.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, September 29, 2008

The double joy

ကမ္ဘာ့အရပ်အရှည်ဆုံး လူသားဖြစ်တဲ့ Mr. Bao Xishun ကတော့ အပျော်ပေါ် အပျော်ဆင့်ပြီး နှစ်ထပ်ကွမ်း ပျော်ရွှင်မှုတွေ ရလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ The Guinness Book of Records မှာ the World's tallest man ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် ဆက်လက် ရွေးချယ်ခံရသလို ကလေးအဖေအဖြစ် ရာထူးတိုးတော့မှာပါ။ နောက်လမှာ မွေးမယ်လို့ မျှော်လင့်ထားတဲ့ ကလေးလေးဟာ သူ့ရဲ့ ပထမဦးဆုံး ရင်သွေးလေးပါပဲ။

တရုတ်ပြည်ထဲက မွန်ဂိုလီယား (အတွင်းပိုင်း)မှာ နေထိုင်တဲ့ အရပ် ၇ ပေ ၉ လက်မရှိတဲ့ Bao Xishun က အရပ် ၅ ပေ ၆ လက်မ ရှိတဲ့ Xia Shujuan ကို ၂၀၀၇ ဇူလိုင်လက လက်ထပ်ယူခဲ့တာပါ။ အဲဒီတုန်းက Bao Xishunက အသက် ၅၆ နှစ်ရှိပါပြီ။ သာမန်အရပ်သူ ဈေးသည်လေးဖြစ်တဲ့ Xia Shujuan ကတော အသက် ၂၉ နှစ်ပါ။ သူတို့ရဲ့ မင်္ဂလာပွဲကို မွန်ဂိုရိုးရာအတိုင်း ကျင်းပခဲ့ပါတယ်။

မွေးလာမယ့် ကလေးလေး (သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်) အရွယ်ရောက်လာတဲ့အခါမှာ အရပ် ၆ ပေလောက် ရှိမယ်လို့ မျှော်လင့်မိတယ်။ ဒါဆိုရင် ဘတ်စ်ကတ်ဘောကို ကောင်းကောင်း ဆော့လို့ ရနိုင်ပြီပေါ့ လို့ ကလေးအဖေ ဖြစ်လာတော့မယ့် Bao က ပြောပါသေးတယ်။

ပျော်ရွှင်ပါစေ... Bao Xishun နဲ့ Xia Shujuan တို့ရေ...

Photo Credit: Reuters

Saturday, September 27, 2008

An offhand meal

ဖြစ်သလို စားတယ်ဆိုတာ ယောကျာ်းလေးတွေအတွက် မထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ မိန်းကလေးတွေလို ဖွယ်ဖွယ်ရာရာ အချိန်ပေး ချက်ပြုတ်စားသောက်တယ် ဆိုတဲ့ ယောကျာ်းလေးတွေက ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ယောကျာ်းလေးအများစုကတော့ ဗိုက်ထဲကို အစာဝင်သွားရင် ဗိုက်ဆာပြေရင် ပြီးတာပဲ သဘောထားကြမှာပါ။

မနေ့က ဒွေး၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ဆိုတဲ့ကားကို ကြည့်မိသေးတယ်။ MIT ကျောင်းဝင်းထဲမှာ ရိုက်ထားတဲ့ ဗီဒီယိုဇာတ်လမ်းပါ။ အဲဒီထဲမှာ ဒွေးက ကန်တင်းမှာ တင့်တင့်ထွန်းတို့ ထိုင်နေတဲ့ စားပွဲကို စားသောက်ပြီးတဲ့အချိန်အထိ စောင့်ပြီးမှ မိတ်ဆက် စကားသွားပြောပါတယ်။ ဘာကြောင့် စားပြီးတဲ့အထိ စောင့်ရသလဲဆိုတာကို သူငယ်ချင်းတွေက မေးတော့ သူပြန်ဖြေတဲ့ စကားရဲ့သဘောက... မိန်းကလေးတွေအတွက်ကတော့ အစားအစာဆိုတာ ပထမဦးစားပေး အဆင့်အထဲမှာ ရှိပါတယ်တဲ့။ အစာစားနေတဲ့အချိန် ကျန်တာတွေ သွားပြောရင် စိတ်မ၀င်စားဘူးဆိုပဲဗျ။ အဟဲ... ဇာတ်ကားထဲမှာက အဲဒီလိုပဲ ပြောသွားတာပဲလေ။ မှန်လား မမှန်လား ကျွန်တော်တော့ မသိပါဘူးဗျာ။ ကာယကံရှင် အမျိုးသမီးထုကြီးက ပိုသိမှာပါလေ။

မိဘအိမ်မှာမနေပဲ သူငယ်ချင်းတွေနဲ့ အိမ်ငှားပြီးနေခဲ့တဲ့ ကျွန်တော့်အဖို့တော့ ဖြစ်သလိုစားတယ်ဆိုတာ လုပ်နေကြမို့ တခါတလေ ဖြစ်သလို စားတယ်ဆိုတာ ဘာကိုပြောမှန်းတောင် သေသေချာချာ မသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်စုနှစ်တစ်ခုစာနီးပါးမှာ နေ့စဉ် စားသောက်နေတဲ့ ပုံစံက ဖြစ်သလိုစားသောက်တဲ့ ပုံစံထဲမှာပဲ ရှိနေလို့ပါ။

ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ အတူနေတုန်းက မနက်အိပ်ရာထရင် အိမ်ရှေ့က လက်ဖက်ရည်ဆိုင်က ထမင်းကြော်၊ ပဲအီကြာ၊ စမူဆာနဲ့ လက်ဖက်ရည် တစ်ခုခုမှာပြီး ဗိုက်ဖြည့်လိုက်တယ်။ ဒါမှမဟုတ် ဘေးအိမ်မှာ ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်ကနေ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံသုပ်တွေ မှာပြီး စားလိုက်တာပါပဲ။ အိပ်ရာထတာ စောရင်တော့ လမ်းထိပ်က ဈေးကို သွားပြီး ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ရွှေထမင်း စတဲ့ မုန့်ပဲသရေစာတွေ ၀ယ်လာပြီး မနက်စာအဖြစ် စားလိုက်ပါတယ်။ အိပ်ရာထ နောက်ကျလို့ အဲဒါတွေ မရှိတော့ရင်လည်း လက်ဖက်ရည်တစ်ခွက်နဲ့ပဲ ပြီးသွားတာပါပဲလေ။

အဲဒီလို မနက်စာ စားပြီးရင် နေ့လည် ၂ နာရီအထိ ဘာမှမစားပဲ ဂိမ်းပဲ ထိုင်ဆော့နေပါတယ်။ ဗိုက်ဆာရင် ဆာသလို လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက် လှမ်းမှာလိုက်တယ်။ တခါတလေ ညနေ ၆ နာရီအထိ ထမင်းမစားပဲ လက်ဖက်ရည် တစ်ခွက်ပြီး တစ်ခွက် သောက်နေတတ်ပါတယ်။ အများအားဖြင့် ညစာပဲ စားဖြစ်ပါတယ်။ ညစာကိုလည်း သီရိမင်္ဂလာဈေးမှာ ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော် သွားစားဖြစ်တာ များပါတယ်။ အအိပ်အစား လုံးဝမမှန်တဲ့ ပေတေတေ လူတစ်ယောက်ပေါ့။

ဒါနဲ့ပဲ မိဘတွေက အပေအတေ ကျွန်တော်ကို ရန်ကုန်ကနေ စကာင်္ပူကို နှစ်အကန့်အသတ်မရှိ ပြည်နှင်ဒဏ် ပေးလိုက်ပါတော့တယ်။ ဒီရောက်တော့မှပဲ အစားအသောက်နဲ့ အိပ်ချိန် နည်းနည်းလေး မှန်သွားပါတယ်။ နည်းနည်းလေး မှန်တယ်ဆိုတာ ပုံမှန်တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့ ပုံမှန်မဟုတ်လဲ ဆိုတော့ စနေ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ အအိပ်အစား မမှန်လို့ပါ။ ကွန်ပျူတာရှေ့မှာ နတ်ကရာ ကျီးမော့သလို ဟိုဝင်ဒီထွက် ဟိုဖတ်ဒီဖတ်နဲ့ နာရီအချိန်မိနစ်စက္ကန့်တွေကို ဥပက္ခာပြုနေမိလို့ပါပဲ။

ရုံးတက်ရတဲ့နေ့တွေမှာတော့ နေ့လည်စာကတော့ အချိန်မှန်လေး စားဖြစ်ပါတယ်။ အလုပ်တွေ ခဏနားပြီး အပြင်ထွက်လို့ရတာကြောင့် ထမင်းစားချိန်မှာ ထွက်ဖြစ်တယ်လေ။ ရုံးနားမှာရှိတဲ့ စားသောက်ဆိုင်တန်းမှာ ဆိုင်တွေ အများကြီး ရှိပေမယ့် ခေါက်ဆွဲမကြိုက်တဲ့ ကျွန်တော်အဖို့ ခေါက်ဆွဲဆိုင်တွေ ရှေ့ကို ဖြတ်တောင် မလျှောက်ပါဘူး။ မလေးထမင်းဟင်းတွေ ရောင်းတဲ့ဆိုင်မှာ တခါတလေ ထမင်းစားဖြစ်ပါတယ်။ ဒါပေမယ့် ခြေလေးချောင်းသား မစားတာကြောင့် အမဲသား ဆိတ်သားဟင်းကို ရှောင်ဖို့ မေးမြန်းရတာ အတော်လေးကို ကရိကထ များပါတယ်။ ဒါကြောင့် နောက်ပိုင်း သိပ်မစားဖြစ်ပါဘူး။

အလုပ်များနေလို့ အချိန်မကုန်ချင်တဲ့အခါ ကြက်ဆီထမင်းကို ဖြစ်သလိုပဲ စားလိုက်ပါတယ်။ သူက မှာလိုက်ရင် ချက်ချင်းရပါတယ်။ သိပ်မစောင့်ရပါဘူး။ စားရင်လည်း မြန်ပါတယ်။ ဒါပေမယ့် ဟင်းရည်က အချိုမှုန့်တွေပဲ ပါသလားတော့ မသိဘူး စားပြီးရင် ခေါင်းနည်းနည်း မူးသလိုပါပဲ။ ဒါကြောင့် အချိန်မရမှပဲ စားဖြစ်ရင်တောင် ဟင်းရည်ကို မသောက်မိအောင် သတိထားရပါတယ်။ အချိန်နည်းနည်း ပိုရရင်တော့ ကုလားဆိုင်မှာ ထမင်းစားပါတယ်။ ရွေးချယ်စရာ သိပ်မရှိတဲ့ ကျွန်တော့်အဖို့ ဟင်းကတော့ ကြက်သား သို့မဟုတ် ပုဇွန်ပါပဲ။ ဟင်းသီးဟင်းရွက် အနည်းငယ်လည်း ပါတာပေါ့။ မပါမဖြစ်ကတော့ ပဲဟင်းပါပဲ။

အိမ်ပြန်ရောက်ရင်တော့ မြန်မာပြည်က လာတဲ့လူဖြစ်တဲ့အတိုင်း အခြောက်အခြမ်းတွေ၊ လက်ဖက်သုပ်တွေ ရှိနေရင်ပဲ ညစာက အဆင်ပြေနေပါတယ်။ ငါးရံ့ခြောက်၊ ငပိကြော်၊ ဘာလချောင်ကြော်တွေက ကျွန်တော်ရဲ့ အကြိုက်ဆုံး အစားအစာတွေပေါ့။ လက်ဖက်ဆိုရင် ကြက်ခြေနီသုပ်တစ်ခုပဲ ကြိုက်ပါတယ်။ ကျန်တဲ့ လက်ဖက်ဆိုရင် သိပ်မကြိုက်ပါဘူး။ မျှင်ငပိထောင်းရှိရင်လည်း ထမင်းစားဝင်ပါတယ်။ ငပိရည်နဲ့လည်း စားဖြစ်တယ်။ ဒါကြောင့် အဲဒါတွေ ရှိနေရင် ဖြစ်သလို စားနေရတယ်ကို မထင်တော့ဘူးခင်ဗျ။

ဟိုဟာမစား ဒီဟာရှောင်၊ ဟင်းအရောင်ရွေး အနံ့ရွေး ဟင်းဂျီးများတဲ့ ကျွန်တော်အဖို့ အခြောက်အခြမ်းတွေက ရွေးချယ်စရာ သိပ်မလိုတဲ့ အစားအစာတွေပါ။ ကြိုက်တာလည်း ပါပါတယ်။ ဒီတော့ ညစာကို ဒီဟင်းတွေနဲ့ပဲ ဖြစ်သလိုပဲ စားလိုက်တာပေါ့ဗျာ။ ညစာကို အိမ်မှာမစားဖြစ်လို့ အပြင်ထွက်စားဖြစ်ရင်လည်း ထူးထူးထွေထွေ ရှာဖွေ စားသောက်မနေပါဘူး။ အနီးဆုံး KFC, MacDonald ဆိုင်ကို သွားပြီး ပွဲတော်တည်လိုက်ပါတယ်။

သြော်... ချက်မစားဘူးတဲ့လား။ ဟုတ်ကဲ့... ထမင်းကလွဲလို့ ဘာမှ မချက်တတ်ပါဘူး။ ဓါးလည်း မကိုင်တတ်ပါဘူး။ ကြက်သွန်လည်း မလှီးတတ်ပါဘူး။ အာလူးလည်း အခွံမနွာတတ်ပါဘူး။ အရင်တုန်းက ကြက်ဥကြော်ဖို့ ကြိုးစားဖူးပါတယ်။ ဆီပေါက်လို့ မီးဖိုချောင်ထဲမှာ မျောက်ခုန်သလို ပတ်ပြေးနေရပါတယ်။ ပလာတာကြော်စားဖို့လည်း ကြိုးစားခဲ့ဖူးပါတယ်။ ပလာတာကို ဒယ်အိုးထဲ ထည့်ပြီး ကြော်နေတုန်း ဖုန်းလာလို့ ဖုန်းဖြေနေတာ မီးဖိုပိတ်ဖို့ မေ့သွားပါတယ်။ ဖုန်းဖြေပြီးတဲ့အချိန်မှာတော့ ပလာတာဖင်မည်းကြီးပဲ ရခဲ့လိုက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြော်ထားတာဆိုတော့ နှမြောတာနဲ့ပဲ စားကြည့်လိုက်သေးတယ်။ အဲဒီကတည်းက စပြီး ပလာတာကို မုန်းသွားတာ အခုထိပါပဲဗျာ။

ကဲ... မလင်းရေ... ဖြစ်သလို စားတာတွေကို ဖြစ်သလို မရေးပဲ အသေအချာ ရေးပေးလိုက်ပါတယ် ခင်ဗျာ။
ကဲ ဒီတစ်ခါ လက်ဆင့်ကမ်းမယ့် သူများကတော့...
ချက်စားဖြစ်ရင် သံချောင်းခေါက်မယ် ဆိုတဲ့ YTU က တောသား
အဖေက တမင်ပေးထားတဲ့ အမည်ပိုင်ရှင် မတူးတူးသာ
အိမ်ကချက်တဲ့ အစာတွေ မကြိုက်တော့တဲ့ မခင်မမမျိုး
အိမ်း... ထိုသို့ပြုရကုသလကြောင့် ဖြစ်သလို မလင်းဆိုတဲ့ အပျိုကြီးတစ်ယောက် ဒီသီတင်းကျွတ်မှာ လင်ကောင်းသားကောင်း အမြန်ရပါစေသောဝ်.... (ဟမ်... ဘာမှလည်း မဆိုင်ပါဘူးနော်။ စတာနော် အတည်... အဟိ)

Thursday, September 25, 2008

My passion further


လောလောဆယ် အဲဒီ အုန်းသီးကြီးကို လိုချင်နေတယ်ဗျာ။ Nikon က ထုတ်တဲ့ D90 model ကြီးပေါ့။ အဲဒီလို ကင်မရာအကြောင်း ဘာမှကို မသိတာပါ။ ဒါကြောင့်လည်း ကိုမောင်လှတို့ ကိုဂျေတို့ ကိုစာပုတီးတို့ကိုပဲ ဂျီတော့ခ်မှာ တွေ့တိုင်းမေးပြီး နားပူလေ့ကျင့်ခန်းတွေ ပေးနေခဲ့တာပေါ့။ အခုတစ်ခေါက် D90 မှာ Live view ပါလို့ ကျွန်တော်လို မျက်မှန်သမားအတွက် အဆင်ပြေမယ် ထင်ပါတယ်။ ဒါမှမဟုတ်ရင် View Finder အပေါက်ထဲကို ပြူးပြဲ ချောင်းနေရမယ်လေ။ နောက်ပြီး Dust removal system လည်း ပါလာတယ်။ Movie capturing function လည်း ပါပါတယ်။ ဒါက DSLR ကင်မရာ ကမ္ဘာမှာ ပထမဦးဆုံးပါပဲ။

