည့်တဲ့အခါ သွေးထဲမှာ ဘီပိုးတွေ့ခဲ့ရင် လုံးဝပယ်ချခြင်း ခံရပါတယ်။ ဒါကြောင့် သင့်မိသားစုမှာ အသည်းရောင် အသားဝါရောဂါပိုး ရှိနေရင် သင့်ရဲ့ အလုပ်အကိုင်၊ စီးပွါးရေးနှင့် ပညာရေး စတာတွေ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ...
ကမ္ဘာမှာ ဘီပိုးကာကွယ်ဆေး (Vaccine) ပေါ်နေတာ ၁၅ နှစ်လောက် ရှိပါပြီ။ သွေးစစ်ကြည့်လို့ ဘီပိုးရောဂါပိုး မရှိသေးဘူးဆိုရင် ဘီပိုးကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားလို့ရပါတယ်။

ဘီပိုးဟာ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ကူးစက်နိုင်တဲ့အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကလေးသူငယ်တွေကို ...
မွေးကင်းစအရွယ်ကတည်းက ဘီပိုးကာကွယ်ဆေးထိုးပြီး ...
အသည်းရောင် အသားဝါ ဘီရောဂါကို လုံးဝ ပပျောက်အောင် တိုက်ဖျက်ကြပါစို့ ...

6 comments:

မြရွက်ဝေ said...

July Dream ပြောတာ ဟုတ်တယ်။ မြန်မာပြည်မှာဆို "B"ပိုးရှိတဲ့သူတွေ အများကြီးဘဲ။ အထူးသဖြင့် လမ်းဘေးစားသောက်ဆိုင်တွေက ကူးတာ။ ဆိုင်အတော်များများက ဇွန်းတွေ ပန်းကန်တွေကို သေချာမဆေးဘူးလေ။ လမ်းဘေးစာ အရမ်းစားတဲ့သူငယ်ချင်းတယောက် အလုပ်ဝင်interviewမှာ ဆေးစစ်တော့ "B"ပိုးရှိနေတယ်။ ကျွန်မတို့ တဆောင်လုံးလဲ ပြူးပြူးပြာပြာနဲ့ ဆေးစစ်ကြည့်ရတာပေါ့။ အဆောင်မှာ ရေတအိုးထဲ အတူသောက်ကြတာကိုး။ ကျွန်မက နယ်ပြန်သွားပြီး ရန်ကုန်ပြန်ရောက်မှသိတာ။ နောက်ဆုံးဆေးစစ်တာ ကျွန်မဘဲ။ တော်သေးတယ်။ လမ်းဘေးစာစားလွန်းတဲ့ သူငယ်ချင်းကလွဲပြီး ဘယ်သူ့မှာမှ "B"ပိုးမရှိလို့။ ကာကွယ်ဆေးထိုးထားတိုင်းလည်း စိတ်ချနေပြီး လျှောက်စားလို့မဖြစ်ဖူးတဲ့။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီး တလခွဲအကြာမှာ antibody ထွက်မထွက် ပြန်စစ်ရတယ်လို့ပြောတယ်။ antibody မထွက်ရင် ဆေးပတ်လည်အောင် ပြန်ထိုးရတယ်တဲ့။ ကျွန်မက မသိလို့ ပြန်မစစ်မိဘူး။ ပြည်ပထွက်ခါနည်း ဆေးပြန်စစ်ရတယ်။ ကြောက်လိုက်တာ။ ကိုယ့်ရှေ့ကလူ ၂ယောက် ဆေးမအောင်လို့။ ပိုးရှိရင် ဆေးကုလို့ပျောက်တယ်ဆိုပေမယ့် သိပ်မလွယ်ဘူး။ ပြည်တွင်းကဆေးလောက်နဲ့ ပျောက်မယ်လို့ အာမ,မခံကြလို့ပါ။ ဆေးကုမ္ပဏီက သူငယ်ချင်းကတော့ သူတို့ဆီမှာ ယိုးဒရားကသွင်းတဲ့ဆေး ရှိတယ်။ အာမလည်း ခံသတဲ့။ ဒါပေမယ့် အနည်းလေး သိန်း၄၀လောက် ကုန်မတဲ့။

JulyDream said...