Nikon D90 Key Features
* 12.9 megapixel DX-format CMOS sensor (effective pixels: 12.3 million)
* 3.0-inch 920,000 pixel (VGA x 3 colors) TFT-LCD (same as D3 and D300)
* Live View with contrast-detect AF, face detection
* Image sensor cleaning (sensor shake)
* Illuminated focus points
* Movie capture at up to 1280 x 720 (720p) 24 fps with mono sound
* IS0 200-3200 range (100-6400 expanded)
* 4.5 frames per second continuous shooting
(buffer: 7 RAW, 25 JPEG fine, 100 JPEG Normal)
* Expeed image processing engine
* 3D tracking AF (11 point)
* Short startup time, viewfinder blackout and shutter lag
* Slightly improved viewfinder (96% frame coverage)
* Extensive in-camera retouching including raw development and straightening
* Improved user interface
* New optional compact GPS unit (fits on hot shoe)
* Same battery and vertical grip as D80
* Vignetting control in-camera
* 72 thumbnail and calendar view in playback


ရှေ့တစ်ပတ် တနင်္ဂနွေမှာ ဈေးသွားစုံစမ်းတာ ဈေးက အစားစားပဲ။ ခေါ်ဈေးတွေပေါ့။ တချို့က စလုံး ဒေါ်လာ ၁၈၀၀ ကျော် တောင်းပါတယ်။ တချို့က ၁၇၀၀ ကျော်တဲ့။ အနည်းဆုံး ရခဲ့တဲ့ ဈေးက ဒေါ်လာ ၁၅၅၀ ပါ။ Body တစ်ခုတည်းဈေးတော့ မဟုတ်ပါဘူး။ AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR မှန်ဘီလူးပါ ပါပါတယ်။ VR ဆိုတာက Vibration Reduction ပါ။ လက်မငြိမ်တဲ့ လူတွေအတွက် ကောင်းပါတယ်။ ပုံတွေ မ၀ါးတော့ဘူးပေါ့။ တခြား မှန်ဘီလူးတွေကလည်း ဈေးမသေးလှပါဘူး။

ဒီကောင်ကြီး ၀ယ်ပြီးရင် နောက်က လိုက်ရမယ့်ဟာတွေက အများကြီးပဲ။ စင်္ကာပူလို စိုထိုင်းဆများတဲ့ နိုင်ငံအဖို့ Dry Box က မရှိမဖြစ်လိုမယ်။ Dry Box က စလုံး ဒေါ်လာ ၂၀၀ လောက် ပေးရမှာပါ။ Tripod တစ်ခုလည်း လိုအုံးမယ်။ Tripod တွေကလည်း ဈေးမနည်းဘူး။ ဒေါ်လာ ၅၀ ပတ်ဝန်းကျင်ကနေ ဒေါ်လာ ၃၀၀ အထိ ရှိတယ်ဗျ။ Card Reader လည်း ၀ယ်ရအုံးမယ်။ ဒါကြောင့် လူတွေက ပြောတာ လူတစ်ယောက်ကို သိပ်ပြီး ကြည့်မရရင် ဂျစ်ကား ဒါမှမဟုတ် အဲဒီလို ကင်မရာ အကောင်းစား တစ်ခုခုကို လက်ဆောင်ပေးလိုက်တဲ့။ နောက်ကလိုက်ရတဲ့ ပစ္စည်းဖိုးနဲ့တင် မွဲလိမ့်မယ်တဲ့ဗျာ။

Tuesday, September 23, 2008

Last 10 days

မသေခင် နောက်ဆုံး ၁၀ ရက်မှာ ဘာတွေလုပ်မလဲ ဆိုတာကို ရွှန်းတီပဲ Tag ထားတာပါ။ Tag ထားတာတော့ ကြာလှပါပြီ။ ကျွန်တော်က မရေးဖြစ်သေးတာပါ။ ရေးဖို့လည်း စဉ်းစားမရတာပါတယ်။ ကိုယ်မသေခင် လုပ်ချင်တဲ့ ဆန္ဒတွေကို ချရေးရမှာလား လုပ်သင့်တာတွေကို ချရေးရမှာလားပေါ့။

တချို့က လောကမှာ နေတတ်ဖို့ထက် သေတတ်ဖို့က အရေးကြီးတယ်လို့ ပြောကြပါတယ်။ သေမယ့်အချိန်မှာ စိတ်ထား မထားတတ်ရင် လားရာသုဂတိ မကောင်းနိုင်တာကြောင့် သေတတ်ဖို့ လိုတယ်လို့ ပြောကြတာပါ။ ဒီလိုပါပဲ တချို့ကတော့ လောကမှာ သေတတ်ဖို့ထက် နေတတ်ဖို့က ပိုပြီးအရေးကြီးတယ်တဲ့။ သေတာက သေပြီးသွားရင် ဘ၀က ပြီးပြီတဲ့။ ဒါပေမယ့် မသေခင်မှာ ကိုယ်ကြောင့် သူများတကာ ဒုက္ခမရောက်အောင် နေတတ်ဖို့ အရေးကြီးတယ်ဆိုပဲ။

ကဲဗျာ.... ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းပဲဗျာ။ ကျွန်တော်အဖို့ကတော့ လောကမှာ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း လိုနေပါတယ်။ ဒါကြောင့် လက်ရှိဘ၀မှာ နေတတ်ဖို့ ကြိုးစားနေသလို သေတတ်ဖို့လည်း ပြင်ဆင်နေပါတယ်။

မသေခင် ၁၀ ရက်မှာ ဘာလုပ်မလဲဆိုတော့ အတော်စဉ်းစားရ ခက်ပါတယ်။ လောလောဆယ် တစ်ကိုယ်ရေ တစ်ကာယသမား အိမ်ထောင်မရှိတဲ့ ဘ၀ဆိုတော့ စဉ်းစားထားတာတွေက နောက်ဆံတင်းစရာ သိပ်မပါပါဘူး။ ဒါ့အပြင် လုပ်ချင်တာနဲ့ လုပ်သင့်တာတွေကို အကုန် ရောပြီး ရေးထားပါတယ်။ တကယ့် လက်တွေ့ဘ၀ သေမင်းနဲ့ ရင်ဆိုင်ချိန်မှာ လတ်တလော စဉ်းစားထားတဲ့ ၁၀ ရက်အတိုင်း လုပ်နိုင်မလား ဆိုတာကိုတော့ ကျွန်တော် ကံသေကံမ ယတိပြတ် မပြောနိုင်ပါဘူး။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး တစ်ချို့အရာတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အာမ မခံနိုင်ပါဘူး။

၁၀ ရက်။
သေချာတာက လက်ရှိ အလုပ်ကနေ ထွက်မှရမယ်။ အချိန်မှီ အလုပ်မထွက်ရင် အမိန့်စာ ပြန်နေရမယ်။ "သင်သည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်တော့ပါ။" ဆိုပြီး ရုံးက တစ်ယောက် အလောင်းရှေ့မှာ လာဖတ်ရတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီလို ဖတ်ရတဲ့လူကို စာနာလို့ပါ။ အမိန့်စာ ပြန်ရတဲ့ အလုပ်က တကယ်ကို မလွယ်ဘူး ခင်ဗျ။ ကျွန်တော် အမိန့်စာ ပြန်တဲ့အလုပ်ကို တစ်ခါ လုပ်ဖူးတယ်။ အဲဒီအချိန်မှာ မျက်ရည်မကျအောင်ရယ် အသံမတုန်အောင်ရယ် မနည်းထိန်းရတာ။ "သင်သွားလို့ရာကို သွားနိုင်ပြီ"..... ဆိုတဲ့နေရာက ဇာတ်ရှိန် အမြင့်ဆုံးပဲ။

၉ ရက်။
ဘဏ်ထဲက ငွေတွေ အကုန်သွားထုတ်ရမယ်။ ဘဏ်စာရင်းတွေ ပိတ်ရမယ်။ ဘဏ်စာရင်းက မပိတ်ပဲ ထားခဲ့ရင် ဘဏ်က တစ်လကို နှစ်ဒေါ်လာ ဖြတ်နေတာနဲ့ အကြွေးတင်ပြီး သူများနိုင်ငံမှာ မြေလာခံနေရအုံးမယ်။ ပြီးရင် လေယာဉ်လက်မှတ်ဖိုး ချန်ထားပြီး မြန်မာပြည်ကို လွှဲရမယ်။ လေယာဉ်လက်မှတ် ၀ယ်ပြီး ညပိုင်းလေယာဉ်နဲ့ မြန်မာပြည်ကို ပြန်မယ်။ "ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။" ဆိုတဲ့ ဦးသန့်ရဲ့စကားအတိုင်းပေါ့။

၈ ရက်။
မြန်မာပြည်ရဲ့ မနက်ခင်း နေခြည်ထွေးထွေးကို အပြုံးပန်းတွေနဲ့ ကြိုဆိုလိုက်မယ်။ ရပ်ကွက်ထဲက ဆိုးဖော် ဆိုးဘက်တွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်အုံးမယ်။ လမ်းသွားလမ်းလာတွေကို နှုတ်ဆက်မယ်။ တချို့တွေက အစ်ကိုလို့ ခေါ်ကြမယ်။ တချို့တွေက ဦးလေးလို့ ခေါ်ကြမယ်။ တစ်ချို့တွေက ဆရာလို့ ခေါ်ကြမယ်။ သေချာတာကတော့ အဘလို့ မခေါ်ဘူး ဆိုတာပါပဲ။ နေ့လည်ပိုင်းမှာ ကျောင်းတုန်းက သူငယ်ချင်းတွေဆီကို လျှောက်လည်မယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို စားမြုံပြန်ကြမယ်။ အင်းစိန် ကြို့ကုန်းက RITကျောင်းကို သွားလည်မယ်။ ညနေပိုင်းမှာတော့ လှိုင်မြစ်ကမ်းနဖူးမှာ သူငယ်ချင်းတွေနဲ့ စုထိုင်ကြမယ်။ မြစ်ထဲမှာ ကူးလူးသွားလာနေတဲ့ ငှက်သမ္ဗာန်တွေရဲ့ ဆည်းဆာအလှကို နေ၀င်တဲ့အချိန်အထိ ခံစားမယ်။ ညပိုင်းမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ပြန်ထိုင်အုံးမယ်။

၇ ရက်။
မနက်ပိုင်းမှာ UNICEFက ဆရာဦးတိုက်အောင်၊ PSI က အန်တီဂရေ့စ်၊ သုခရိပ်မြုံက ဆရာမဂျူး၊ GIPA က မနန်း၊ နာရေးကူညီမှုအသင်းက ကိုကျော်သူတို့ဆီ သွားလည်မယ်။ CSW တွေရဲ့ ဘ၀ကို ဘယ်လို မြင့်တင်နေတယ် ဆိုတာကို နားထောင်မယ်။ RISK တွေကို ဘယ်လို လျော့ချနေလဲ ဆိုတာ စပ်စုမယ်။ လမ်းပေါ် ကလေးတွေရဲ့ အနာဂတ်အတွက် ဘာတွေ လုပ်နေကြလဲဆိုတာကို မေးကြည့်မယ်။ မြန်မာပြည်အတွင်းက လူမှုရေးလုပ်ငန်းတွေအကြောင်း ဟိုဟိုဒီဒီ ပြောကြမယ်။ ကိုယ်ရဲ့ အကြံဥာဏ်တွေ အမြင်တွေကို ဖလှယ်မယ်။ ပြီးတော့ သူတို့တွေကို လေးစားကြောင်း ဂုဏ်ယူကြောင်း ပြောအုံးမယ်။

၆ ရက်။
MRCS Head Office ကို သွားမယ်။ ဥက္ကဌ ဒါမှမဟုတ် အမှုဆောင် တစ်ယောက်ယောက်နဲ့ စကားပြောကြမယ်။ ကျွန်တော် စင်္ကာပူမှာ လုပ်အားပေးခဲ့တဲ့ ကြက်ခြေနီ အတွေ့အကြုံတွေကို တင်ပြမယ်။ အခွင့်အရေးလိုချင်လို့ နေရာလိုချင်လို့ အကျိုးမျှော်ကိုးပြီး ၀င်လာတဲ့လူမျိုး မရှိရလေအောင် ကြက်ခြေနီဆိုတာ ပေးဆပ်နေတဲ့ ဖြူဖြူစင်စင် လူမှုကရုဏာအဖွဲ့အစည်းကြီး ဖြစ်နေဖို့လိုမယ်။ ကြက်ခြေနီဝတ်စုံမှာ ရာထူးတံဆိပ်တွေကြောင့် အာဏာရူးပြီး ခုံလုကိုက်ပွဲတွေ ဖြစ်နေရတာကို ထောက်ပြမယ်။ မျိုးဆက်သစ် လူငယ်တွေကို နေရာပေး တာဝန်ပေးရဲတဲ့ ကြက်ခြေနီအဖွဲ့ ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်ကြောင်း နားချမယ်။ လူမှုရေးစိတ်ဓါတ် တစ်ခုကိုပဲ အရင်းခံပြီး ကြက်ခြေနီ အဖွဲ့ဝင်တာမျိုး ဖြစ်အောင် ဖန်တီးသင့်တယ် ဆိုတဲ့ အသိတရားကို နိုးကြားလာအောင် ပြောမယ်။ သိပြီးသားတွေ ဖြစ်ပေမယ့် အမုန်းခံပြီး ပြောတဲ့လူ မရှိလို့ မေ့နေနိုင်တာကြောင့် အသိတရား ပြန်နိုးကြားအောင် ပြောမယ်။ ချစ်လို့ ပြောတာ မှတ်ပါလို့ တစ်ခါတည်း ပြောလိုက်မယ်။

၅ ရက်။
လီကွမ်ယူကြီး ပြောခဲ့တဲ့ ဒီတစ်ယောက်ပဲ ဦးနှောက်ရှိတယ် ဆိုတဲ့ လူကြီးကို တွေ့ခွင့်ရချင်မိတယ်။ သူဆိုတာက ၁၉၉၀ ပါတ်ဝန်းကျင်မှာ အရမ်းထင်ရှားခဲ့တယ်။ အားလုံးထဲမှာ အသက်အရွယ် အငယ်ဆုံး၊ ရုပ်ရည်ရူပကာ အတင့်တယ်ဆုံး၊ ၀တ်စားဆင်ယင်မှု အဆင့်အတန်း အရှိဆုံး၊ သတင်း မီဒီယာတွေမှာ အတွေ့ရ အများဆုံး။ အပြင်မှာ နှစ်ခါလောက် တွေ့ဘူးတယ်။ သူပြောတဲ့ စကားတွေ ကြားဖူးတယ်။ မိုးခါးရေတောမှာ မျောခဲ့ရတာ၊ တပည့်မကောင်း ဆရာခေါင်း ဆိုတာကို လက်တွေ့ပြသွားခဲ့တဲ့ တစ်ယောက်၊ မတွေ့ရတာ အတော်လေးကို ကြာပေါ့။ သူတာ ဆက်ရှိနေရင် ဘာတွေကို ဘယ်လိုပြောင်းလဲမှုတွေ ဆက်လုပ်မလဲ၊ ဘယ်လို ညှိုနှိုင်းမှုတွေ ပြုလုပ်မလဲ၊ ဘယ်လမ်းတွေကို ဆက်ဖောက်မလဲ ဆိုတာ သိချင်နေမိပါတယ်။ သူရင်ထဲမှာ ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ၊ သူလုပ်ခဲ့တဲ့အရာတွေ၊ ရှေ့ဆက်မယ့်အရာတွေက ဘယ်သူတွေ အတွက်လဲဆိုတာကို သူပါးစပ်နဲ့ ပြောတာကို နားထောင်ချင်မိတယ်။ တွေ့ခွင့်မရရင်တော့ ကျွန်တော် အဲဒီလို တွေ့ချင်ခဲ့ကြောင်း စာရေးပြီး သူ့ဆီကို ပို့လိုက်ပါမယ်။

၎ ရက်။
နုပျိုမှုတွေကို စတေးခံလိုက်ရတဲ့ မြန်မာပြည်က အိန်ဂျယ်တစ်ပါးဆီကို စာရေးမယ်။ နိုင်ငံပိုင်သတင်းစာ ဖတ်တာများခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်စဉ်ဘ၀မှာ သူ့ကို သိထားတာက အဖေမျက်နှာ မထောက် တိုင်းပြည်ကို ကျွန်ပြုခဲ့သူကို လင်တော်ထားတဲ့ ဒေါ်လာစား ဘိုကတော် တစ်ယောက်ပေါ့။ ဒါပေမယ့် တကယ်တမ်း ပြန်လည် ဆန်းစစ်ကြည့်တော့ အဲဒီအချိန်က ကျွန်တော့်အမြင်တွေ မှားနေတယ်။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို ကြိုးစား အားထုတ်ယူရမှာပါ။ နောက်ပြီး... သူဟာ မိန်းမသားတစ်ယောက်၊ ခင်ပွန်းသည် မရှိတော့ဘူး။ သားတွေနဲ့လည်း ဝေးနေရတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။ အဲဒါကြောင့် အထူး လေးစားမိတယ် ဆိုတဲ့အကြောင်း စာရေးခဲ့ပါမယ်။ အဲဒီစာကို သူ့ဆီကို ရောက်အောင် ကြိုးစားပါမယ်။

၃ ရက်။
သွေးလှူဘဏ်ကို သွားပြီး လက်ရှိ သွေးလှူတဲ့လုပ်ငန်းတွေ လည်ပတ်နေတာကို လေ့လာပါမယ်။ ပြီးတော့ ကျွန်တော်သူငယ်ချင်းတွေ စုဖွဲ့ထားတဲ့ သွေးလှူရှင်အသင်းမှာ အဖွဲ့ဝင်တွေကို စုစည်းပြီး ရှေ့ဆက်ကြမယ့် လုပ်ငန်းစဉ်တွေကို တိုင်ပင်ဆွေးနွေးပါမယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ပါမယ်။ သွေးနဲ့ ပါတ်သတ်တဲ့ အသိပညာတွေကို ဟောပြောပါမယ်။ ရံပုံငွေ အားနည်းတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ရံပုံငွေတစ်ရပ် ထူထောင်ပေးပါမယ်။ အခြား အလှူရှင်တွေဆီက ရံပုံငွေ ရှာဖွေဖို့လည်း တင်ပြဆွေးနွေးပါမယ်။ လူငယ်တွေရဲ့ အားကို အဓိက အားထားဖို့ တိုက်တွန်းပါမယ်။

၂ ရက်။
နှစ်ရှည်လများ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ တံဆိပ်ခေါင်းတွေကို ၀ါသနာပါပြီး ရိုရိုသေသေ သိမ်းဆည်း စုဆောင်းမယ့် လူလက်ထဲ အပ်လိုက်မယ်။ စုဆောင်းခဲ့သမျှ ငွေကြေးရဲ့ တစ်ဝက်နီးပါးကို မိဘနှစ်ပါးအတွက် ထားပါမယ်။ ကျန်တစ်ဝက်ကို ဆေးကျောင်းတက်နေတဲ့ ညီအငယ်ဆုံး ဆရာဝန် ဖြစ်လာတဲ့အခါမှာ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့အတွက် ပေးလိုက်ပါမယ်။ အခမဲ့ကုသိုလ်ြဖစ် ဆေးခန်းကို ဘယ်လို ပုံစံမျိုးနဲ့ ဖွင့်လှစ်မယ်ဆိုတာကို တိုင်ပင်ကြပါမယ်။ လူနာတွေ သက်တောင့်သက်သာ ဆေးခန်း လာပြလို့ရအောင် ဆေးခန်းတစ်ခုရဲ့ လိုအပ်ချက် အားလုံးပြည့်စုံနေမယ့် ဆေးခန်းပုံစံ ဗိသုကာ ဒီဇိုင်းတစ်ခုကို ဆွဲပေးပါမယ်။