ဟုတ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးရင်လည်း anti body ထွက်မထွက် ပြန်စစ်ရပါတယ်။ တချို့တလေ ကတော့ anti body လုံးဝ မထွက်ပါဘူး။ အနည်းစုပါ။ အများစုကတော့ anti body ထွက်ပါတယ်။

လမ်းဘေး အစားအစာ တွေကနေ တဆင့် ကူးစက်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခု သတိမထားမိ တာက ထမင်းကျွေး အလှူပွဲတွေမှာ အလည်မှာ ထားတဲ့ ဟင်းချိုခွက်တွေမှာ ဇွန်း ၂ ချောင်း ၃ ချောင်း လောက်ကို စားပွဲဝိုင်းမှာ ထိုင်စားသမျှ လူအားလုံး သောက်နေကြ တာမျိုးပါ။ ရောဂါရှိသူ တစ်ယောက်ရဲ့ တံတွေးတွေ ကျန်နေခဲ့ နိုင်ပါတယ်။ စာသင် ကျောင်းတွေမှာ ရေခွက်ကို ဝေမျှ သောက်နေတာ တွေကလည်း ရောဂါ ရစေနိုင်ပါ သေးတယ်။ ကူးစက်မှု အခွင့်အလမ်းက နည်းပါး ပါတယ်။ ဒါပေမယ့် ကူးစက် နိုင်တဲ့ အတွက် ဖြစ်နိုင်ရင် အဲဒီ အလေ့အကျင့် တွေကို ပြုပြင်နိုင်ရင် ပိုကောင်းပါတယ်။

Anonymous said...

ကိုဇူလိုင်ပြောသလိုပဲ။ အသည်းရောင် အသားဝါကာကွယ်ဆေးထိုးကြဖို့ကို တိုက်တွန်းချင်ပါတယ။် ဖြစ်နိုင်မယ်ဆိုရင် ဇွတ်ပြောချင်တဲ့သဘောပါ။
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

Winkabar said...

နိုင်ငံခြားမလာခင်တုန်းကကာကွယ်ဆေးတွေထိုးရတာအများကြီးဘဲ။အဲဒီထဲမှာ ဘီပိုးလည်းပါတယ်လေ။
ဘီပိုးကာကွယ်ဆေးကထိုးရတာအရမ်းလက်ကိုက်တာပဲ။လက်ကိုကိုက်နေတာပဲ၁ရက်လုံး။ နောက်နေ့အထိကိုက်သေးတယ်။သူကတစ်ခါတည်းထိုးရတာမဟုတ်ဘူး။ ၄ခါလောက်ထိုးရတာ။ ၁လခြား၊၂လခြားလေ။ အခုရောက်ပြီးတာတောင်ထိုးနေရသေးတယ်။ အခုတော့ပြီးသွားပြီ။

R Kar Tha said...

ဘီပေါ့စတစ်ရှိသူနှင့် ကာကွယ်ဆေးထိုးထားသူ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုရင် ကူးစက်နိုင်ပါသလား

RAVEN Blood Donor Club said...

Anti body ရှိမရှိပေါ်မှာ မူတည်ပါတယ်။ ကာကွယ်ဆေး ထိုးထားပေမယ့် Anti body နည်းနေရင်လည်း ကူးစက်နိုင်ပါတယ်။ အကောင်းဆုံးက အကာအကွယ်မဲ့ မလုပ်ပဲ အကာအကွာ ပစ္စည်း (ကွန်ဒုံ)များ သုံးသင့်ပါတယ်။ စိတ်ချ ရတာပေါ့ဗျာ။