၁ ရက်။
သေတတ်ဖို့ ကြိုးစားပါပြီ။ သူများတကာလို့ လူပြန်မဖြစ်ချင်ပါဘူး။ ဖြစ်နိုင်ရင် ဒီတစ်ဘ၀နဲ့ ချုပ်ငြိမ်းချင်တယ်။

~~~~~~~~~~
စကားစပ်ရင်း Tag Game နဲ့ပါတ်သတ်ပြီး တစ်ခု ပြောချင်ပါတယ်။ ကျွန်တော့်ကို Tag ထားရင် မရေးရသေးတဲ့ စာဖြစ်ရင် ရေးဖြစ်အောင်တော့ ရေးပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Tag တဲ့လူရဲ့ ခင်မင်မှုကို လေးစားတာကြောင့်ပါ။ ကျွန်တော်က ပြန် Tag တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ ကိုယ်က သူတို့ကို အားလား မအားလား ရေးချင်သလား မမေးမိပဲ ကိုယ်ဘက်က တစ်ဖက်သတ် Tag ခဲ့တဲ့အတွက် သူတို့ကို အားနာမိရပြန်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်က ပြန် Tag တဲ့အခါ အရင်ဦးစွာ တီးခေါက်မေးမြန်းပါတယ်။ ရေးနိုင်တယ် ရေးချင်တယ် ဆိုတဲ့သူကိုမှ ကျွန်တော် Tag စာရင်းထဲကို စာရင်းသွင်း ပါတော့တယ်ခင်ဗျ။

အခု တစ်ခေါက် Tag တဲ့စာရင်းထဲမှာတော့...
ကင်မရာကြီးထမ်းထားတဲ့ မခင်မင်းဇော်...
ကူညီတဲ့လက်များမှ မနှင်းဆီနီနီ...
တူမကြီး အိုင်စီ အလွမ်းပြေ...
အလွမ်းမင်းသမီး မလင်း...
အိမ်မက်ထဲက နှင်းဆီနီနီ...
လက်ဖက်ရည်ဆိုင်က မောင်တီး...

Sunday, September 21, 2008

Treasure Hunt - Facebook

အခုရက်ပိုင်း အချိန်အားရင် အားသလို ကျွန်တော် ဇူလိုင်တစ်ယောက် ပင်လယ်ဒမြလုပ်ပြီး ရတနာ ရှာပုံတော် ဖွင့်နေပါတယ်။ ပင်လယ်ဒမြ လုပ်တယ်ဆိုလို့ ပင်လယ်ကြီးက ကျယ်တယ်... ဒမြက တိုက်တယ်... ကျယ်တိုက် ကြိုက်တယ်ဆိုပြီး ဘယ်တရုတ်မလေးကို သွယ်ဝိုက်သောနည်းနဲ့ တိုးတိတ် ချစ်ခွင့်ပန်နေသလဲလို့ ထင်တော် မမူကြပါနဲ့အုံး။ အထင်တွေ ကြီးပြီးမှ ဖြစ်မလာရင် ရင်မောရတာပဲ အဖတ်တင်မယ်လေ။ အဲဒီလိုဖြစ်သွားရင် အားနာလွန်းလို့ပါဗျာ။

Facebook ထဲမှာ ပါတဲ့ fluff friends ဂိမ်းကလေးတစ်ခုကို ဆော့နေတာပါ။ fluff friends က အကောင်မွေးတဲ့ ဂိမ်းလေးပါ။ အဲဒီထဲမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို ရွေးပြီး မွေးထားရပါတယ်။ အဲဒီ အကောင်လေးကို အစာကျွေးရတယ်။ အလှဆင်ရတယ်။ တခြား သူငယ်ချင်းတွေ မွေးထားတဲ့ အကောင်တွေနဲ့ အပြေးပြိုင်ပြီး ပိုက်ဆံရှာလို့ရတယ်။ ရတဲ့ပိုက်ဆံနဲ့ အစာဝယ်ပြီး ကိုယ်အကောင် အားရှိအောင် အပြေးမြန်အောင် အစာတွေ ထပ်ကျွေးရပါတယ်။
အဲဒီ fluff friends ထဲမှာပဲ ရာသီအလိုက် ဂိမ်းလေးတွေ စီစဉ်ပေးပါတယ်။ အခုတစ်ခေါက်ကတော့ International Talk Like A Pirate Day - Sep 19th အထိမ်းအမှတ်နဲ့ Pirate Treasure Hunt ဆိုတာလေးကို လုပ်ပေးထားပါတယ်။ ဂိမ်းအရ ညသန်းခေါင်အချိန်မှာ ပင်လယ်ဒမြ မျောက်က သူ့သဘောင်္မှာ ပါလာတဲ့ ရတနာတွေကို ခိုးလာပြီး Facebook ထဲက fluff friends တွေထဲမှာ လိုက်ထည့်ပေးထားပါတယ်။
ကျွန်တော်တို့က ကိုယ်အကောင်လေးရဲ့ သေတ္တာထဲမှာ ရတနာ ရှာလို့ရသလို အခြား အကောင်တွေဆီကို လှည့်ပတ်သွားရင်း ရတနာသေတ္တာတွေ လိုက်ဖွင့်လို့ ရပါတယ်။ ပထမဦးဆုံး တွေ့ရမှာက ပိတ်ထားတဲ့ သေတ္တာလေးပါ။ အဲဒီ သေတ္တာလေးကို ဖွင့်လိုက်ရင် တစ်ချို့သေတ္တာထဲမှာ ဘာတစ်ခုမှ မပါပဲ ဗလာကြီး ဖြစ်နေတတ်သလို ကံကောင်းတဲ့ ဖေကံကောင်းအဖို့ ရတနာတွေပါတဲ့ သေတ္တာနဲ့လည်း ကြုံနိုင်ပါတယ်။ ရတနာတွေ့တိုင်းလည်း ချက်ချင်း ယူလို့ရတယ် မထင်ပါနဲ့။ သေတ္တာပိုင်ရှင် အိမ်ရှင်ဖြစ်တဲ့ အကောင်လေးကို လက်ဆောင်ပေးတာတို့ အစာကျွေးတာတို့ကို လုပ်ပေးရပါသေးတယ်။ ပြီးမှ ရတနာကို ယူခွင့်ရှိပါတယ်။
စရှာတဲ့အချိန်မှာ ရတနာ တွေ့ရတာ များပါတယ်။ တဖြည်းဖြည်းနဲ့ ရှာရတာ ပိုပို ခက်လာပါတယ်။ ၁၀ လုံးလောက် တွေ့ပြီးတဲ့နောက်ဆို အတော်ရှာရခက်ပါတယ်။ သေတ္တာတွေ အများကြီး ဖွင့်ကြည့်တာတောင် တစ်ခုတစ်လေ မတွေ့ရပါဘူး။ စည်းကမ်းအရ တစ်နေ့ကို ရတနာ ၆ လုံးပဲ သိမ်းထားခွင့် ရှိပါတယ်။ အကယ်လို့များ ၆ လုံး ထက် ကျော်ပြီး ဆက်တူးရင် ရတနာကို အပိုင်မရပေမယ့် အမှတ်တွေတော့ ရပါတယ်။ အဲဒီရတဲ့ အမှတ်နဲ့ တခြားပစ္စည်းတွေ အကောင်တွေ ၀ယ်လို့ရပါတယ်။ အခု Pirate Treasure Hunt မှာတော့ မိကျောင်းနဲ့ ဝေလငါး ကို ၀ယ်လို့ရပါတယ်။ အမှတ် ၁၀၀ ရရင် ဝေလငါး ၀ယ်လို့ရပြီး အမှတ် ၂၀၀ ရရင် မိကျောင်း ၀ယ်လို့ရပါတယ်။ အမှတ် ၅၀၀ အထိ ရတဲ့သူဆိုရင် ပင့်ကူတစ်ကောင် အလကား ရပါတယ်။
တူးစုထားတဲ့ ရတနာတွေနဲ့ ရထားတဲ့ အမှတ်ပေါ် မူတည်ပြီး အခြားပစ္စည်းလေးတွေ လုပ်လို့ ရပါတယ်။ ကြယ်တွေနဲ့ လည်ဆွဲလေးတွေ လုပ်လို့ရပါတယ်။ အမှတ် ၅၀ နဲ့ ရတနာ ၄ ခု ပေါင်းပြီး ပင်လယ်ဒမြ ကိုင်တဲ့ ဓါးကောက်ကြီးလည်း လုပ်လို့ရပါတယ်။ အမှတ် ၁၀၀ နဲ့ ရတနာ ၄ ခု ပေါင်းရင်တော့ သရဖူ လုပ်လို့ ရပါတယ်။ ဒီပစ္စည်းလေးတွေက အခုကာလအတွင်းမှာပဲ လုပ်လို့ ရမှာပါ။ ဒီလကုန်သွားရင် အဲဒီဂိမ်းလည်း မရှိတော့ပါဘူး။ အဲဒါဆို အဲဒီပစ္စည်းတွေက Limited Edition တွေ ဖြစ်သွားမှာပါ။ ဒါကြောင့်လည်း Facebook ထဲက လူတွေ နေ့ရောညပါ အသည်းအသန် တူးကြဆွကြနေတာပေါ့ဗျာ။ ကိုးနတ်ရှင် သဘောကောင်းတဲ့ နေရာမှာ လတ်တလော နေနေတဲ့ ကျွန်တော်လည်း အဲဒီ စာရင်းထဲမှာ ပါတယ်ဆိုတာကို ဗေဒင်မေးနေရင် ဆန်ကုန်နေပါမယ်လေ။

Wednesday, September 17, 2008

Teresa Teng

Yue liang dai biao Wo de xin သီချင်းလေးကို လိုချင်တာနဲ့ အင်တာနက်မှာ ရှာဖြစ်ပါတယ်။ Youtube မှာလည်း အများကြီးပါ။ Mp3 တွေလည်း ရှိပါတယ်။ အဲဒီ သီချင်းကို ပြန်ဆိုထားတာ Versionမျိုးစုံ ရှိပေမယ့် မူရင်း အဆိုတော်ကို လုံးဝ မမှီပါဘူး။ ရော့ခ်ပဲ ဆိုဆို... ရက်ပ်ပဲ ဆိုဆို... တန်လွှီကျွင်း ဆိုခဲ့သလောက် မကောင်းပါဘူး။ Tian Mi Mi, A Small Town Story, Hai Long, Good Bye My Love စတဲ့ သီချင်းကောင်းတွေလည်း အများကြီးပါ။ သူ့သီချင်းတွေကို မြန်မာပြည်က နွဲ့ယဉ်ဝင်း၊ စိုင်းဆိုင်မော့ဝ်တို့ ကော်ပီပြန်ဆိုထားတာ ရှိကြပါတယ်။ မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ ဆိုတာ Ni Zenme Shuo ဆိုတဲ့သီချင်းကို ပြန်ဆိုထားတာပါပဲ။

ဒါကြောင့် အသံချိုအေးလေးနဲ့ ဆိုတတ်တဲ့ သူ့အကြောင်းကို သိချင်တာနဲ့ Internet မှာ ဟိုဟိုဒီဒီ ရှာဖတ်ဖြစ်ပါတော့တယ်။ ကိုယ်ဖတ်ခဲ့တာကိုလည်း မှတ်တမ်းတင်တဲ့ အနေနဲ့ရော... တခြား စာဖတ်သူတွေကို သိရှိစေချင်တဲ့ အနေနဲ့ရော အခုလို စာတစ်ပုဒ် တင်ဖြစ်သွားခဲ့ပါတယ်။

သူမကို ၁၉၅၃ ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ ထိုင်ဝမ်ကျွန်း ယွီလင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ မိဘတွေကတော့ တရုတ်ပြည်မကြီး ဟာဘေးပြည်နယ်ကနေ ဆင်းသက် ပေါက်ဖွားလာခဲ့တဲ့ သူတွေပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက သူမဟာ အဆိုပြိုင်ပွဲတွေမှာ ဆုများစွာ ချိတ်ခဲ့ပါတယ်။ ၁၉၆၄ မှာ အော်ပရာဇာတ်လမ်း တစ်ခုဖြစ်တဲ့ "The Love Eterne" မှာ နောက်ခံသီချင်း သီဆိုခွင့်ရခဲ့ပါတယ်။ သူမအဖေရဲ့ ပံ့ပိုးအားပေးမှုနဲ့ သူမဟာ အထက်တန်းကျောင်းကနေ ကျောင်းထွက်ခဲ့ပြီး ဂီတလောကထဲကို ခြေစုံပစ် ၀င်ခဲ့ပါတော့တယ်။

ထိုင်ဝမ်မှာ ထုတ်လွှင့်ခဲ့တဲ့ တေးဂီတအစီအစဉ်တွေကြောင့် သူမဟာ ၁၉၆၈ နောက်ပိုင်းမှာ တဖြည်းဖြည်း ကျော်ကြားလာခဲ့ပါတယ်။ ၁၉၇၃ မှာ စတင်ပြီး ဂျပန် အနုပညာလောကကို ထိုးဖောက် နေရာယူခဲ့ပြီး "Best New Singing Star" ဆုကို ရရှိခဲ့ပါတယ်။ တရုတ်လို ဂျပန်လို ဆိုတတ်တဲ့အပြင် ကန်တုံလို အင်္ဂလိပ်လိုလည်း ဆိုတတ်ပါတယ်။ ဒါကြောင့် ကန်တုံစကားပြော တရုတ်တွေရှိတဲ့ မလေးရှား အင်ဒိုနီးရှားနိုင်ငံတွေအထိ အမည်ကျော်ကြားခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး နိုင်ငံရေးတင်းမာမှုတွေကြောင့် သူမရဲ့ သီချင်းခွေတွေကို ၁၉၈၀ ခုနှစ် ရှေ့ပိုင်းတွေမှာ တရုတ်ပြည်မကြီးမှာ ဖြန့်ချီခွင့် မပြုခဲ့ပါဘူး။ ဒါပေမယ့် သူမရဲ့ ဂုဏ်သတင်းတွေ၊ သူမရဲ့ သီချင်းတွေကို ကန့်သတ် ချုပ်ချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ တရုတ်ပြည်ရဲ့ အိမ်တိုင်း၊ ရွာတိုင်း၊ ဆိုင်တိုင်းကို မှောင်ခိုဈေးကွက်ကနေ တဆင့် သူမရဲ့ သီချင်းလေးတွေ ပျံ့နှံ့ရောက်ရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အာဏာပိုင်တွေအနေနဲ့ တားမြစ်ထားတဲ့ ကန့်သတ်ချက်ကို ရုပ်သိမ်းပေးခဲ့ရပါတော့တယ်။

တရုတ်ခေါင်းဆောင် တန်ရှောင်ဖိန် (Deng Xiaoping)နဲ့ မိသားစုမျိုးရိုးစာလုံး အတူတူဖြစ်တဲ့ တန်လွှီကျွင်းကို "Little Deng" လို့ ခေါ်ဆိုကြပါသေးတယ်။ တရုတ်ပြည်မကြီးက တိန်အန်မန်ရင်ပြင်မှာ သီဆို ဖျော်ဖြေခွင့်ပြုဖို့ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် အဲဒီအခွင့်အရေးကို မရှိခဲ့ပါဘူး။ တိန်အန်မန် ကျောင်းသား အရေးတော်ပုံ ဖြစ်ပွါးခဲ့တဲ့ ၁၉၈၉ မှာ ဒီမိုကရေစီရရှိဖို့အတွက် လှုပ်ရှားတဲ့ ကျောင်းသားတွေကို အားပေးတဲ့အနေနဲ့ ပဲရစ်မြို့မှာ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်မိသားစုကနေ ပေါက်ဖွားလာတဲ့ သူမဟာ ၁၉၇၀ နဲ့ ၁၉၈၀ ကာလကြားမှာ တပ်ရင်းတပ်ဖွဲ့တွေဆီကို မကြာခဏ သွားရောက်ပြီး သီဆို ဖျော်ဖြေခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေရဲ့ အသည်းကျော် "Soldier's Sweetheart" တစ်ယောက်အဖြစ်လည်း လူသိများ ထင်ရှားပါတယ်။ သူမရဲ့ သီချင်းတွေဟာ တစ်ကမ္ဘာလုံးက တရုတ်လူမျိုးတွေရဲ့ အသဲနှလုံးကို လှုပ်ခတ်နိုင်စွမ်း ရှိပါတယ်။

၁၉၉၅ မေလ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အားလပ်ရက်ခရီးအဖြစ် အလည်အပတ်လာရင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုကြောင့် အသက် ၄၂ နှစ်အရွယ်မှာ ကြွေလွင့်ခဲ့ရပါတယ်။ အဲဒီ ရောဂါကို လူလတ်ပိုင်း အရွယ်ကတည်းက ခံစားနေခဲ့ရတာပါ။ တစ်ခေတ်မှာ တစ်ယောက်သာ ရှိခဲ့တဲ့ သူမကို ထိုင်ဝမ်နိုင်ငံက နိုင်ငံတော် ဈာပနအဖြစ် ကျင်းပပေးပြီး ဂုဏ်ပြုခဲ့ပါတယ်။ သူမရဲ့ အခေါင်းမှာ ထိုင်ဝမ်အလံကို အုပ်မိုး လွှမ်းခြုံပေးခဲ့ပါတယ်။ ထိုင်ဝမ်နိုင်ငံ သမ္မတ Lee Teng-hui ကိုယ်တိုင် ထောင်ပေါင်းများစွာသော ပရိသတ်နဲ့အတူ ဈာပနအခမ်းအနားကို တက်ရောက် ဂါရ၀ပြုခဲ့ပါတယ်။

သူမရဲ့ ရုပ်အလောင်းကို ထိုင်ဝမ်ကျွန်း မြောက်ပိုင်းက တောင်ကုန်းလေးအပေါ်မှာ တည်ရှိတဲ့ Chin Pao San သင်းချိုင်းမှာ ဂူသွင်းခဲ့ပါတယ်။ အဲဒီ ဂူမှာ သူမရဲ့ ပုံတူ ရုပ်တုကို ထားရှိထားပါတယ်။ စတိတ်ရှိုးတွေမှာ သီဆိုစဉ်က ၀တ်ဆင်ခဲ့တဲ့ အ၀တ်အစားများကိုလည်း ပြသထားရှိသလို သူမရဲ့ သီချင်းတွေကိုလည်း လွှင့်ထုတ်ပေးထားပါတယ်။ သူမရဲ့ အုတ်ဂူဟာ သူမရဲ့ ပရိသတ်တွေ လာရောက် လည်ပတ်တဲ့နေရာအဖြစ် ထိုင်ဝမ်ကျွန်းမှာ ထင်ရှားလှပါတယ်။

Monday, September 15, 2008

The moon represents my heart

ဒီသီချင်းလေးက ၁၉၉၅ မေလ ၈ ရက်နေ့မှာ ဆုံးပါးခဲ့တဲ့ ထိုင်ဝမ်အဆိုတော် တန်လွှီကျွင်းရဲ့ ကျော်ကြားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အဲဒီသီချင်းလေးကို တရုတ်လိုဆိုထားတာပါ။ သိတဲ့အတိုင်း ကျွန်တော် တရုတ်စာကို သိပ်မတတ်ပါဘူး။ ဒီသီချင်းလေးကို နှစ်ပေါင်းများစွာ နားယဉ်ခဲ့ပေမယ့် အဓိပ္ပါယ်ကို အသေအချာ မသိခဲ့ပါဘူး။ ဟိုတစ်စ ဒီတစ်စလေးပဲ သိထားပါတယ်။ အသေအချာ သိတာတစ်ခုကတော့... "လမင်းကြီးဟာ ငါ့အချစ်ကို ကိုယ်စားပြုတယ်" ဆိုတဲ့ ခေါင်းစဉ်လေးပါပဲ။

စနေနေ့ညက Red Cross Home for the Disabled (RCHD) ဂေဟာမှာ အဘွား ၂ ဦးက ကာရာအိုကေ အစီအစဉ်မှာ အဲဒီသီချင်းလေးကို ဆိုသွားပါတယ်။ သူတို့တွေ မပီကလာ ဆိုနေတာကို နားထောင်နေရင်း ဖန်သားပြင်က တရုတ်လိုရေးထားတဲ့ သီချင်းစာတန်းကို သိသလောက်လေး လိုက်ဖတ်ရင်း... တိုးတိုးလေး သီချင်း ညည်းမိပါတယ်။ အဲဒီည တစ်ညလုံး အဲဒီသီချင်း စာသား ဟိုတစ်ပိုင်း ဒီတစ်ပိုင်းတွေ ကျွန်တော် ပါးစပ်ဖျားမှာ ဟီးလေးခိုလို့ပေါ့။ နောက်ရက်တွေမှာလည်း သီချင်းညည်းမိရင် အဲဒီသီချင်းပဲ ဖြစ်နေပြန်ရော။ ဒါနဲ့ပဲ အင်တာနက်ကနေ သီချင်းဖိုင်လေး ရဖို့... သီချင်းစာသားတွေ ရဖို့... အသိမိတ်ဆွေတွေကို မေးမြန်းပြီး ရှာရဖွေရတာပေါ့ဗျာ။ အခုတော့ သီချင်းလေးကို အလွတ်နီးပါး ရသွားပါပြီဗျာ။ သီချင်းစာသားရဲ့ အနက် အဓိပ္ပါယ်ကိုလည်း ပြည့်ပြည့်စုံစုံ ခံစားနားလည်သွားပါပြီ။

ဒီသီချင်းလေးက တကယ်ကို Heart ထိတယ်ဗျာ။ တကယ် တကယ်ပါ... ဗျာ။

Yue liang dai biao wo de xin
By - Teresa Tang

ni wen wo ai ni you duo shen
wo ai ni you ji fen
wo de qing ye zhen
wo de ai ye zhen
yue liang dai biao wo de xin

ni wen wo ai ni you duo shen
wo ai ni you ji fen
wo de qing bu yi
wo de ai bu bian
yue liang dai biao wo de xin

* qing qing de yi ge wen
yi jin da dong wo de xin
shen shen de yi duan qing
jiao wo si nian dao ru jin

* ni wen wo ai ni you duo shen
wo ai ni you ji fen

* ** ni qu xiang yi xiang
ni qu kan yi kan
yue liang dai biao wo de xin

Repeat *
Repeat **


English Translation

You ask me how deep my love for you is,
How much I really love you…
My affection is real.
My love is real.
The moon represents my heart.

You ask me how deep my love for you is,
How much I really love you…
My affection does not waver,
My love will not change.
The moon represents my heart.

* Just one soft kiss
is enough to move my heart.
A period of time when our affection was deep,
Has made me miss you until now.

* You ask me how deep my love for you is,
How much I really love you.

* ** Go think about it.
Go and have a look [at the moon],
The moon represents my heart.

Repeat *
Repeat **

Saturday, September 13, 2008

Together for humanity

စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေး စ၀င်တဲ့ ရုံးက ဖိလစ်ပိုင်တစ်ယောက်က ခေါ်တာနဲ့ အဲဒီနေရာလေးကို ပထမဆုံးအကြိမ် ရောက်ဖြစ်ခဲ့တယ်။ အဲဒီနေရာလေးဆိုတာ Red Cross Home for the Disabled (RCHD) ဆိုတဲ့ ဂေဟာလေးပါ။ Disabled ဆိုလို့ မျက်စိမမြင် နားမကြား ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့သူတွေကို ထားတဲ့နေရာမျိုး မဟုတ်ပါဘူး။ Down Syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံ ချို့ယွင်းနေတဲ့ လူသားတွေကို ပြုစုစောင့်ရှောက်နေတဲ့ နေရာတစ်ခုပါ။ Down Syndrome တွေပဲတင် မဟုတ်ပါဘူး။ Cerebral palsy, Spastic quadriplegia, Muscular dystrophy, Epilepsy စတဲ့ ဝေဒနာရှင်တွေကိုလည်း ပြုစုစောင့်ရှောက်ထားပါတယ်။

သူတို့လေးတွေက မွေးရာပါရောဂါတစ်ခုကို လူ့လောကထဲ သယ်ဆောင်လာခဲ့ရပြီး လူသားတစ်ယောက်၊ ကလေးတစ်ယောက်အနေနဲ့ အပြည့်အ၀ ရပ်တည်ခွင့် မရရှာတဲ့သူတွေပါ။ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကလည်း ပုံမှန်လူသားတစ်ဦးနဲ့ မတူကြပါဘူး။ သူတို့ရဲ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပိုပုကြပါတယ်။ အသားအရေက ပျော့တိပျော့တွဲကြီးတွေ ဖြစ်နေတတ်ပါတယ်။ လျှာက ပါးစပ်ထက် ကြီးနေပြီး အပြင်ကို တစ်လစ်ကလေး ထွက်နေလေ့ရှိပါတယ်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု အားနည်းပါတယ်။

အဲဒီ ဂေဟာလေးကို ၁၉၈၈ ခုနှစ်မှာ စတင်ခဲ့တာပါ။ ဂေဟာမှာ အမြဲတမ်း နေထိုင်တဲ့ ဦးရေကတော့ ၈၈ ဦးရှိပါပြီ။ အသက် ၆ နှစ်ကနေ ၅၅ နှစ် အထိ အရွယ်မျိုးစုံ ရှိကြပါတယ်။ အများစုကတော့ ပြုံးတာ ရီတာလေးနဲ့ ပြန်လည် ဆက်သွယ် တုံ့ပြန်နိုင်ပါတယ်။ ၀ူးဝူးဝါးဝါး မပီကလာတွေ အော်နိုင်ပါတယ်။ တချို့တလေကျတော့ သူတို့ ခေါင်းကလေး၊ ကျောကလေး၊ လက်ကလေးကို ပွတ်သပ်နေတာလေးပဲ ခံစားနားလည်ပါတယ်။ တချို့တွေကတော့ အရောင် လင်းလင်းလက်လက် တောက်တောက်လေးတွေကိုပဲ ခံစားနိုင်ရှာတယ်။ တချို့တွေမှာ ဂီတအသံလေးတွေကိုပဲ ကြားသိခံစားရှာရတယ်။ သူတို့တွေကို ဘယ်လို အဆက်အသွယ် လုပ်ရမယ်ဆိုတာကို တစ်ဦးချင်းစီရဲ့ အမည်ကဒ်ပြားတွေမှာ အမည်၊ မွေးနေ့နဲ့အတူ ဖော်ပြထားပါတယ်။ အဲဒီကဒ်ပြားလေးကို ကုတင်ခြေရင်းမှာ ကပ်ထားပေးပါတယ်။

သက်ရှိလောကကြီးမှာ အထီးကျန်ဆန်ဆန် ဖြတ်သန်းနေရတဲ့ သူတို့လေးတွေအတွက် အကြင်နာ မေတ္တာတွေ၊ အားပေးမှုတွေ၊ ဂရုစိုက်မှုတွေ လိုအပ်နေပါတယ်။ တစ်နေ့တစ်နေ့ ဘီးတပ်ကုလားထိုင်လေးပေါ်မှာပဲ ကုတင်ပေါ်မှာပဲ သူများလုပ်ပေးမှ ကျွေးမှ စားရနေရတဲ့ ဘ၀လေးတွေဟာ တကယ်ကို အထီးကျန်ဆန် ခြောက်သွေ့လွန်းလှပါတယ်။ သီးခြားကမ္ဘာလေးမှာ နေရတဲ့ သူတို့လေးတွေဟာ လူတွေနဲ့ ထိတွေ့ ဆက်ဆံချင်ကြပါတယ်။ ကိုယ်တွေရဲ့ အပြုံးလေးတွေဟာ သူတို့ဘ၀လေးတွေမှာ အလွန်ကို တန်ဖိုးရှိပါတယ်။ ကိုယ်တွေက သူတို့ကို စကားတွေ ပြောနေရင် မျက်လုံးလေး အ၀ိုင်းသားနဲ့ ကြည့်နေတတ်ပါတယ်။ ကိုယ်တွေက သူတို့ လက်ကလေးတွေကို ဆုပ်ထားရင် ငြိမ်ငြိမ်လေးနဲ့ ပြန်ဆုပ်ထားတတ်ပါတယ်။
ကျွန်တော် ရောက်ခဲ့တဲ့အချိန်က ဂေဟာမှာ လမုန့်ပွဲတော် မီးထွန်းပွဲတော် ပြုလုပ်ပေးတဲ့အချိန် ဖြစ်နေပါတယ်။ အခြေအနေ အတော်လေး ကောင်းမွန်တဲ့သူတွေကို ဘီးတပ်ကုလားထိုင်တွေနဲ့ ပွဲကျင်းပတဲ့နေရာမှာ ထားရှိပေးထားပါတယ်။ ပထမဆုံး အစီအစဉ်အနေနဲ့ ဂေဟာမှာ နေထိုင်တဲ့ အဘွား ၂ ယောက်က သီချင်းဆိုပါတယ်။ သူတို့ ဆိုတာကတော့ မပီကလာပေါ့။ ဘေးကနေ ၀ိုင်းပြီး ထောက်ကူပြီး ဆိုပေးရတာပေါ့။ ဒုတိယ အစီအစဉ်ကတော့ RCHD က သူနာပြု ဆရာမလေးတွေနဲ့ ဂေဟာက တချို့ ပါဝင်တဲ့ အကအဖွဲ့က ကပြပါတယ်။ ဂေဟာက လူတွေကတော့ လက်ထဲမှာကိုင်ထားတဲ့ ပန်းပွါးလေးတွေပဲ လှုပ်ပြီးကနိုင်တာပါ။ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကြည့်နေတဲ့သူတွေကလည်း ၀ူးဝူးဝါးဝါးတွေ အော်ပြီး အားပေးကြရှာတယ်။ လက်တွေ ခြေတွေ မြှောက်ကြတယ်။ လှုပ်ကြတယ်။

နောက် မီးထွန်းပွဲတော် ကျင်းပပါတယ်။ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ ပြီးရင် ဓါတ်ပုံတွေကို ချက်ချင်းကူးပြီး ဂေဟာမှာ နေထိုင်တဲ့သူတွေကို ပေးပါတယ်။ သူတို့တွေ အတော်လေး ပျော်ကြပါတယ်။ ကျွန်တော်တို့လို လုပ်အားပေး လာတဲ့သူတွေ အများကြီးပါ။ အနောက်နိုင်ငံက အဖိုးကြီး အဖွားကြီးတွေလည်း ပါပါတယ်။ သူတို့တွေက ဂေဟာကလူတွေကို ကိုယ့်သားသမီးလိုပဲ ယုယုယယ ဆက်ဆံကြပါတယ်။ ပါးကလေးတွေ နမ်းလိုက်၊ ရင်ချင်းအပ်လိုက်နဲ့ ပခုံးလေး ဖက်လိုက် ကြင်နာကြပါတယ်။ မီးပုံးလေးတွေ လိုက်ပြ၊ အစားတွေ ကျွေးလိုက် လုပ်ကြတာပေါ့။ သီချင်းဆိုတဲ့ အဖွဲ့က သီချင်းဆိုပြီး ဖျော်ဖြေသလို ဂီတပညာရှင်တွေကလည်း သူတို့ရဲ ဂီတပညာနဲ့ ပေးဆပ်ကြပါတယ်။

တကယ်ဆို ဂေဟာကလူတွေဟာ ကမ္ဘာလောကကြီးအတွက် ဘာတစ်ခုမှ အကျိုးမပြုနိုင်ရှာတဲ့ လူသားတွေပါ။ ဒါပေမယ့် အဲဒီလို လူတွေကို ၀န်ထုပ်ဝန်ပိုးတစ်ခုလို မပစ်ပယ်ထားပဲ လူပီသစွာ အကြင်နာ မေတ္တာတွေနဲ့ ဖေးကူနေတာကို ကြည်နူးစွာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ လူသားဆန်မှုဆိုတဲ့ ခံစားမှုကို အားလုံး အတူတကွ ခံစား နားလည် ပီတိဖြာခဲ့ရတဲ့ အချိန်ကလေးပေါ့။ ကျွန်တော်အနေနဲ့ လူပီသတယ် လူသားဆန်တယ် ဆိုတာ ဘာလဲဆိုတာကို အဲဒီအချိန်မှာ နက်နက်နဲနဲ ခံစား နားလည် သိရှိသွားခဲ့ရပါတော့တယ်။

Thursday, September 11, 2008

The power of tears - 2

ခင်ပွန်းဖြစ်သူ ပြန်အလာကို မန်ကျန့်နွီလေး စောင့်နေခဲ့တာ အချိန်တွေ တစ်လပြီး တစ်လ ကုန်ဆုံးခဲ့ပါပြီ။ မဟာတံတိုင်းကြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆောင်းရာသီရဲ့ ကြမ်းတမ်းမှုတွေ၊ အစာရေစာ ရှားပါးမှုတွေ စတာတွေကို ရွာကလူတွေ တဆင့် ပြန်ပြောပြလို့ သူမ ကြားသိခဲ့ရပါတယ်။ ဒါကြောင့် ကြမ်းတမ်းလှတဲ့ ရာသီဥတုအောက်မှာ ပင်ပန်းကြီးစွာ အလုပ်လုပ်နေရတဲ့ ချစ်ခင်ပွန်းအတွက် စိုးရိမ်သောက ရောက်နေရရှာတဲ့ မန်ကျန့်နွီလေးဟာ သူ့ခင်ပွန်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီး အ၀တ်တွေ အစားအစာတွေ သွားပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ခရီးက တကယ်တော့ နီးနီးလေး မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မပြင်နိုင်ခဲ့ပါဘူး။ ဒါနဲ့ သူမရဲ့အဖေဟာ သူမကို သွားခွင့်ပြုလိုက်ပြီး အိမ်က အစေအပါးတွေကို အဖော်အဖြစ် ထည့်ပေးလိုက်ပါတယ်။

မန်ကျန့်နွီလေးဟာ တောအထပ်ထပ် တောင်အသွယ်သွယ်ကို အဆင့်ဆင့် ကျော်ဖြတ်လာရသလို မြစ်တွေ ချောင်းတွေကိုလည်း ကူးဖြတ်ရင်း မဟာတံတိုင်းကြီး ဆောက်လုပ်နေတဲ့ တရုတ်ပြည်မြောက်ပိုင်းကို လာခဲ့ရပါတယ်။ ခရီးလမ်းမှာ ဆာလောင်မွတ်သိပ်မှုတွေ၊ ဆောင်းရာသီရဲ့ အအေးဒဏ်တွေ၊ ခြေထောက် နာကျင်မှုတွေကို အံတုရင်း ခရီးဆက်ခဲ့ပါတယ်။ နောက်ဆုံးတော့ မဟာတံတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ရောက်သွားပါတယ်။ ဒါနဲ့ ဟိုလူကို မေး... ဒီလူကို မေးနဲ့ သူ့ခင်ပွန်းအကြောင်းကို စုံစမ်းရှာပါတယ်။ ဒါပေမယ့် သတင်းကောင်း မကြားရရှာပဲ သတင်းဆိုးကြီးကသာ သူမကို ဆီးကြိုနေပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်တဲ့ သူမရဲ့ခင်ပွန်းဟာ ဆုံးပါးခဲ့တာ ကြာလှပါပြီဆိုပဲ။ မဟာတံတိုင်းကြီးရဲ့ အောက်တစ်နေရာမှာ သူ့ခင်ပွန်း အလောင်းကို မြှုတ်နှံထားကြောင်း အလုပ်သမားတွေက ပြောပြကြပါတယ်။

ဒါနဲ့ မန်ကျန့်နွီဟာ သူ့ခင်ပွန်းအလောင်းကို မြှုပ်ထားတဲ့နေရာကို လိုက်ပြပေးဖို့ တောင်းဆိုပါတယ်။ အဲဒီ နေရာကို ရောက်တဲ့အခါမှာ သူမဟာ ၀မ်းနည်းလွန်းလို့ အူလိုက်သည်းလိုက် ငိုကြွေးရှာပါတယ်။ ငိုပြီးရင်း ဆက်ငို... ငိုပြီးရင်း ဆက်ငိုတာ ၃ ရက်တိတိတောင် ဖြစ်လာပါပြီ။ အဲဒီအချိန်မှာ နှင်းမုန်တိုင်းကြီး တိုက်ခတ်ပြီး သူမရဲ့ခင်ပွန်းကို မြှုပ်နှံထားတဲ့အပေါ်က မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးကုန်ပါတယ်။ အဲဒီအောက်မှာ အရိုးတွေက အများကြီးဆိုတော့ ဘယ်အရိုးက သူမရဲ့ ခင်ပွန်းမှန်း မခွဲနိုင်ပါဘူး။ မန်ကျန့်နွီက လက်ညှိုးထိပ်ကို ပါးစပ်နဲ့ ကိုက်ဖြတ်ပြီး သွေးစက်တွေကို အရိုးတွေပေါ်က လိုက်ချတဲ့အခါမှာ သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ အရိုးတွေအထဲကို သွေးတွေ ထိုးဖောက် စီးဝင်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ပဲ သူမခင်ပွန်းရဲ့ အရိုးတွေကို ရရှိခဲ့ပါတော့တယ်။

"မိန်းခလေးတစ်ယောက် ငိုလိုက်တဲ့ မျက်ရည်တွေကြောင့် မဟာတံတိုင်းကြီး ပြိုကျသွားတယ်ဟေ့" ဆိုတဲ့ သတင်းက တိုင်းပြည်အနှံ့မှာ ချက်ချင်း ပျံ့နှံ့သွားပါတော့တယ်။ မဟာတံတိုင်းကြီး ပြိုကျတဲ့ သတင်းဟာ လွှတ်တော်အထိ ရောက်ရှိသွားပြီး ဘုရင်မင်းမြတ် ကိုယ်တော်တိုင် အံ့အားသင့်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေပါတယ်။ ဒါကြောင့် မျက်မြင် ကိုယ်တွေ့ဖြစ်အောင် ဆိုပြီး အဲဒီ မဟာတံတိုင်းကြီး ပြိုကျတဲ့နေရာကို ကြွချီတော်မူလာပါတယ်။ မျက်ရည်များနဲ့ တံတိုင်းကြီးကို ပြိုလဲစေနိုင်တဲ့ အစွမ်းထက်တဲ့ မိန်းခလေးကိုလည်း တွေ့ချင်တာလည်း ပါတာပေါ့ကွယ်။

မန်ကျန့်နွီကို တွေ့လိုက်တဲ့အချိန်မှာ သူမရဲ့ အလှထဲမှာ ယစ်မူးသွားရှာပါတယ်။ ဘုရင်က ပြောရှာပါတယ်... "အရမ်းလှတာပဲကွယ်။ နတ်သမီးလေး တစ်ပါးလား မှတ်ရတယ်။ ငါ့ကိုယ်တော်ကို လက်ထပ်ပါလားကွယ်။"

မန်ကျန်နွီက စဉ်းစားသုံးသပ်လိုက်ပြီး ချက်ချင်း တုံ့ပြန်ပါတယ်။ သူမလိုချင်တာတွေကို ပေးနိုင်ရင် ဘုရင်ကို လက်ထပ်မယ်ပေါ့။ ဘုရင်ကလည်း ဆု ၃ ဆု တောင်းစေဆိုပြီး ခွင့်ပြုပါတယ်။ ပထမဆုံး တောင်းတဲ့ဆုက သူမခင်ပွန်းရဲ့ အလောင်းကို ထည့်ဖို့ အကောင်းစား ခေါင်းတစ်လုံးပါ။ ဒုတိယ တောင်းတဲ့ဆုက ဘုရင်အနေနဲ့ သူမခင်ပွန်းအတွက် နိုင်ငံတော်အဆင့် အသုဘအခမ်းအနားကို ကျင်းပပြုလုပ်ပေးဖို့ပါ။ တတိယဆုကတော့ ဘုရင်အပါအ၀င် မှူးကြီးမတ်ရာ စစ်သည်ဗိုလ်ပါ နန်းတွင်းသူ နန်းတွင်းသား အားလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ် ၀တ်စုံတွေကို ၀တ်ဆင်ပေးဖို့ တောင်းဆိုပါတယ်။ တောင်းထားတဲ့ ဆုတွေက အတော်လေး တရားလွန်နေပေမယ့် ဘုရင်က လက်ခံသဘောတူလိုက်ပါတယ်။

အသုဘအခမ်းအနားကို သူမ ပြောသလို အတိအကျ ပြုလုပ်ပေးပါတယ်။ အကောင်းစား အခေါင်းကြီးကို တင်ထားတဲ့ လှည်းရဲ့နောက်ကနေ ဘုရင်ကိုယ်တိုင် ဦးဆောင်ပြီး အားလုံးသော ၀န်ကြီးတွေ ဗိုလ်ချုပ်တွေ လိုက်လာပါတယ်။ ဂူသွင်းမယ့်နေရာအဖြစ် သူမရွေးချယ်ထားတာက ရေစီးကြမ်းလွန်းလှတဲ့ မြစ်ကြီးအပေါ်က ချောက်ကမ်းပါးတစ်ခုမှာပါ။

ဖန်ရှီးလန်ရဲ့ အသုဘကို လိုက်ပို့တဲ့ တစ်ဖွဲ့လုံး ချောက်ကမ်းပါးပေါ်ကို ရောက်လာကြပါပြီ။ ဘုရင်အပါဝင် အမှုထမ်း အရာထမ်းတွေ အားလုံး ဖန်ရှီးလန်ရဲ့ ဂူကြီးဘေးနားမှာ ထုံးတမ်းစဉ်လာအရ မတ်တပ်ရပ်နေကြပါပြီ။ ဖန်ရှီးလန်ကို ဂူသွင်းပြီးတဲ့အခါမှာ မန်ကျန့်နွီတစ်ယောက် အငိုတိတ်သွားပါတယ်။ ဒူးထောက် ထိုင်နေရာကနေ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပါတယ်။ ပြီးတော့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူကို ဦးညွှတ်ပြီး ဂါရ၀ါပြု အရိုအသေပေးပါတယ်။ အရိုအသေ ပေးပြီးတာနဲ့ ချက်ချင်းဆိုသလို ပြေးထွက်သွားပြီး ချောက်ကမ်းပါးပေါ်ကနေ ရေစီးသန်တဲ့ မြစ်ထဲကို ခုန်ချပြီး ဘ၀ကို အဆုံးစီရင်သွားပါတော့တယ်။

ကဲ... ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ တရုတ်တွေရဲ့ ပါးစပ်ဖျားမှာတော့ အချစ်ကြီးတဲ့ သစ္စာရှင် မန်ကျန့်နွီရဲ့ မျက်ရည်အစွမ်းကို သတိတရ ရှိနေမှာတော့ အမှန်ပါပဲကွယ်။

Wednesday, September 10, 2008

The power of tears - 1

မဟာတံတိုင်းကြီးနဲ့ ပါတ်သတ်တဲ့ နောက်ထပ် ပုံပြင်ဇာတ်လမ်းလေး တစ်ခုရှိပါတယ်။ အဲဒီဇာတ်လမ်းလေးကို ဟိုးငယ်စဉ် ကလေးဘ၀ကတည်းက အဖွားက ပြောပြလို့ ကြားသိဖူးပါတယ်။ အဖွားကလည်း မြန်မာစကား သိပ်မရ... ကိုယ်တွေကလည်း တရုတ်စကားကို နားမလည်နဲ့ မပြည့်မစုံ နားလည်ခဲ့ရတဲ့ ဇာတ်လမ်းလေးပေါ့။ အခုတော့ မဟာတံတိုင်းနဲ့ ပါတ်သတ်တဲ့အကြောင်းတွေကို အင်တာနက်မှာ ရှာရှာဖွေဖွေ လိုက်ဖတ်ရင်း အဲဒီဇာတ်လမ်းလေးကို ပြန်တွေ့မိတာပါ။ ငယ်ငယ်တုန်းက မရှင်းလင်းခဲ့သမျှ အခုတော့ ရှင်းရှင်းလင်းလင်း သိခဲ့ရပါပြီ။ ပုံပြင်ဇာတ်လမ်း ဆိုတဲ့အတိုင်း မျိုးဆက်တစ်ခုပြီးတစ်ခု အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ရတာဆိုတော့ မူကွဲတွေကတော့ အမျိုးမျိုးရှိနိုင်တာပေါ့။ ဒါကြောင့် ကျွန်တော့်ဇာတ်လမ်းနဲ့ တခြားသူတွေ သိတဲ့ဇာတ်လမ်း ထပ်တူထပ်မျှ မတူတာတွေ ဖြစ်နိုင်ပါတယ်။

လွမ်းမျက်ရည်ဆိုတဲ့ ပုံပြင်လေးဟာ မဟာတံတိုင်းကြီးနဲ့ ပတ်သတ်တဲ့ ပုံပြင်လေးတွေထဲမှာ အတော်လေးကို ကျော်ကြားတဲ့ ပုံပြင်လေးပါပဲ။ အဲဒီပုံပြင်လေးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၆၀၀ ကျော်တုန်းက တရုတ်ပြည်မှာ ရွှီဟွမ်တီဘုရင် (အ၀ါရောင် အင်ပါယာ)ခေတ်မှာ မဟာတံတိုင်းကြီး ဆောက်လုပ်မှုကြောင့် ကြေကွဲဖွယ် ဘ၀ အဆုံးသတ်ခဲ့ရတဲ့ ချစ်သူနှစ်ဦးအကြောင်းကို ရေးဖွဲ့ထားပါတယ်။

ပုံပြင်ဆိုတဲ့အတိုင်း... ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ ကျန့်မိသားစုတစ်စု ရှိသတဲ့ကွယ်။ အဲဒီ မိသားစုရဲ့ အိမ်ခြံဝန်းထဲမှာ ထူးဆန်းတဲ့ ဘူးပင်ကြီးတစ်ပင် ရှိသတဲ့။ အဲဒီဘူးပင်ကြီးကနေ အလွန်ကို ကြီးမားလှတဲ့ ဘူးသီးတစ်လုံးက အိမ်နီးချင်း မန်မိသားစုရဲ့ ခြံဝန်းဘက်မှာ သွားပြီး သီးနေပါတယ်။ မန်မိသားစုက အဲဒီ ဘူးသီးကြီးကို ခွဲကြည့်လိုက်တဲ့အခါ ဘူးသီးကြီးထဲမှာ ခလေးမလေးတစ်ဦး ပျော်ပျော်ရွှင်ရွှင် ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ခလေးမလေးကို မန်ကျန့်နွီ (Meng Jiangnu)လို့ အမည်ပေးလိုက်ပါတယ်။ အဓိပ္ပါယ်က မန် နဲ့ ကျန့် အိမ်က သမီးလေးပေါ့ဗျာ။

တစ်ညမှာ မန်ကျန့်နွီရဲ့ အိမ်မက်ထဲမှာ ကွမ်ရင်မယ်တော်က သူ့ကို လာပြီး စကားပြောပါတယ်။ သူ့ရဲ့ လုံလုံခြုံခြုံ ၀တ်ထားတဲ့ ၀တ်ရုံအောက်က အသားအရေကို မြင်တွေ့ခွင့်ရခဲ့တဲ့သူကို လက်ထပ်ယူရမယ်လို့ မိန့်မှာသွားပါတယ်။ သူမကတော့ အိမ်မက်ထဲက အဲဒီစကားကို အတော်လေးကို ယုံကြည်ပါတယ်။ ဒီိလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးခဲ့ရင်း ခလေးမလေး အရွယ်ရောက်လာပါတယ်။ နတ်သမီးလေး တစ်ပါးအမျှ ချောမောလွန်းလှတဲ့ သူရဲ့ အလှဂုဏ်တွေဟာ ကျော်ကြားသထက် ကျော်ကြားလာပါတယ်။

တစ်နေ့မှာ ဘုရင်က မဟာတံတိုင်းကြီး ဆောက်လုပ်ဖို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။ သက်ဦးစံပိုင်ဘုရင် စနစ်ဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ရွေးချယ်စရာ လမ်းမရှိတဲ့အတွက် မဖြစ်ဖြစ်အောင် စီစဉ်ရပါပြီ။ ဒါနဲ့ပဲ အနယ်နယ် အရပ်ရပ်ကနေ လုပ်အားပေးတွေ အတင်းအဓမ္မ ဆင့်ခေါ်ခံကြရပါတယ်။ လုပ်အားပေး ပြည်သူတွေဟာ ကြမ်းတမ်းတဲ့ ရာသီဥတုအောက်မှာ မိုးလင်းမိုးချုပ် မနားတမ်းလုပ်ရပါတယ်။ ပိုက်ဆံ တစ်ပြားမှ မရတဲ့အပြင် အနှိပ်စက်ခံ အကြိမ်းမောင်းခံရတဲ့ ပြည်သူတွေခင်မျာ... ပဒေသရာဇ်ခေတ်ရဲ့ သားကောင် မြေစာပင်လေးတွေ ဖြစ်ကြရတာပေါ့။ ဒါကြောင့် ရှောင်ပြေးလို့ရရင် ရသလို လုပ်အားပေးအဖြစ် ဆင့်ခေါ်ခြင်းကို ရှောင်ပြေးကြပါတယ်။

အဲဒီလို ရှောင်ပြေးတဲ့အထဲမှာ စာပေပညာရှင် တစ်ဦးဖြစ်တဲ့ ဖန်ရှီးလန် ဆိုတဲ့ ကောင်လေးလည်း ပါတာပေါ့။ သူ့မိဘတွေကတော့ ဆုံးသွားရှာပြီဖြစ်လို့ သူ့မိသားစု ကိုယ်စား လုပ်အားပေးအနေနဲ့ သူ့ကို ဆင့်ခေါ်တာပါ။ ဒီလို ရှောင်ပြေးနေတဲ့ သူ့ကို အာဏာပိုင်တွေက ၀ရမ်းပြေးလို့ သတ်မှတ်ပြီး သူပြေးရာ လမ်းတစ်လျှောက်မှာ တောက်လျှောက် ခြေရာခံ ရှာဖွေနေတာပေါ့။ မကြာခင်မှာ သူ့ကို အာဏာပိုင်တွေက ရှာဖွေမိပြီး လိုက်လံ ဖမ်းဆီးပါတော့တယ်။

နောက်က လိုက်တဲ့လူတွေ ရှိနေသလို သူကလည်း ရှေ့ကနေ အားသွန် ပြေးတာပေါ့။ အဲဒါနဲ့ မန်မိသားစုရဲ့ ခြံဝန်းကြီး ဘေးနားက ဖြတ်ပြေးမိပါလေရော။ ခြံဝန်းကြီးက ကျယ်သလို အပင်တွေကလည်း များလှတဲ့အတွက် အာဏာပိုင်တွေ လက်ထဲက လွတ်အောင် ခဏတာ ပုန်းဖို့ အဆင်ပြေလှပါတယ်။ ဒါကြောင့် အုတ်တံတိုင်းကို ကျော်တက်ပြီး ခြံဝန်းထဲက အပင်တွေနောက်မှာ ပုန်းနေလိုက်ပါတယ်။

အဲဒီအချိန်မှာ မန်ကျန့်နွီလေးတစ်ယောက် လက်ထဲမှာ ယပ်တောင်လေးကို ကိုင်ပြီး ခြံဝန်းထဲမှာ လိပ်ပြာ လိုက်ဖမ်းနေပါတယ်။ လိပ်ပြာလေးက ရေကန်လေးကို ဖြတ်အပြေးမှာ သူမက လှမ်းဖမ်းပါတယ်။ ဒါပေမယ့် လိပ်ပြာလေးကို ဖမ်းမမိပဲ ယပ်တောင်လေးသာ ရေထဲကျသွားပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး အထင်နဲ့ သူမရဲ့အင်္ကျီလက်ရှည်ကို လက်မောင်းရင်းအထိ ပင့်တင်လိုက်ပြီး ရေကန်ထဲက ယပ်တောင်လေးကို မမှီတမှီ လှမ်းဆယ်နေပါတယ်။ အပင်နောက်မှာ ပုန်းနေတဲ့ ဖန်ရှီးလန်က အဲဒါကို အစအဆုံး မြင်နေရပြီး ကောင်မလေး ရေထဲကို အရှိန်လွန်ပြီး ပြုတ်ကျသွားမှာကို စိုးရိမ်နေပါတယ်။ ဘယ်လိုမှ မနေနိုင်တဲ့အဆုံးမှာ ညီမရေ... သတိထားပါဗျို့ လို့ လှမ်းအော်မိသွားပါတယ်။

ရုတ်တရက်ဆိုတော့ မန်ကျန့်နွီလေး လန့်သွားတာပေါ့။ သေချာ ပြန်ကြည့်လိုက်တဲ့အခါမှာ ရုပ်ရောချောမော ပြေပြစ်လွန်းတဲ့ လူငယ်လေးဆိုတာ သတိထားမိခဲ့ပါတယ်။ အဲဒီ လူငယ်လေးဟာ သူမရဲ့ လက်မောင်းရင်းအထိ မြင်ထားတဲ့သူ ဖြစ်လို့ ကွမ်ရင်မယ်တော် ပြောခဲ့တဲ့အချက်နဲ့ ကိုက်ညီနေပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦးဟာ မြင်မြင်ချင်းကို ချစ်မိသွားကြပါတယ်။ မိန်းခလေးရှင်ဆီကနေ ခွင့်ပန်ပြီး သူတို့နှစ်ဦး လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုလည်း ညဘက်မှပဲ တိတ်တခိုးလေး ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း... ကံဆိုးမိုးမှောင်ကျဖို့ အချိန်ဖြစ်လာပါပြီ။ ဖန်ရှီးလန် ဘယ်မှာရှိနေသလဲဆိုတာကို သိသွားတဲ့ အာဏာပိုင်တွေဟာ မန်မိသားစုရဲ့ အိမ်ကို ညတွင်းချင်း လိုက်လာပြီး သတို့သားကို ဖမ်းဆီးပြီး မဟာတံတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ပြန်သွားဖို့ ခေါ်သွားပါတော့တယ်။ ကြင်စဦး ဇနီးမောင်နှံဟာ ဒီလိုနဲ့ပဲ အခွဲခံလိုက်ရပါတယ်။ သူတို့နှစ်ယောက် အသက်ရှင်လျှက် ပြန်လည် ဆုံတွေ့ကြမယ်ဆိုတာကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မမျှော်လင့်ရဲပါဘူး။ နှစ်ဦးစလုံးရဲ့ ရင်ထဲမှာ အသည်းနှလုံးတွေ တစ်စစီ ကျိုးပဲ့ ကြေမွနေသလို ဝေဒနာ မျက်ရည်မိုးတွေကလည်း ရပ်တန့်လို့ မရအောင် ရွာသွန်းဖြိုးနေခဲ့ပါတော့တယ်။

Tuesday, September 9, 2008

Bus Explosion at Yangon

ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ အမှတ် ၄၅ လိုင်းက ဘတ်စ်ကားတစ်စီး ဂတ်စ်အိုး ပေါက်ပါတယ်။ လှည်းတန်း လမ်းဆုံအနားမှာရှိတဲ့ စိန်ရတုခန်းမအနားမှာ ပေါက်ကွဲတာပါ။ လူအသေအပျောက် ရှိတယ်လို့လဲ ကြားမိပါတယ်။

ဓါတ်ပုံတွေ တက်လာတာ တွေ့လို့ တဆင့် ပြန်လည် ဝေမျှလိုက်ပါရစေဗျာ။ မူရင်း ဓါတ်ပုံတင်ဆက်သူ NLL ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။















ဖြည့်စွက်။ ။ နိုင်ငံပိုင်သတင်းစာအရ အခုဖြစ်ရပ်မှာ လူအသေအပျောက် မရှိပါဘူးတဲ့ ခင်ဗျာ။ ဒါပေမယ့် ဘာကြောင့် ပေါက်ကွဲရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြသေးပါဘူး။ စုံစမ်း ဖော်ထုတ်နေတယ်လို့ ပြောပါတယ်။ The Voice Journal - Vol-4/No.47 မှာ ပါတဲ့ သတင်းလေးကို ထပ်ဆင့် ဖော်ပြချင်ပါတယ်။


Monday, September 8, 2008

The Ten Brothers

တရုတ်ပြည်က မဟာတံတိုင်းကြီးကို ကြည့်ပြီး လူတွေက ရင်သပ်ရှုမော အံသားသင့်ကြမှာပါ။ တရုတ်တွေရဲ့ ချီးကျူးဖွယ် အံသြဖွယ် ရှေးယဉ်ကျေးမှု လက်ရာတစ်ခုဆိုပြီး သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် အဲဒီခေတ်အခါက မဟာတံတိုင်းကြီး တည်ဆောက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေး ချွေးတပ်စွဲခံရတဲ့ တရုတ်တွေကတော့ သဘောကျ နှစ်ခြိုက်ခြင်း မရှိခဲ့ပါဘူး။

မတရားတဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကြောင့် ဒေါသထွက်ခဲ့ရပါတယ်။ အချိန်နဲ့အမျှ ဒုက္ခတွေ ခံစားခဲ့ရတယ်။ ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ နေ့ညမပြတ် တိုက်ပွဲဝင်ခဲ့ရတယ်။ မြောက်ပိုင်းက လူမျိုးခြားတွေရဲ့ မကြာခဏ ၀င်ရောက် တိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်။ ဒါကြောင့် မဟာတံတိုင်းကြီး တည်ဆောက်စဉ် ကာလမှာ လူတွေ အများကြီး သေဆုံးခဲ့ရတယ်။ သေသွားတဲ့ လူတွေနေရာမှာ အစားထိုးဖို့ နောက်ထပ် လူတွေ အများကြီး ထပ်မံ ဆင့်ခေါ်ခံရတယ်။ အဲဒီလို မကျေနပ်မှုတွေ ခံစားချက်တွေကို ပုံပြင်ဇာတ်လမ်းတွေကနေ တဆင့် ဖော်ထုတ်ခဲ့တာကို တွေ့ရမှာပါ။ အခု ညီအစ်ကို ၁၀ ယောက်ဆိုတဲ့ ပုံပြင်လေးမှာလည်း အဲဒီခေတ်က အနေအထားကို သွယ်ဝိုက်သောနည်းနဲ့ တင်ပြထားတာကို တွေ့နိုင်ပါတယ်။ ပုံပြင်ထဲမှာ လုပ်အားပေးတွေရဲ့ ဆင်းရဲဒုက္ခတွေ၊ အာဏာပိုင်တွေရဲ့ မောက်မာမှုတွေ၊ မဟာတံတိုင်းကြီးကို ပျက်ဆီးစေလိုတဲ့ သဘောတွေ ပါနေတာကို တွေ့ရမှာပါ။

ဟိုးရှေးရှေးတုန်းက တရုတ်ပြည်မှာ ထူးဆန်းတဲ့ ညီအစ်ကို ၁၀ ယောက် ရှိပါတယ်။ နံပါတ် ၁ အစ်ကိုကြီးက အလွန်ဝေးတဲ့ နေရာက အသံကို ကြားနိုင်တဲ့ နားအကြီးကြီး ရှိတယ်။ ဒုတိယ အစ်ကိုကတော့ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက အရာဝတ္ထုတွေကို မြင်နိုင်တဲ့ စွမ်းအင်ရှိတယ်။ တတိယတစ်ယောက်က နွားသိုးလို ခွန်အား သန်မာတယ်။ စတုတ္ထတစ်ယောက်က သံမဏိလို မာလှတဲ့ ဦးခေါင်းရှိတယ်။ နံပါတ်ငါးမှာတော့ သံမဏိလို မာကျောတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါတယ်။ နံပါတ်ခြောက်ကျတော့ အလွန်ရှည်လျားတဲ့ ခြေထောက်တွေနဲ့ပေါ့။ နံပါတ်ခုနစ် တစ်ယောက်မှာ အလွန်ကြီးမားတဲ့ ဦးခေါင်းကြီး ရှိပြန်ရော။ နံပါတ်ရှစ်မှာတော့ အလွန်ကို ကြီးတဲ့ ခြေဖ၀ါးကြီး ရှိနေပြီး နံပါတ်ကိုးမှာတော့ အလွန်ကြီးတဲ့ ပါးစပ်ကြီး ရှိပါတယ်။ အငယ်ဆုံး ညီဖြစ်သူမှာတော့ မြင်သူတကာ ကြောက်ရွှံ့လောက်တဲ့ အလွန်ကြီးမားတဲ့ မျက်လုံးကြီး ရှိတယ်ဆိုပဲ။

တစ်နေ့ လယ်ကွင်းထဲမှာ အလုပ်လုပ်နေတုန်း နံပါတ် ၁ က ငိုနေတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒါနဲ့ နံပါတ် ၂ က လှမ်းကြည့်လိုက်တဲ့အခါ မဟာတံတိုင်းကြီး တည်ဆောက်နေတဲ့ နေရာက အလုပ်သမားတွေ အစာရေစာ ငတ်ပြတ်လို့ ငိုယိုညည်းတွားနေတာကို တွေ့လိုက်ရတာပေါ့။ အဲဒါကို ကြားသိလိုက်ရတဲ့ နံပါတ် ၃ က အဲဒီနေရာကို ကူညီဖို့ နွားသိုးတစ်ကောင်လို ဒေါသတကြီး ဂမူးရှူးထိုး ထွက်သွားပါတယ်။ မဟာတံတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်က အာဏာပိုင် အရာရှိတွေက ဒေါသတကြီး လာနေတဲ့သူ့ကို ဘယ်အတွက် ဘာလာလုပ်သလဲ ဆိုတာကို မမေးတော့ပဲ ရန်ပြုမယ့်လူလို့ပဲ ထင်သွားကြပါတယ်။ အဲဒါနဲ့ သူရဲ့ ဦးခေါင်းကို ခုတ်ထစ်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။

ဒုတိယ အစ်ကိုက အဲဒါကို မြင်လိုက်ရပြီး ပထမအစ်ကိုက ကြားလိုက်ရပါတယ်။ ဒါနဲ့ သူတို့က တခြား ညီအစ်ကိုတွေကို ပြန်ပြောပြပါတော့တယ်။ အဲဒါနဲ့ နံပါတ် ၄ တစ်ယောက်လည်း နံပါတ် ၃ ကို ကယ်ဖို့ အပြေးအလွှား လိုက်သွားပါတော့တယ်။ အာဏာပိုင်ရဲ့တပည့်တွေ ဓါးနဲ့ ၀င်ခုတ်တဲ့အခါ သူ့ဦးခေါင်းကို ထိုးပေးလိုက်ပါတယ်။ အဆက်မပြတ် ခုတ်ချလိုက်တဲ့ ဓါးချက်တွေဟာ မာလွန်းလှတဲ့ သူ့ဦးခေါင်းကြောင့် အချည်းအနှီး ဖြစ်ကုန်ပါတယ်။ ဒါနဲ့ အာဏာပိုင်တွေကို ကိုယ်ခန္ဓာကို ဓါးနဲ့ ခုတ်ထစ်ဖို့ အမိန့်ပေးပြန်ပါတယ်။ အဲဒီအချိန်မှာ နံပါတ် ၅ တစ်ယောက် အပြေးအလွှား ရောက်ရှိလာပြီး သူတို့ရဲ့ ရိုက်နှက် ထိုးခုတ်ချက်တွေကို ကြားကနေ ၀င်ခံပေးပါတယ်။ သံမဏိလို မာလှတဲ့ သူ့ခန္ဓာကိုယ်ဟာ ရဲမက်တွေရဲ့ ထိုးခုတ် ရိုက်နှက်ချက်တွေကို သက်တောင့်သက်သာ ခံနိုင်ပါတယ်။

အဲဒါနဲ့ အာဏာပိုင်တွေက သူ့ကို ပင်လယ်ထဲ ပစ်ချလိုက်ပါတယ်။ နံပါတ် ၆ တစ်ယောက် အချိန်မှီလေး ရောက်ရှိလာပြီး ရေထဲကနေ သူတို့ကို ဆယ်ယူသွားပါတယ်။ သူ့အတွက် ပင်လယ်ဆိုတဲ့ နေရာမှာ အေးအေးဆေးဆေး မတ်တပ်ရပ်နေလို့ ရတယ်လေ။ ပင်လယ်ထဲမှာ လမ်းလျှောက်နေရင်း အလွန်ကြီးမားတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိပါတယ်။ ဒါပေမယ့် အဲဒီငါးကြီးကို သယ်လာဖို့ ခက်နေပါတယ်။ အဲဒါနဲ့ နံပါတ် ၇ တစ်ယောက် ရောက်လာပြီး သူ့ခေါင်းပေါ်က ဦးထုပ်ကြီးကို ချွတ်ပေးပါတယ်။ အဲဒီ ဦးထုပ်ထဲမှာ ငါးကြီးကို ထည့်ပြီး သယ်လာခဲ့ပါတော့တယ်။

အဲဒီလောက်ကြီးတဲ့ ငါးကြီးကို ကင်ဖို့အတွက် ထင်းတွေ အများကြီး လိုပါတယ်။ အဲဒါနဲ့ နံပါတ် ၈ က တောင်ပေါ်ကို တက်သွားပြီး သူ့ခြေထောက်အကြီးကြီးနဲ့ အပင်တွေကို နင်းခြေပြီး ထင်းအဖြစ် ပြောင်းလဲ ဖန်တီးပေးပါတယ်။ အဲဒီကနေ ရလာတဲ့ ထင်းတွေနဲ့ ငါးကြီးကို ကင်ကြတာပေါ့။ မီးကင်ထားတဲ့ ငါးကင် အနံ့က မွေးကြိုင်နေတာပဲ။ ငါးကင့်အနံ့ကြောင့် နံပါတ် ၉ တစ်ယောက်က စိတ်မထိန်းနိုင်တော့ပဲ ငါးကင်ကြီး တစ်ခုလုံးကို သူ့ပါးစပ်ကြီးထဲကို ထည့်ပြီး ၀ါးမျိုလိုက်ပါတော့တယ်။ ဘယ်သူမှ မစားလိုက်ရပဲ နံပါတ် ၉ အစ်ကိုတစ်ယောက်ပဲ စားသွားတာကို အငယ်ဆုံး နံပါတ် ၁၀ က မကျေနပ်ပါဘူး။ ဒေါသထွက်ထွက်နဲ့ ငိုလိုက်တာများ သူ့မျက်လုံးအကြီးကြီးကနေ မျက်ရည်တွေ မျက်ရည်တွေ... ဘူးသီးလုံးလောက် ကျလာပြီး ရေတွေကြီးကုန်ပါတယ်။ အဲဒီ ရေကြီးချက်က ဘယ်လောက်များ ဆိုးသလဲဆိုရင် မဟာတံတိုင်းရဲ့ တချို့အစိတ်အပိုင်းတွေကို ပြိုပျက်စေကုန်ပါတယ် သတဲ့ကွယ်။

Saturday, September 6, 2008

Merlion Statue

စင်္ကာပူကို လာရောက်လည်ပတ်တဲ့ လူတိုင်း လူတိုင်း... စင်္ကာပူရဲ့ အထင်ကရ အမှတ်အသားဖြစ်တဲ့ Merlion ရုပ်တု ရှိရာကို ရောက်ဖူးကြမှာပါ။ အဲဒီနေရာ အနားတ၀ိုက်မှာ ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေကြတာကို တွေ့ကြမှာပါ။ နောက်က ဒူးရင်းသီးကြီးနဲ့ ရိုက်လိုက်.. မိုးထိအောင်မြင့်တဲ့ အဆောက်အအုံကြီးတွေကို နောက်ခံထားပြီး ရိုက်လိုက်... အရုပ်ကြီး ပါးစပ်ကနေ ထွက်လာတဲ့ ရေပန်းကို အောက်ကနေ ပင့်ပြီး မော့သောက်နေတဲ့ ပုံစံမျိုး ရိုက်လိုက်... ဖြတ်သွားဖြတ်လာ အပျော်စီးလှေကို နောက်ခံထားပြီး ရိုက်လိုက်... အစုံကို တွေ့ရမှာပါ။

ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း အရုပ်ကြီးရဲ့ သမိုင်းကြောင်းကို သိရှိပြီးသားဖြစ်တဲ့သူ ရှိသလို မသိသေးတဲ့ သူတွေလည်း ရှိကြမှာပါ။ ရိုးရိုးသားသား ၀န်ခံရရင် စင်္ကာပူကို ရောက်တာ ၁ နှစ်ကျော် ကြာပြီဖြစ်တဲ့ ကျွန်တော်လည်း အခုတလောမှ သိရတာပါ။ အရင်တုန်းက အကြောင်းမညီညွှတ်လို့ မလေ့လာဖြစ်ခဲ့ပါဘူး။ အဲဒီနေရာကိုလည်း ၂ ခါ ၃ ခါလောက်ပဲ ရောက်ဖူးပါတယ်။ Merlion ဆိုတာ Lion ဆိုတဲ့ ခြင်္သေ့နဲ့ Mermaid ဆိုတဲ့ ရေသူမ... စာလုံး ၂ ခုကို ပေါင်းစပ်ထားတာပါ။ မြန်မာလိုဆိုရင် ငါးခြင်္သေ့ပဲလို့ ပြောရမယ် ထင်ပါတယ်။ ခွေးခြင်္သေ့ဆိုတဲ့ အသုံးအနှုန်းလေး ကြားဖူးလို့ အခုဟာကို ငါးခြင်္သေ့လို့ အမည်ပေးလိုက်တာပါ။ ဒါမှမဟုတ် ဘယ်လို ပြောရမလဲပေါ့။ သိသူများရှိရင် ပြောကြပါအုံး။

Merlion logo ကို Fraser Brunner ဆိုသူက စင်္ကာပူ ခရီးသွားလုပ်ငန်းအတွက် ဒီဇိုင်းရေးဆွဲပေးခဲ့တာပါ။ ၁၉၆၄ မတ်လ ၂၆ ရက်နေ့မှာ စင်္ကာပူ ခရီးသွားလုပ်ငန်းရဲ့ အမှတ်တံဆိပ်အဖြစ် စတင် သုံးစွဲခဲ့ပါတယ်။ Trademark အနေနဲ့တော့ ၂ နှစ်ကျော်အကြာ... ၁၉၆၆ ဇူလိုင်လ ၂၀ ရက်နေ့မှာ မှတ်ပုံတင်နိုင်ခဲ့ပါတယ်။

အရုပ်ကြီးကိုတော့ the vice-chancellor of the University of Singapore and Ambassador to the Philippines ဖြစ်တဲ့ Kwan Sai Kheong က ဒီဇိုင်းရေးဆွဲခဲ့တာပါ။ အရုပ်ကြီး ပါးစပ်က ထွက်မယ့် ရေပန်းကိုပါ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ ၁၉၇၁ နိုဝင်ဘာလမှာ စင်္ကာပူလက်မှုပညာရှင် Lim Nang Seng က စတင် ထုဆစ်ခဲ့ပါတယ်။ နမူနာ အရုပ်အသေးလေးရယ် အရုပ်ကြီးရယ် ၂ ခုလုံးကို ထုဆစ်ခဲ့ကြတာပါ။ အဓိက အရုပ်ကြီးက အလွန်ကြီးမားတဲ့အတွက် သူတစ်ယောက်တည်း ထုဆစ်နေရင် အချိန်ကြာမှာဖြစ်လို့ သူ့ရဲ့ သားတွေကိုပါ ၀င်ရောက် ကူညီစေခဲ့ပြီး ၁၉၇၂ သြဂုတ်လမှာ ထုဆစ် ပြီးစီးခဲ့ပါတယ်။

စင်္ကာပူနိုင်ငံရဲ့ National Icon တစ်ခုဖြစ်တဲ့ Merlion အရုပ်ကြီးဟာ ၈.၆ မီတာ မြင့်ပြီး အလေးချိန် တန် ၄၀ ရှိပါတယ်။ အရုပ် အသေးလေးကိုတော့ တစ်ခါတစ်လေ ခြင်္သေ့ပေါက်စလေးလို့ ခေါ်ဝေါ်ကြပါတယ်။ သူက ၂ မီတာ မြင့်ပြီး အလေးချိန် ၃ တန် ရှိပါတယ်။ Merlion အရုပ်ကြီးရဲ့ မူလ ပထမနေရာကတော့ Merlion Park အတွင်းမှာရှိတဲ့ Elizabeth Walk ဆိုတဲ့ လမ်းကလေးရဲ့ ထိပ်ပိုင်း... စင်္ကာပူမြစ်ဝရဲ့ ကမ်းနဖူးမှာပါ။ အခုလက်ရှိနေရာနဲ့ မီတာ ၁၂၀ ခန့် ဝေးပါတယ်။ အဲဒီ အရုပ်ကြီးကို ၁၉၇၂ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီ ၄၅ မိနစ်မှာ စင်္ကာပူဝန်ကြီးချုပ် လီကွမ်းယူက စတင် နေရာချ တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနေ့က လီကွမ်းယူရဲ့ မွေးနေ့ပါပဲ။

မူလနေရာက Merlion နဲ့ Esplanade တံတားကြောင့် အလှပျက်နေတဲ့ Merlion

ဒါပေမယ့် ၁၉၉၇ မှာ ဖွင့်လှစ်ခဲ့တဲ့ Esplanade Bridge ကြောင့် Merlionကြီး အိမ်ပြောင်းဖို့ နေရာရှာရပါပြီ။ တံတားကြောင့် မြင်ကွင်းတွေ ကွယ်ကုန်ပြီး သူရဲ့ အလှအပတွေဟာ မှေးမှိန်သွားရပါတယ်။ အဲဒီလို အိမ်ပြောင်းဖို့ နေရာသစ် ရှာတာက ၂ နှစ်လောက် ကြာပါတယ်။ Singapore Flyer ကြီး ဆောက်ထားတဲ့ နေရာကို ရွှေ့ဖို့လည်း စဉ်းစားကြပါသေးတယ်။ နောက်ဆုံးမှာ Fullerton ဟိုတယ်ရှေ့... အခုလက်ရှိနေရာကို ရွေးချယ်လိုက်ပါတယ်။ အဲဒီနေရာက ၂၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ယခင်နေရာထက် ၄ ဆ ပိုကျယ်ပါတယ်။ အိမ်ပြောင်းတဲ့ စရိတ်က မနည်းမနှောပါပဲ။ စလုံး ဒေါ်လာ 7.5 million ကုန်ကျပါတယ်။ အရုပ်ကြီးကို ဖုန်းရွှေပညာအရ အရှေ့အရပ်ကို မျက်နှာမူစေခဲ့ပါတယ်။ အဲဒီ နေရာသစ် အိမ်သစ်တက်ပွဲကို ၂၀၀၂ စက်တင်ဘာလ ၁၅ ရက်မှာ လီကွမ်ယူ..ကပဲ ဖွင့်လှစ်ခဲ့တာပါ။ စစချင်း နေရာချ ဖွင့်လှစ်ပေးခဲ့တဲ့ ၁၉၇၂ ကနေ ရေတွက်ရင် နှစ်ပေါင်း ၃၀ အကြာပေါ့ဗျာ။

ဆန်တိုစာကျွန်းက Merlion

Merlion အရုပ်ကြီးမှာ ခေါင်းပိုင်းကတော့ ခြင်္သေ့ခေါင်းဖြစ်ပြီး ကိုယ်ပိုင်းကတော့ ငါးကိုယ်လုံးနဲ့ အမြီးပါ။ အရုပ်ရဲ့ အောက်ခြေမှာတော့ ရေလှိုင်းသဏ္ဍာန် ထုဆစ်ထားပါတယ်။ ခြင်္သေ့ခေါင်းက စင်္ကာပူကျွန်းရဲ့ ဒဏ္ဍာရီ သမိုင်းကြောင်းကို တစွန်းတစ ရည်ညွှန်းထားတာပါ။ သမိုင်းနောက်ခံအရ... အေဒီ ၁၁မှာ စင်္ကာပူကျွန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ မင်းသားလေး Sang Nila Utama ဟာ ကျွန်းပေါ်ကို စစရောက်ခါစမှာ ခြင်္သေ့လို့ ထင်ရတဲ့ အကောင်တစ်ကောင်ကို တွေ့လိုက်ပါတယ်။ အဲဒါနဲ့ ကျွန်းကို Singapura သို့မဟုတ် ခြင်္သေ့မြို့တော်လို့ အမည်ပေးခဲ့ပါတယ်။ ငါးကိုယ်လုံးနဲ့ အမြီးကတော့ စင်္ကာပူဟာ ပင်လယ်ထဲက ကျွန်းပိစိကွေးကလေး ဖြစ်တဲ့အလျှောက် တံငါလုပ်ငန်းနဲ့ အစပျိုးခဲ့ရတဲ့ တံငါရွာစင်္ကာပူ ဆိုတာကို ဘ၀မမေ့စေချင်တဲ့ သဘောပါပဲ။

Mount Faber ပေါ်က Merlion

အခု Merlion Park မှာရှိတဲ့ အရုပ် ၂ ခု အပါအ၀င် စင်္ကာပူမှာ ခရီးသွားလုပ်ငန်းက အသိအမှတ်ပြုထားတဲ့ Merlion အရုပ် ငါးခု ရှိပါတယ်။ ပထမတစ်ခုက Orchard Spring Lane က Tourism Court မှာရှိပါတယ်။ အဲဒါကို ၁၉၉၅ မှာ Polymarble များနဲ့ တည်ဆောက်ခဲ့ပါတယ်။ အမြင့် ၃ မီတာရှိပြီ ဖိလစ်ပိုင်ပညာရှင်တွေက တည်ဆောက်ပေးခဲ့တာပါ။ ဆန်တိုစာကျွန်းပေါ်မှာလည်း ၃၇ မီတာမြင့်တဲ့ Merlion အရုပ်ကြီးတစ်ခု ရှိပါတယ်။ အဲဒါကို သြစတေးလျ ပညာရှင် James Martin က ၁၉၉၆ မှာ တည်ဆောက်ပေးခဲ့တာပါ။ အဲဒီ အရုပ်ပေါ်ကနေ ကြည့်ရင် ဆန်တိုစာကျွန်း ပတ်ဝန်းကျင်က ရှုခင်းအလှများကို ခံစားလို့ ရပါတယ်။ နောက်တစ်ခုကတော့ Mount Faber ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ တည်ရှိပါတယ်။ ၃ မီတာမြင့်တဲ့ အဲဒီ Merlion ကိုတော့ ၁၉၉၈ မှာ တည်ဆောက်ခဲ့တာပါ ခင်ဗျာ။

Thursday, September 4, 2008

ICA.Sg

Immigration & Checkpoints Authority ကို အတိုကောက် ICA လို့ ခေါ်ပါတယ်။ စင်္ကာပူကို ၀င်လာတဲ့ နိုင်ငံခြားသားတိုင်း ICA က အရာရှိတွေနဲ့ စကားစမြည် ပြောဆိုဖူးကြမှာပါ။ အနီရောင်စာအုပ် ကိုင်ရတဲ့ ရွှေမြန်မာတွေအဖို့ အလုပ်ရှာဖို့အရေး သူများတိုင်းပြည် အ၀င်မှာ အဲဒီ ICA အရာရှိတွေနဲ့ ရင်ဆိုင်ရတာက ရင်ခုန်စရာ မှတ်တိုင်လေးတစ်ခုပါပဲ။ နေထိုင်ခွင့် ဗီဇာသက်တမ်း ၁ လ ရမလား၊ ၂ ပတ်ပဲ ရမလား စိုးတထိတ်ထိတ်နဲ့ မျက်နှာချိုသွေးခဲ့ရတာလေးတွေ မမေ့လောက်ပါဘူးနော်။ ပိုက်ဆံ ဘယ်လောက် ထုတ်ပြခိုင်းမလဲ။ အင်တာဗျူးအခန်းထဲကို ခေါ်သွားပြီး အသေအချာ အချိန်ယူ မေးအုံးမလား။ လေဆိပ်ကနေ ပြန်လွှတ်လိုက်ရင် ဒုက္ခပဲ။ စသည်ဖြင့် စသည်ဖြင့်...

ICA ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အစိုးရအေဂျင်စီတစ်ခုပါ။ Singapore Immigration & Registration (SIR) နဲ့ Customs & Excise Department (CED) ဌာနနှစ်ခုကို ပူးပေါင်းပြီး ICA အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဧပြီလ ၁ရက်မှာ စတင်ပြီး စင်္ကာပူနိုင်ငံရဲ့ လုံခြုံရေးအတွက် ၀င်ပေါက် ထွက်ပေါက် စခန်းတိုင်းမှာ ကုန်းလမ်း ရေလမ်း လေကြောင်းလမ်းနဲ့ လာတဲ့ ခရီးသည်နဲ့ ကုန်ပစ္စည်းများကို တာဝန်ယူ ကြီးကြပ်စစ်ဆေးပါတယ်။ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းနဲ့ နိုင်ငံသားတွေကို မှတ်ပုံတင်တွေ၊ ပတ်စ်ပို့စာအုပ်တွေ ထုတ်ပေးတဲ့ လုပ်ငန်းတွေကိုလည်း တာဝန်ယူပေးကြပါတယ်။ စင်္ကာပူနိုင်ငံကို လာမယ့် နိုင်ငံခြားသားတွေကို အမျိုးမျိုးသော ပြည်ဝင်ခွင့် ဗီဇာတွေကိုလည်း ထုတ်ပေးပါတယ်။

ICA ရုံးချုပ်ကတော့ တစ်ခုပဲ ရှိပါတယ်။ Student Pass လျှောက်တာတို့၊ PR လျှောက်တာတို့ကို ရုံးချုပ်မှာ လုပ်ရပါတယ်။ ကျောင်းသားကဒ်၊ ပီအာကဒ် ထုတ်တာလည်း အဲဒီရုံးချုပ်မှာပဲ လာရောက်ထုတ်ယူရပါတယ်။ ကဒ်ပျောက်ရင်လည်း အဲဒီရုံးကို လာရောက် အကြောင်းကြားရပါတယ်။ အဲဒီလိုပဲ အလည်အပတ် ဗီဇာဖြစ်တဲ့ Social Visit Pass ကိုလည်း သက်တမ်းတိုးလို့ ရပါတယ်။ ICA ရုံးချုပ်ရဲ့ လိပ်စာက...
Immigration & Checkpoints Authority
ICA Building
10 Kallang Road
(Next to Lavender MRT station)
Singapore 208718

ရုံးဖွင့်ချိန်တွေကတော့ Weekdays - 8.00 am to 5.00 pm, Saturdays - 8.00 am to 1.00 pm ပါ။ တနင်္ဂနွေနဲ့ အများပြည်သူ အားလပ်ရက်တွေမှာတော့ ရုံးပိတ်ပါတယ်။

ကုန်းလမ်းခရီးနဲ့ ၀င်လာမယ့်သူများကို Woodlands Checkpoint နဲ့ Tuas Checkpoint ကနေ စစ်ဆေးပါတယ်။ လေဆိပ်မှာ လူအ၀င်အထွက် စစ်ဆေးတဲ့တစ်ဖွဲ့နဲ့ ကုန်ပစ္စည်းတွေ စစ်ဆေးတဲ့တစ်ဖွဲ့ရှိသလို သဘောင်္ဆိပ်ကမ်းတွေမှာလည်း တစ်ဖွဲ့စီရှိပါတယ်။ အဲဒါအပြင် ကမ်းရိုးတန်းကနေ ၀င်လာမယ့်သူများကို ကိုင်တွယ်ဖို့ အဖွဲ့တွေ ရှိပါသေးတယ်။ Checkpoint တွေကတော့...
Air Checkpoints
* Changi Airport
* Seletar Airport
* Air Cargo Checkpoints

Land Checkpoints
* Tuas Checkpoint
* Woodlands Checkpoint
* Woodlands Train Checkpoint

Coastal Checkpoints
* Singapore Cruise Centre
* Tanah Merah Ferry Terminal
* Changi Point Ferry Terminal
* Changi Ferry Terminal
* Jurong Fishing Port
* Marina South Pier
* West Coast Pier

Port Checkpoints
* Pasir Panjang Scanning Station
* Tanjong Pagar Scanning Station
* Brani Gate
* Tanjong Pagar Gate
* Keppel Distripark
* Sembawang Gate
* Pasir Panjang Terminal Gate 4
* Pasir Panjang Gate 3
* Jurong FTZ Gate
* Jurong West Gate

ICAက ၀န်ထမ်းတိုင်း ယူနီဖောင်း ၀တ်ကြပါတယ်။ ရာထူးအဆင့်အတန်းပေါ် မူတည်ပြီး တပ်ဆင်ရတဲ့ ရာထူးတံဆိပ်တွေ ကွာခြားပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ဆက်ဆံရတဲ့ ၀န်ထမ်းရဲ့ ရာထူးကို သိရှိရလေအောင် ရာထူးတံဆိပ်တွေကို ဖော်ပြချင်ပါတယ်။

Home Affairs Services - ICA Senior Scheme


Home Affairs Services - ICA Specialist Scheme


Credit: http://www.ica.gov.sg/

Wednesday, September 3, 2008

My recent viewpoint

သမီးငယ်လေး ရွှန်းတီ (အမှန်က ရွှန်းမီ)က ဦးဦးဇူလိုင်ကို ဘယ်အချိန် ချောက်ချလိုက်မှန်း မသိအောင် တိုးတိုးတိတ်တိတ်လေး ချောက်ချထားပါတယ်။ ဒါပေမယ့် Tag ထားကြောင်းကို ကိုယ်တိုင်ကိုယ်ကျ cboxမှာ သတင်းလာမပို့လို့ Tag ထားမှန်း မသိဘူး ဖြစ်နေတယ်။ ဒီနေ့ သူ့ဘလော့ကို ရောက်မှ Tag ထားကြောင်း သတိထားမိတယ်။ ချင်းမလေးကလည်း ဒီနေ့မှ cboxမှာ Tag ကြောင်း လာအော်သွားတယ်။

ငယ်စဉ် ကလေးဘ၀ ကျောင်းတက်တုန်းကလည်း စာသင်နှစ်တွေ ကုန်ခါနီးရင် အခန်းထဲက သူငယ်ချင်းတွေနဲ့ အဲဒီလို စာလေးတွေ ရေးဖူးတာကို ပြန်သတိရမိပါတယ်။ အခုလို အိုကြီးအိုမ ဒီအသက်အရွယ် ရောက်တော့မှ တစ်ခါ ပြန်ရေးခိုင်းတော့လည်း သူငယ်ပြန်ချင်တာနဲ့ အတော်ပဲဆိုပြီး ချော်လဲရောထိုင်ရင်း လတ်တလော ခံယူချက် အမြင်လေးတွေကို အမှတ်တရအနေနဲ့ ရေးပေးလိုက်ပါမယ်။

ကိုယ့်ရဲ့နာမည် - ကိုဇူလိုင်။
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဟေ့ယောင်၊ ကျန်ဇီမင်း၊ ကော်ဂျူဒိုင်း။
ကိုယ်ဒီမှာနေတယ် - ၃၁ ဘုံထဲက လူ့ပြည်လူ့လောက။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဆက်မှာလည်း မဟုတ်တော့ ပေးမနေတော့ပါဘူး။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - အဖြူရောင်။
အ၀တ်အစားဆိုရင် - လည်ကတုံးနဲ့ ပုဆိုး။
အစားအစာဆိုရင် - ဗမာအစားအစာတွေ (တရုတ်စာ သိပ်မကြိုက်)။
ပစ္စည်းဆိုရင် - ၀ယ်မယ့်ဝယ် အကောင်းဆုံးဆိုတာပဲ ၀ယ်ချင်တယ်။

သီချင်းဆိုရင် - ရွှေလည်တိုင် (ခိုင်ထူး)၊ ဒီမိုး (ဂျေညီညီ)။
စာရေးစာဆရာ - အများကြီးပဲ။
စာအုပ် - ကျွန်တော့်ကမ္ဘာကို ပြောင်းပစ်သူများ...။
Life style – ရိုးရိုးရှင်းရှင်း ဘ၀လေးတစ်ခု။

ကိုယ့်ရဲ့ဝါသနာ - ကွက်လပ်ဖြည့်တာ...။
အလိုချင်ဆုံးလက်ဆောင် - Henry Dunant Medal ဆုတံဆိပ်ကြီး...။
ကိုယ့်ရဲ့ အချစ်ဆုံးသူက - သူလေ...။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ယုံကြည်ရတဲ့ လူသားတစ်ဦး နဲ့ ဟင်နရီဒူးနန့်...။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - သူငယ်ချင်း လူမှုကရုဏာရှင်တွေ...။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အရိပ်စစ်...။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ဒင်းတို့ပေါ့ဗျာ။
ရင်အခုန်ဆုံးအချိန် - မိတ်ဆက်ကြွားနေတဲ့ အချိန်တုန်းကပေါ့။
အကြောက်ဆုံးအချိန် - များများစားစား မရှိပေမယ့် နည်းနည်းလေးလည်း မဟုတ်ပါဘူး။
အပျော်ဆုံးအချိန် - ကြယ်ငါးကောက်နေတဲ့ အချိန်။
အမှတ်တရနေ့ - ကျွန်တော်ရဲ့ကမ္ဘာ ၀၇ ၀၇...။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - ဒီအိပ်မက်လေးကို အကောင်အထည် ဖော်ချင်တယ်။

အချစ်ဆိုတာ - အသက်နဲ့အမျှ ပေးဆပ်ခြင်းတစ်ခုပေါ့။
အမုန်းဆိုတာ - အချစ်ရဲ့ နံရံတစ်ဘက်ခြားလေးပါ။
အလွမ်းဆိုတာ - အတွေးပန်းချီ တစ်ခုပါပဲ။
သံယောဇဉ်ဆိုတာ - ငယ်သူမို့ မသိခဲ့ဘူးလေ။
ဘ၀ဆိုတာ - ငွေနဲ့ပဲ အချိန်မကုန်သင့်ဘူး။ တန်ဖိုးတစ်ခု ရှိသင့်တယ်။
သူငယ်ချင်းဆိုတာ - ပြသနာပေါင်း သောင်းခြောက်ထောင်
ချစ်သူဆိုတာ - မပန်ခင်မှာ မခြွေရက်ဘူးလေ။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - လူ့ဂွစာ တစ်ယောက်... ဂျစ်ပစီ တစ်ယောက်...။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်"
အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ့်အတွက်ပဲ မကြည့်ပါနဲ့။ အဲဒါဆို ဘ၀က ပျင်းစရာကြီးဗျာ။

ကဲ... အစဉ်အလာအရ ဆက်ပြီး လက်ဆင့်ကမ်း Tag ပါမယ်။
အစ်မ ခင်မင်းဇော်...
ခင်မမမျိုး...
နှင်းဆီနီနီ...
အနီရောင်နှင်းဆီအိမ်မက်...
အတွေးရပ်ဝန်းထဲက ဆုဝေ...
သံယောဇဉ်ကြီးတဲ့ အလွမ်းပြေ...
ကဗျာချစ်သူ မြေးမလေး ကြေးအိုး...
နားခိုရာ ကိုလပိစိကွေး...
ရွာသားလေး (YTU)... အချိန်ရရင် ရေးပေးတော်မူကြပါခင်ဗျာ။

Tuesday, September 2, 2008

Bloodbank@HSA

စင်္ကာပူမှာ နေထိုင်ခွင့်တစ်မျိုးမျိုးနဲ့ (ဥပမာ... Work Permit, Student Pass, EP, PR) နေထိုင်ခွင့်ရသူတိုင်း ကျန်းမာရေး ကောင်းမွန်ရင် သွေးလှူဒါန်းနိုင်ပါတယ်။ သွေးလှူဒါန်းချင်ပေမယ့် သွေးဘဏ် ဘယ်မှာရှိတယ် ဘယ်လို သွားရမလဲ... ဆိုတာကို မသိသေးတဲ့သူများ ရှိပါတယ်။ ဒါကြောင့် သွေးဘဏ်ကို ဘယ်လို သွားမလဲ ဆိုတာကို ပြောပြချင်ပါတယ်။

စင်္ကာပူမှာ သွေးဘဏ်တစ်ခုပဲ ရှိပါတယ်။ လိပ်စာက 11 Outram Road, Singapore 169078 ပါ။ Outram Park MRT Stationနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။ အစိမ်းရောင်လိုင်းကနေ သွားတာ ကောင်းပါတယ်။ ခရမ်းလိုင်းက လာမယ်ဆိုရင် အစိမ်းလိုင်း ထွက်ပေါက်ကနေ ထွက်ပါ။ အနီလိုင်းမှာ နေတဲ့သူတွေအဖို့ Jurong East MRT ကနေ အစိမ်းလိုင်းကို ရထားပြောင်းစီးလို့ရသလို City Hall MRT ကနေလည်း အစိမ်းလိုင်းပေါ် တက်လာလို့ ရပါတယ်။


ဘူတာကနေ ထွက်လိုက်တာနဲ့ ကားလမ်းတစ်ခုခြား မျက်နှာချင်းဆိုင်မှာ Health Sciences Authority (HSA) ဆိုတဲ့ အဆောက်အဦးကြီးကို မြင်ရမှာပါ။ အဲဒီမှာ Blood Bank ဆိုတဲ့ နဖူးစီးကြီးကိုလည်း မြင်ရမှာပါ။ ကားလမ်းကို လူကူးမျဉ်းကြား မီးပွိုင့်က ကူးလို့ရသလို ဂုန်းကျော်တံတားကနေ ကူးရင်လည်း ရပါတယ်။ ဂုန်းကျော်တံတားက ကူးရင် နေပူပူ မိုးရွာရွာ အမိုးအကာအောက်က သွားရတာဖြစ်လို့ အဆင်ပြေပါတယ်။ ပြီးတော့ ဂုန်းကျော်တံတားမှာ စက်လှေခါး တပ်ပေးထားတော့ အတက်မှာ သိပ်မပင်ပန်းဘူးပေါ့။ သွေးလှူမယ့် လူအနေနဲ့ အင်အားစိုတ်ထုတ်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ထားတာ အကောင်းဆုံးပဲလေ။

သွေးဘဏ်က ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်က Centre for Transfusion Medicine (CTM) ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ အဲဒီ CTM က သွေးစုဆောင်းမှုတွေ၊ သွေးမှာ ရောဂါ ရှိမရှိ စစ်ဆေးမှုတွေ၊ သွေးလိုအပ်တဲ့ ဆေးရုံတွေကို သွေးဖြန့်ဝေမှုတွေကို အဓိက တာဝန်ယူ လုပ်ဆောင်ရပါတယ်။ ဆေးရုံဆိုတာမှာ နိုင်ငံပိုင်ဆေးရုံတွေအပြင် ပုဂ္ဂလိကဆေးရုံတွေမှာ သွေးလိုအပ်ရင်လည်း သွေးဘဏ်ကနေတဆင့် ဖြန့်ဖြူး ကူညီပေးပါတယ်။



သွေးဘဏ် ဖွင့်တဲ့အချိန်ကတော့ အောက်မှာ ဖော်ပြထားပါတယ်။
  • Tuesdays to Thursdays: 9.00am – 6.30 pm
  • Fridays: 9.00am – 8.00pm
  • Saturdays: 9.00am – 4.30pm
  • Sundays: 9.00am – 2.00pm
  • Mondays & Public Holidays: Closed
တနင်္လာနေ့နဲ့ အများပြည်သူ ရုံးပိတ်ရက်မှာ သွေးဘဏ် ပိတ်ပါတယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ လာလှူတဲ့သူက အများဆုံးပါပဲ။ ရုံးဖွင့်တဲ့ ကြားရက်တွေလည်း လှူတဲ့လူတွေ ရှိပါတယ်။ တချို့က မွေးနေ့ အထိမ်းအမှတ်အနေနဲ့ လာရောက် လှူဒါန်းကြပါတယ်။

ဒီမှာက သုံးလ တစ်ကြိမ် သွေးလှူဒါန်းခွင့်ပေးပါတယ်။ မြန်မာပြည်မှာက လေးလ တစ်ကြိမ်ပါ။ ကြည့်ရတာ အစားအသောက်တွေမှာ အစာအာဟာရဓါတ် ပြည့်ဝမှုနဲ့ နေ့စဉ် အလုပ်တွေမှာ အင်အား စိုက်ထုတ်ရမှု နည်းတဲ့အတွက် အခုလို သုံးလ တစ်ကြိမ် လှူဒါန်းခွင့်ပြုတာ ဖြစ်မယ်လို့ ထင်မိပါတယ်။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး သွေး မီလီလီတာ ၃၀၀ ကနေ ၄၅၀ ကြား ထုတ်ယူပါတယ်။ သွေးလှူဒါန်းမှု ကြာချိန်က လူတစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။ ပိုက်ကနေ သွေးစီးဆင်းမှု အားကောင်းရင် ကောင်းသလို အချိန်မြန်ပါတယ်။ ပျဉ်းမျှအားဖြင့် ၁၀ မိနစ်ထက် ပို မကြာပါဘူး။ သွေးလှူဒါန်းမှု အစအဆုံးက နာရီဝက်လောက်ပဲ အချိန်ပေးရတာပါ။ ကိုယ်ရဲ့ နာရီဝက် အချိန်လေး ပေးဆပ်မှုက တစ်ပါးသူရဲ့ အသက်ကို ကယ်တင်နိုင်တာကြောင့် သွေးလှူဒါန်းကြပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။